မက္ကဆီကိုကနေ နယ်စပ်ကို ဖြတ်လာဖို့ဆိုတာ အရိပ်မရှိတဲ့ ကွင်းပြင်ကြီးတွေနဲ့ မြစ်တွေကိုပါ ဖြတ်လာရတာပါ။ အခုလို နွေခေါင်ခေါင်မှာဆိုရင် ညနဲ့ မနက်စောစောလောက်ပဲ သွားဖို့ အဆင်ပြေပါတယ်။ ဝင်လာကြတဲ့လူတွေထဲမှာ မိဘမပါတဲ့ အသက် ၅-၆-၇-၈နှစ် ကလေးငယ်လေးတွေပါ ပါနေတာပါ။ လမ်းမှာ သေကုန်တာတွေ၊ မုဒိန်းကျင့်ခံရတာတွေလဲ မနဲပါဘူး။ ၅-၆နှစ်ကလေးမလေးတွေလဲ ချမ်းသာမပေးပါဘူး။ ဝင်လာကြတာက မက္ကဆီကန်တွေတင်မဟုတ်ပဲ ဂွာတီမာလာတို့လို အနီးပတ်ဝန်းကျင်နိုင်ငံတွေကလည်း ပါပါတယ်။
နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးချက်ကြ ထုတ်ကြနဲ့ဆိုတော့ မူးယစ်ဆေးမှောင်ခိုတွေ လူမှောင်ခို လက်နက်မှောင်ခို စတဲ့ ဒုစရိုက်သမားတွေပဲ ကြီးစိုးကြတာပါ။ အဲဒီဒေသတွေကို ဖြတ်လာဖို့ဆိုတာ လူကုန်ကူးသူတွေကို ပိုက်ဆံပေးပြီးမှပဲ လာလို့ ရကြပါတယ်။ ဝင်လာကြသူတွေမှာ လူကုန်ကူးတွေကို ပိုက်ဆံဘယ်လောက်ပေးပြီးပြီ၊ ဘယ်လောက်ပေးဖို့ကျန်သေးတယ်ဆိုတဲ့ အမှတ်အသားကို အရောင်ခွဲပြီး လက်ပတ်လေးတွေ ပတ်ပေးထားကြပါတယ်။ မြစ်နားတဝိုက်မှာ ဖြတ်ကူးဖို့ကြိုးစားရင်း သေသွားကြသူတွေရဲ့ လက်ပတ်လေးတွေ ပြန့်ကြဲနေတတ်တာမှာ ကလေးသေးသေးလေးတွေဝတ်တဲ့ အရွယ်လေးတွေတောင် ပါနေတာ တွေ့ရပါတယ်။
ဒီဖက်ကို ရောက်လာသူတွေကလည်း ၁ရက်ကနေ ၃ရက်အထိ ဘာမှ မစားရသေးသူ၊ ရေပါပြတ်နေသူတွေ ဖြစ်နေတတ်ပါတယ်။ ဝင်လာတဲ့ ယောက်ျားငယ်လေးတွေကို နေရာအနှံ့က ဂိုဏ်းတွေအတွက် အလုပ်လုပ်ပေးရတတ်ပြီး မိန်းကလေးတွေကတော့ ပိုဆိုးတဲ့ ငရဲတွင်းထဲ ကျဆင်းကုန်ကြတယ် ဆိုပါတယ်။ အဲဒီကလေးတွေလည်း သူတို့မိဘတွေက လွှတ်တာလား၊ ရောင်းစားဖို့ ဖမ်းခေါ်လာတာလားဆိုတာ မသိရပါဘူး။
အလောင်းထည့်ထားတဲ့အိတ်တွေ၊ လိင်အစော်ကားခံရတဲ့ မိန်းကလေးငယ်တွေ၊ မူးယစ်ဆေးတွေ မှောင်ခိုသယ်ဆောင်လာတဲ့ လူတွေ၊ ဟိုပိုးပါလာတဲ့ လူတွေ၊ အကြမ်းဖက်ရာဇဝင်ရှိတဲ့လူတွေ စတာတွေကို လာကြည့်ဖို့ ဂါဗာနာတွေ အမတ်တွေ နယ်စပ်ရဲတွေက အကြိမ်ကြိမ် ဖိတ်ခေါ်နေခဲ့ပေမဲ့ ဘိုင်ဒန်တို့ နယ်စပ်ရေးရာအကြီးအကဲခန့်ထားတဲ့ ကမလာတို့တင်မက ဘယ်ဒီမိုကရက်မှ နယ်စပ်သွား မကြည့်ကြပဲ ရှောင်နေကြတာပါ။ နယ်စပ်နားမှာနေတဲ့ လူတွေ ဒုက္ခလည်း မသေးပါဘူး၊ ခိုးဝင်တွေက ကားတွေခိုးပြီး ခိုးလာတဲ့ကားတွေနဲ့ ခြံစည်းရိုးတွေကို ဖြတ်မောင်းကြတာ တချို့နေရာတွေမှာ တရက်ခြားလောက် ကြုံနေရတာပါ။
နယ်စပ်ကို ပိတ်ထားပြီး စည်းကမ်းနဲ့ တရားဝင် ဝင်လာမယ့်သူတွေကိုပဲ ဝင်ခွင့်ပြုမယ်ဆိုရင် အခုလို အဖြစ်ဆိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကွန်ပက်ရှင်နိတ်ဖြစ်တယ်ဆိုတာ အပေါ်ယံလေး စုတ်သတ်ပြရုံ အလကားရတဲ့လေနဲ့ ဖောပြရုံနဲ့ လမ်းဆုံးသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီတိုင်းပြည်ကို လာချင်ရင် ဒီတိုင်းပြည်မှာလိုနေတဲ့ လုပ်အား၊ ကျွမ်းကျင်မှု၊ စတာတွေ ရှိရင် နည်းလမ်းရှာဖို့ လွယ်ပါတယ်။ ကိုယ့်ပါတီအတွက် မဲရအောင်၊ ကိုယ့်ဆွေမျိုးတွေ လာရလွယ်အောင် တံခါးမရှိ ခြံစည်းရီုးမရှိတဲ့အိမ် ဖန်တီးမယ်၊ ကျန်သူတွေ ဘာဖြစ်ဖြစ်ဆိုရင်တော့ အဲဒါ တကိုယ်ကောင်း ဆန်တာ၊ ရက်စက်တာပါ။
https://rumble.com/v1cj8ar-ted-cruz-asks-where-are-the-democrats-at-the-border.html