အမေရိကန်နဲ့ အိမ်ယာမဲ့ပြဿနာ

အမေရိကန်မှာရော ကမ္ဘာမှာပါ အိမ်ယာမဲ့ပြဿနာ ရှိတယ်ဆိုရင် မြို့ကြီးမြို့လတ်တွေမှာပဲ ဖြစ်ကြတာပါ။ အမေရိကန်မှာ မြို့ကြီးတွေအားလုံးလိုလိုနဲ့ မြို့လတ်တွေရဲ့ ၉၀ရာနှုန်းလောက်က ဒီမိုကရက်တွေပဲ ဆက်တိုက် အုပ်ချုပ်လာကြပြီး အများစုမှာ ပိုဆိုးလာကြတာဆိုတော့ ပေါ်လစီပိုင်းကလည်း အရေးကြီးတဲ့နေရာက ပါတယ်လို့ ဆိုရပါမယ်။ ပေါ်လစီလဲကောင်း၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ အစိုးရတို့ ပူးပေါင်းပြီး နိုင်နိုင်နင်းနင်း ကိုယ်တွယ်တဲ့ နေရာတွေမှာ လျော့ကျသွားတာတွေ ရှိပေမယ့် အများစုမှာတော့ အိမ်ယာမဲ့ဦးရေက တိုးလို့သာ လာနေပါတယ်။ ဒါဆိုရင် အိမ်ယာမဲ့ပြဿနာက ရှင်းလို့မရတော့ဘူးလားဆိုရင်တော့ ရှင်းလို့ရပါတယ်။

အောင်အောင်မြင်မြင်ဖြေရှင်းဖို့အတွက် အရှေ့မှာ အောင်မြင်ခဲ့ဖူးပြီးဖြစ်တဲ့ နည်းလမ်းတွေကနေ လေ့လာရင် မမှားပါဘူး။ မအောင်မြင်တဲ့နည်းတွေကိုချည့် ထပ်တလဲလဲလုပ်နေရင်တော့ ငွေတွေအချိန်တွေကုန်ပြီး ဒုံရင်းပဲ ဖြစ်နေမှာပါ။ ပိုဆိုးတာက ခုနောက်ပိုင်း အပြာမြို့ကြီးတွေမှာ လုပ်လာတဲ့ပေါ်လစီတွေဟာ အခြေအနေမဲ့တွေအပေါ် ကရုဏာသက်သယောင်ခေါင်းစဥ်အောက်က ရက်စက်လှတဲ့ အစီအစဥ်တွေ ပါလာနေတာဖြစ်ပါတယ်။ ပေါ်လစီပိုင်း ပြောင်းလိုက်တာနဲ့ ဘယ်လောက်ထူးခြားသွားတယ်ဆိုတာကို ကယ်လီဖိုးနီးယား တပြည်နယ်ထဲက ဆန်ဖရန်စစ္စကိုနဲ့ ဆန်ဒီယေးဂိုးတို့ကို ယှဥ်ကြည့်ရင် သိနိုင်ပါတယ်။

အများစုက အိမ်ယာမဲ့ပြဿနာကို ဆင်းရဲမွဲတေမှုပြဿနာအနေနဲ့ အမှတ်မှားနေကြပါတယ်။ အိမ်ယာမဲ့ရတာဟာ အိမ်ဈေး အိမ်ငှားခတွေ ဈေးကြီးလို့ မတတ်နိုင်ကြတဲ့အတွက် လမ်းပေါ် ရောက်ကုန်ကြတာလို့ မှတ်ယူကြပြီး အိမ်ယာစီစဥ်ပေးဖို့ကိုပဲ နှိုးဆော် အာရုံထားကြပါတယ်။ တကယ်တမ်းမှာက အိမ်ယာမဲ့ဖြစ်ကြသူတွေအများစုက ဆေးစွဲတဲ့ပြဿနာကြောင့် အလုပ်ပြုတ် အလုပ်မရှာနိုင်ကြတာတွေအပြင် စိတ်ရောဂါရှိသူတွေ ဖြစ်နေတာပါ။

