အနောက်ဗာဂျီးနီးယားပြည်နယ် ဘဏ္ဍာရေးမှူးရိုင်လီမောရ်က BlackRock (ကမ္ဘာ့အကြီးဆုံးအက်ဆက်မန်နေဂျာ), Wells Fargo, JP Morgan Chase, Morgan Stanley နဲ့ Goldman Sachs တို့ဟာ ရေနံ/ဓါတ်ငွေ့/ကျောက်မီးသွေး စတဲ့ ရုပ်ကြွင်းလောင်စာ ကို သပိတ်မှောက်တဲ့အတွက် သူ့ပြည်နယ်မှာ ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဘာကန်ထရိုက်မှ မရစေရလို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် အဆိုပါ ဘဏ်ကြီးတွေဟာ တနှစ်ဝင်ငွေ ၁၈ဘီလီယံ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဘဏ်ကြီးတွေကတော့ သဘောမတူကြောင်း ပြောခဲ့ကြပါတယ်။
အခုလို ဆုံးဖြတ်ရတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ကျောက်မီးသွေးက ၁၉ရာနှုန်းသာ ဖြည့်စည်ပေးနေတာဖြစ်ပေမယ့် အနောက်ဗာဂျီးနီးယားက လျှပ်စစ်စွမ်းအင်လိုအပ်ချက်ရဲ့ ၈၉ရာနှုန်းကို ကျောက်မီးသွေးကနေ ရတာပါ။ ၂၀၁၈တုန်းက ဒီပြည်နယ်မှာ ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်သူပေါင်း ၁၄,၀၀၀ နီးပါးရှိပြီး ၂၀၂၀တုန်းက ကျောက်မီးသွေးတွင်းအကြီးဆုံး ၁၀ခုမှာ ၂ခုက အနောက်ဗာဂျီးနီးယားမှာ ဖြစ်ပါတယ်။
ဘိုင်ဒန်တို့က ရုပ်ကြွင်းလောင်စာထုတ်လုပ်တာကို မတားပါဘူးလို့ ငြင်းနေပေမယ့် ပိုက်လိုင်းဆောက်တာတွေ ရပ်ပစ်ခဲ့တာက မြင်သာပါတယ်။ မမြင်သာတာက အခုလို ဘဏ်တွေ ဌာနဆိုင်ရာတွေကနေ တဖက်လှည့်နဲ့ အလုပ်မဖြစ်အောင် ညစ်ကြတာပါ။ ဘဏ်တွေက ချေးငွေမရအောင် လုပ်သလို ဌာနဆိုင်ရာတွေကလည်း စာရွက်စာတမ်းလိုအပ်ချက်တွေ ကြိုးနီစနစ်တွေ သပ်သပ်ထည့်ပြီးတော့ကို ညစ်ကြပါတယ်။
ဘာလို့ ညစ်ကြတာလဲဆိုတော့ သူတို့တွေ ဖန်တီးထားတဲ့ အီးအက်စ်ဂျီအမှတ်ပေး စနစ်ကြောင့် ဖြစ်နိုင်သလို ကမ္ဘာ့ရွာသမားတွေနဲ့ ပေါင်းပြီး ကမ္ဘာကို ချယ်လှယ်ချင်လို့လည်း ဖြစ်နိုင်ပါတယ်။ အီးအက်စ်ဂျီကလည်း နောက်ဆုံး အဲဒီဘူတာကိုပဲ ဦးတည်ထားတာပါပဲ။ ရုပ်ကြွင်းလောင်စာကို ဖိနှိပ်မှ၊ အရည်အချင်းထက် အသားအရောင် လိင်တူ/ပြောင်းတွေကို ဦးစားပေးမှ အီးအက်စ်ဂျီအမှတ်က ကောင်းမှာဖြစ်ပြီး အဲဒီအမှတ်ကောင်းမှ ချေးငွေတွေ လုပ်ငန်းလုပ်ဖို့ ချဲ့ဖို့တွေ အခွန်ပိုင်းကအစ အစစ အဆင်ပြေမှာ ဖြစ်လို့ပါ။
လူကောင်းတွေက လူတိုင်းကို ကိုယ့်လိုကောင်းမယ်ထင်ပြီး အေးအေးဆေးဆေး နေနေချိန်မှာ အကြံသမားသူယုတ်တွေက အချိတ်အဆက်မိမိနဲ့ ပြည်သူတွေကို ချောင်ထဲ တွန်းပို့နေပါပြီ။ ခုထိ မယုံသေးရင်လည်း ပြည်သူတွေ ပြည်တွင်းမှာ အလျံပယ်ရနိုင်နေတဲ့ လောင်စာကို အမျိုးမျိုး ခက်ခဲအောင် လက်လှမ်းမမှီအောင် ရှားပါး ဈေးကြီးအောင် ရန်သူကို မှီခိုနေရအောင် လုပ်ထားတဲ့ စူးရောက်တွေမှာ လက်ရှိလောင်စာလိုအပ်ချက်ကို ဖြည့်စည်းပေးဖို့ ဘာပလန်ဘီရှိသလဲလို့ စဥ်းစားပါ၊ မေးကြည့်ပါ။ မရှိရင် ဂျင်းမှန်း သိလောက်တဲ့ ဦးနှောက် ရှိသင့်ပါပြီ။
အနောက်ဗာဂျီးနီးယားတခုထဲတင် ၁၈ဘီလီယံ လက်လွှတ်ရမယ့် အဆိုပါငွေရှင်/ဘဏ်ကြီးတွေကို နောက်ထပ် ပြည်နယ်တွေကပါ တညီတညွတ်တည်း ဘန်းလုပ်ကြရင် တော်တော်ကောင်းမှာပါ။ ပြည်သူ့အကျိုး ရှေ့ရှုတဲ့ခေါင်းဆောင်တွေ လက်တွဲညီရင် ပြည်ဖျက်တွေကို မနိုင်စရာ အကြောင်း မရှိပါဘူး။ ညီဖို့နဲ့ လုပ်ရဲဖို့ပဲ လိုတာပါ။