ဆန်ဖရန်စစ္စကိုမှာ ဆေးစွဲနေသူ အိမ်ယာမဲ့တွေအပေါ် သနားကြင်နာတယ်လို့ အကြောင်းပြပြီး ဘယ်လိုနေနေ ဘယ်လိုခိုးခိုး ခွင့်ပြုထားတဲ့အပြင် သူတို့တွေ ရေလာချိုး၊ တခါတခါညလာအိပ်၊ စတဲ့ အစိုးရကစီစဥ်ပေးထားတဲ့နေရာမှာ အခမဲ့ ဆေးထိုးအပ်တွေ ထားပေးပြီး ဘယ်လိုစနစ်တကျထိုးရမယ် ဆိုတာကိုပါ လမ်းညွှန်ပုံတွေ စာတွေနဲ့ ကပ်ပေးထားပါတယ်။ ဒါဟာ ဆေးဖြတ်ဖို့ အကူအညီလိုအပ်နေသူတွေအတွက် အဆိုးဆုံးဝန်ဆောင်မှုပါ။

ဆေးစွဲနေတဲ့သူအပေါ် အကြင်နာဆုံးအလုပ်က ဆေးပြတ်အောင် လုပ်ပေး၊ ဆေးပြတ်ရင် ယာယီနေစရာပေး၊ အလုပ်ကူရှာပေးပြီး လူ့ဘောင်ထဲ လက်တွဲခေါ်လာဖို့ပါ။ ဆေးပြတ်ပြီး အလုပ်အကိုင်လေးနဲ့ လူ့ဘောင်ထဲမှာ ပြန်ဝင်ဆန့်သွားရင် အခြေအနေမဲ့ဘဝကို ပြန်သွားချင်မယ့်သူ ရှားပါလိမ့်မယ်။

ဆန်ဒီယေးဂိုးမှာတော့ ရာဇဝတ်မှုကျူးလွန်တာကို သည်းမခံသလို လမ်းတွေပေါ်မှာ တဲ(တန့်)ထိုး နေတာကြတွေကို လုံးဝ ခွင့်မပြုပါဘူး။ ဆေးစွဲနေကြသူတွေကို ဆေးဖြတ်ဖို့ ကူညီပေးကြသလို ဆေးပြတ်သွားရင် ယာယီနေလို့ရတဲ့နေရာတွေ တိုးချဲ့ဆောက်လုပ်ပေးပါတယ်။ လမ်းပေါ်မရောက်ခင် ကားပေါ်မှာ နေကြရသူတွေအတွက် စည်းကမ်းသတ်မှတ်ထားတဲ့ ညကားပါကင် သတ်မှတ်ပေးထားပြီး တကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ ကအစ အလုပ်ရှာဖို့အဆုံး စီစဥ်ပေးထားတဲ့ အတွက် အဲဒီထက် ဆိုးမလာတော့ပဲ ကိုယ့်ဖာသာကိုယ်အိမ်ခန်းငှားနေနိုင်တဲ့အထိ ပြန်ရောက်သွားကြပါတယ်။ ဒီလိုနဲ့ပဲ ၂၀၁၉မှာ ဆန်ဒီယေးဂိုးရဲ့ အိမ်ယာမဲ့ဦးရေ ၅၀၀၀ကျော် လျှော့ချနိုင်ခဲ့ပါတယ်။

နောက်တချက်ကလည်း အစိုးရက အပေါ်ကနေ ဝင်စီမံတာက အောက်ခြေကလိုအပ်ချက်နဲ့ ကွာဟတတ်တာ များပါတယ်။ အိမ်ယာမဲ့တွေကို ကူညီဖို့ အကောင်းဆုံးနည်းက လူ့အဖွဲ့အစည်းရဲ့ ပူးပေါင်းပါဝင်မှုပါ။ အသိုင်းအဝိုင်းလေးနဲ့ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေ ရှိနေပါလားဆိုတဲ့အသိက အခြေအနေမဲ့တွေအတွက် အကြီးဆုံးအားဆေးဖြစ်ပါမယ်။ ဘာသာရေးအဖွဲ့တွေ လူမှုရေးအဖွဲ့တွေ စုပေါင်းဝိုင်းဝန်းကြတဲ့ လူ့အဖွဲ့အစည်းမှာ အိမ်ယာမဲ့လိုမျိုး လူမှုပြဿနာတွေ နည်းပါတယ်။

ဒါပေမယ့်လည်း ဒီမိုကရက်အစိုးရတွေက အိမ်ယာမဲ့တွေအတွက် အစီအစဥ်မှာ ဘာသာရေး လူမှုရေးအဖွဲ့တွေကို ဝင်အကူမခံပါဘူး။ ဝင်ကူတဲ့သူတွေကိုလည်း အခွန်လိုက်စစ်တာ၊ တခြား ဘယ်တွေလှူထားသေးလဲဆိုတာမျိုးတွေ၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကို လှူလည်းဆိုတာတွေနဲ့ လိုက်ကြပ်ကြပါတယ်။ ကိုယ့်စားရိတ်နဲ့ကိုယ် ဝင်ကူကြတဲ့သူတွေကို အကူမခံပေမယ့် သူတို့ရဲ့ မအောင်မြင်တဲ့နည်းတွေပဲ ထပ်တလဲလဲ သုံးနေတာကြောင့် အိမ်ယာမဲ့ပြဿနာဟာ ကြီးထွား လာပါတယ်။

အဲဒါကို ဖြေရှင်းဖို့ ဘတ်ဂျက်အကြီးကြီး လိုကြောင်းပြပြီး တိုးသထက်တိုးယူကြတာပါပဲ။ ပြည်သူ့အခွန်တွေသာ ကုန်သွားတယ်၊ အိမ်ယာမဲ့ပြဿနာတွေက လျော့မသွားပဲ တိုးမြဲတိုးဆဲ ဖြစ်နေတာ များပါတယ်။ အိမ်ယာမဲ့ပြဿနာက ပိုဆိုးလာနေပေမယ့် အာဏာလက်ရှိနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ကန်ထရိုက်တွေရ အိတ်တွေဖောင်းကြတာဆိုတော့ ရွှေဥဥတဲ့ငန်းလိုပဲ ပျော်အောင် ပိုပွားစီးလာအောင် “ဥ”ထားကြတော့တာ ဖြစ်ပါတယ်။

အိမ်ယာမဲ့တွေ နည်းမသွားတာ/တိုးလာတာတွေက ပေါ်လစီပိုင်းနဲ့ဆိုင်တဲ့ နောက်ဥပမာတခုက LA နဲ့ ကပ်လျက်မြို့တခုဖြစ်တဲ့ ကူလ်ဗာစီးတီးမြို့နှစ်မြို့ ဖြစ်ပါတယ်။ အဲဒီနှစ်မြို့ကို ဆက်ထားတဲ့ တံတားအောက်က LA ပိုင်တဲ့အပိုင်းမှာ အိမ်ယာမဲ့တွေရဲ့ ယာယီတဲတွေနဲ့ ပြည့်နေပြီး ကူလ်ဗာစီးတီးဘက်မှာ ရှင်းနေတာကို တွေ့ပါမယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ ကူလ်ဗာစီးတီး ဥပဒေအရ အများပိုင်နေရာပေါ်မှာ နေထိုင်ခွင့် မပြုတဲ့အပြင် အဆိုပါဥပဒေကိုလည်း တိတိကျကျ လိုက်နာစေတာဖြစ်ပါတယ်။ အယ်လ်အေကတော့ တခြားမြို့ကြီးတွေလိုပဲ အိမ်ယာမဲ့တွေအတွက် ဘာဥပဒေကိုမှ လိုက်နာစရာမလို ကိုယ့်သဘောနဲ့ကိုယ် ဆေးသုံးပြီး နေလို့ရသလို မောင်းထုတ်မှာလည်း မဟုတ်ကြတဲ့အတွက် တခြားဒေသတွေကပါ လာရောက်စခန်းချနေကြတာပါ။

နယူးယောက်၊ အယ်လ်အေ၊ ဆန်ဖရန်၊ ဆီယက်တဲလ်၊ ဥက္ကလံ၊ ဆန်ဟိုဆေး၊ စတဲ့ လူနေမှုစရိတ် အကြီးဆုံးမြို့တွေမှာမှ အိမ်ယာမဲ့တွေ လာစုနေတာကလည်း စဥ်းစားသင့်တဲ့အချက်တခု ဖြစ်ပါတယ်။ တကယ် အိမ်ယာနဲ့ နေချင်တယ်ဆိုရင် အလုပ်အကိုင်ရှာပြီး ဈေးလည်းသက်သာတဲ့ တနေရာရာမှာ နေဖို့ ဖြစ်နိုင်နေတာပါပဲ။ နိုင်ငံခြားက ရောက်ခါစ စကားလည်း မပေါက် ငွေလည်း စို့စို့ပို့ပို့ မပါလာတဲ့သူတွေတောင် အိမ်ယာမဲ့မဖြစ်ပဲ အမေရိကန်တွေက ဖြစ်နေတာဆိုတာက မေးခွန်းထုတ်စရာဖြစ်ပါတယ်။

အကြောင်းကြောင်းတွေကို စစ်ကြည့်လိုက်ရင် မြို့ကြီးတွေမှာ အိမ်ယာမဲ့တွေ စုပုံနေရတဲ့ အကြောင်းရင်းက အိမ်ယာမဲ့တွေကို ပေးတဲ့ ဝန်ဆောင်မှုတွေကောင်းတာရယ်၊ ဆေးခြောက်/ မူးယစ်ဆေးကို တရားဝင် သုံးလို့ရတာရယ်၊ တရားမဝင်တာသုံးရင်တောင် မဖမ်းဆီးတာရယ်၊ လမ်းပေါ်/ပန်းခြံတွေမှာ တဲထိုးနေနိုင်နေတာရယ်၊ လမ်းပေါ်ဆေးသုံး၊ အညစ်အကြေးစွန့်တာတွေကို အရေးမယူတာရယ်၊ သူတို့နေချင်သလိုနေ ဆေးချချင်သလို ချနိုင်ဖို့ လိုအပ်တဲ့ပိုက်ဆံကို ခိုးတာတွေကနေ လွယ်လွယ်ရနေတာရယ် စတာတွေဖြစ်ပါတယ်။ မြို့ကြီးတွေက ရဲမုန်းပြီး ရာဇဝတ်သားတွေကိုချစ်တဲ့ ဒီမိုကရက်တွေ အုပ်ချုပ်ကြသလို ၉၅၀အောက် ခိုးရင်လည်း ဖမ်းလို့တောင် မရတာက လောက်တွေပျော်အောင် မစင်တွင်းလုပ်ပေးထားသလို ဖြစ်နေတာပါ။

ကုန်ကုန်ပြောရရင် လမ်းပေါ်မှာ ဆေးထိုးအပ်တွေ ပစ်ချင်ရာပစ်ထားရုံတင်မက အပေါ့အလေးတွေ စွန့်ကြပါတယ်။ အဲဒီအညစ်အကြေးတွေကို ရေပိုက်နဲ့ ထိုးဆေးချရင် ရေပိုက်ဟာ ရေ့စစ်ဖြစ်တယ်ဆိုပြီး ဆီယက်တဲလ်က နိုင်ငံရေးသမားတဦးက ရေပိုက်သုံးတာ ကန့်ကွက်ခဲ့ပါတယ်။ ငဒင်ရဲ့ ပဲရင်းတင်းစတိုင် လိုပါပဲ၊ မိဘကောင်း၊ ခေါင်းဆောင်ကောင်းလုပ်ဖို့ဆိုတာ အမုန်းခံသင့် ခံရပါတယ်၊ စည်းကမ်းထားရ ပါတယ်၊ စည်းကမ်းဖောက်ရင် အပြစ်ပေးရသလို ကောင်းကောင်းနေတဲ့သူကိုလည်း တိုးတက်ဖို့ အခွင့်အလမ်းတွေ ဖန်တီး/လမ်းညွှန်ပေးရပါတယ်။

ဒီမိုကရက်တိုင်း ခေါင်းမဆောင်နိုင်တာ ညံ့ဖျင်းတာတော့ မဟုတ်ပါဘူး။ ဟူစတန်မြို့ဝန် ဆေလ်ဗစ်စတာ တာနာက အိမ်ယာမဲ့ပြဿနာကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တဲ့ ရှားရှားပါးပါး ဒီမိုကရက်ပါ။ သူက လမ်းပေါ်မှာနေတယ်ဆိုတာ သူတို့အတွက် မကောင်းသလို မြို့အတွက်လည်း မကောင်းတဲ့အတွက် ခွင့်မပြုနိုင်ပါဘူးလို့ ဆိုပါတယ်။ တာနာက အိမ်ယာမဲ့ဖြစ်တာကြာနေသူတွေအတွက် ယာယီ အိမ်ယာတွေ ဆောက်ပေးသလို နန်းပရောဖစ်အဖွဲ့တွေပေါင်းပြီး အိမ်ယာမဲ့တွေရဲ့ စိတ်ကျန်းမာရေးနဲ့ ဆေးစွဲ/အရက်စွဲတဲ့ပြဿနာတွေကို ပြည်နယ်အစိုးရက ကူညီပေးဖို့ လော်ဘီစုလုပ်ကြပါတယ်။

တချိန်ထဲမှာပဲ လမ်းတွေပေါ်မှာ အခြေချနေထိုင်တာတွေကို လုံးဝ တားမြစ်ပြီး ပြည်သူတွေကိုလည်း အခြေအနေမဲ့တွေကို ပိုက်ဆံပေးတာမျိုး မလုပ်ကြဖို့ အကြီးအကျယ် နှိုးဆော်ထားပါတယ်။ အိမ်ယာမဲ့တွေနေတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ဖို့ ဟူစတန်က တရားရုံးတွေအထိ တက်ဖိုက်ခဲ့ရတာပါ။ တာနာရဲ့ ၈နှစ်ကြာ အုပ်ချုပ်မှုအောက်မှာ ဟူစတန်က အိမ်ယာမဲ့ဦးရေ ၅၄ရာနှုန်း လျော့ကျသွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားက ပရိုဂရက်ဆစ်ဆိုတဲ့ ဘယ်စွန်းတွေက အိမ်ယာမဲ့တွေကို သနားလွန်းလို့ မူးယစ်ဆေးထိုးလို့ရတဲ့ ထိုးဖို့လိုအပ်တဲ့ အပ်၊ ရေသန့်၊ စတာတွေအလကားပေးတဲ့နေရာတွေ တိုးဖွင့်နေကြသလို မူးယစ်ဆေးဝယ်ဖို့ခိုးကြတာကိုလည်း အရေးမယူပြန်ပါဘူး။ ဒီလိုပေါ်လစီတွေနဲ့ ဘယ်နှစ်ဘီလီယံချပေးပေး အိမ်ယာမဲ့တွေက လျော့မသွားမယ့်အပြင် တိုးလာမှာ၊ ရာဇဝတ်မှုတွေပါ ထူပြောလာမှာ အသေအချာပါပဲ။

ဟူစတန်က ခိုးတာတွေသာမက အတင်းလိုက်တောင်းတာ၊ ကားမှန်ဆေးပေးမလိုနဲ့ ငွေညှစ်တာ၊ ကားရှေ့ကပိတ်တောင်းတာတွေကိုပါ ထိထိရောက်ရောက် အရေးယူပါတယ်။ အရေးယူသင့်တာကို မယူတာဟာ မကောင်းတဲ့အကျင့်ဆိုးတွေကို အားပေးအားမြှောက်ပြုနေတာဖြစ်တဲ့အပြင် ဥပဒေဘောင်ထဲက အေးအေးချမ်းချမ်းနေချင်ကြတဲ့ ပြည်သူတွေကိုပါ အနှောက်အယှက်ပေးနေတာ ဖြစ်ပါတယ်။

အဲဒီလို အခြေအနေမဲ့တွေကို ကြင်နာသယောင်နဲ့ လူမိုက်အားပေး၊ ဝါးကူထိုးလုပ်ကြတဲ့ အစိုးရတွေကို ခြုံကြည့်လိုက်ရင် ကိုယ့်အရည်အချင်းနဲ့ မြို့/ပြည်နယ်/နိုင်ငံကို တိုးတက်အောင် မလုပ်နိုင်တဲ့အတွက် ကိုယ့်ပြည်နယ်က လုပ်ငန်းရှင်တွေ အခွန်ထမ်းတွေဟာ တခြားကို ထွက်ကုန်ကြတာ များနေပါတယ်။ သူတို့အတွက် တိုးလာနိုင်တဲ့ မဲပေးသူတွေကတော့ တခြားပြည်နယ်က အခြေအနေမဲ့တွေရယ် ခိုးဝင်တွေရယ်ပါပဲ။ အဲဒါကြောင့်လည်း မဲမှတ်ပုံတင်ဖို့ အိမ်လိပ်စာပေးရတယ် ဆိုပေမယ့် သူတို့နဲ့ လက်ဝါးရိုက်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ လိပ်စာတွေကို ပေးသုံးထားကြတာ ၂၀၂၀ရကပမှာ တွေ့ရှိထားကြပါတယ်။ အခြေအနေမဲ့တွေနဲ့ နိုင်ငံသားမဟုတ်သူတွေကို မဲအတွက် အလိုလိုက် ဖျာယောင်းနေရတဲ့ ပါတီက ပြည်သူ့/ပြည်နယ်/တိုင်းပြည်ကောင်းကျိုး ဘာများလုပ်နိုင်မှာတဲ့လဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: