အခုတလော အပြောများနေတဲ့ အကြောင်းအရာတခုကတော့ တိုးတိုးတိတ်တိတ် ဖယ်ခွာခြင်းလို့ အဓိပ္ပါယ်ရမယ့် quiet quitting ပဲ ဖြစ်ပါတယ်။ အဲဒါကို လုပ်ငန်းခွင်တွေမှာ အတွေ့များလာတဲ့ အမူအကျင့်တခုအဖြစ် သိလာကြပြီး အချစ်ရေးအချစ်ရာလို လူမှုရေးကိစ္စတွေမှာပါ တွေ့ရှိလာကြတာပါ။
တိုးတိုးတိတ်တိတ် ဖယ်ခွာတယ်ဆိုတာက အလုပ်ခွင်မှာဆိုရင် အလုပ်ဖြစ်အောင်၊ အလုပ်တွင်အောင်၊ ပြီးစီးအောင်မြင်အောင်၊ တိုးတက်ကြီးပွားအောင် လုပ်ဆောင်လိုစိတ်များမရှိပဲ မလုပ် မရှုပ် မပြုတ်လို မျှောလိုက်နေတာမျိုးဖြစ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးတွေမှာလည်း ဘာမှ ဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်တော့ပဲ တဘက်ဘက်က သည်းမခံနိုင်တော့တဲ့ အခြေအနေမျိုး မရောက်သ၍ အရင်အရှိန်နဲ့ ဆက်လိမ့်နေတဲ့သဘောမျိုး ဖြစ်ပါတယ်။
လုပ်ငန်းခွင်တွေမှာ တွေ့ရတဲ့ quiet quitting ကို တချို့က အလုပ်ရှင်တွေအပေါ် ပြစ်တင် ဝေဖန်ကြပါတယ်။ အလုပ်ရှင်ဆိုးတွေက နေရာတိုင်းမှာ ရှိတတ်ကြပေမယ့် အခြေအနေအရပ်ရပ်ကို ထည့်သွင်းသုံးသပ်တာမျိုးမလုပ်ပဲ အလုပ်ရှင်ကို တန်းအပြစ်တင်တတ်ကြတာက ကွန်မီတွေ ဘယ်စွန်းတွေ လုပ်လေ့ရှိကြတာပါ။ စဥ်းစားကြည့်ရင် အခုလို ကမ္ဘာနဲ့တဝှမ်း အစစ မတည်ငြိမ်၊ အပြောင်းအလဲမြန်ဆန်လာတဲ့ အခြေအနေမှာ လုပ်ငန်းရှင်တိုင်းဟာ လှော်ရင်းနစ်မသွားဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြံဆနေရမှာပါ။ အဲဒီအချိန်မျိုးမှာ အားလုံးက တက်ညီလက်ညီမလှော်ကြပဲ မျှောလိုက်နေတဲ့သူတွေများလာရင် ဘာဖြစ်မယ်ဆိုတာ ပြောနေစရာ လိုမယ်မထင်ပါဘူး။
အလုပ်မကြိုးစားပဲ မျှောလိုက်ချင်တဲ့သူတွေက ဟိုးအရင်ကတည်းက ရှိကြတာ ဆန်းတဲ့ကိစ္စတခုလို့ မဆိုနိုင်ပါဘူး။ ဆန်းတာက အဲဒီအမူအကျင့်က တကမ္ဘာလုံးမှာ ထရန်းဒ်တခုလို ဖြစ်လာနေတာပါ။ တြုတ်ပြည်မှာတော့ အဲဒီလိုလူငယ်တွေကို စလက်ကာဂျန်နရေးရှင်းလို့ ခေါ်ကြပါတယ်။ တကယ်တော့ ၂၀၀၀ခုနှစ်ကျော်ကျော်ထဲက တြုတ်လူငယ်တွေက ပညာရေး၊ ကျန်းမာရေးနဲ့ အိုးအိမ်ဆိုတဲ့ တောင် ၃လုံးလို ဖိအားတွေကို စိတ်ကုန်လာကြတာလို့ ဆိုပါတယ်။
အဲဒီတောင် ၃လုံးက လူငယ်တွေအပေါ် အဓိကဖိအားဖြစ်နေတာ တြုတ်တင်မက နေရာတိုင်းမှာ မှန်မယ်ထင်ပါတယ်။ ဒါပေမယ့် ပုံမှန်အနေအထားမျိုးလည်းရှိမယ်၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးလည်း ရှိမယ်ဆိုရင် မဖြစ်နိုင်တာ မရှိစမြဲဖြစ်လို့ ကြိုးစားချင်စိတ်ရှိတဲ့ လူငယ်တွေလည်း အများကြီး ရှိလာကြတာပဲဖြစ်ပါတယ်။
အမေရိကန်မှာတော့ ပုံမှန်အခြေအနေဆိုတာကနေ ရွေ့လျောလာတာက ဟူစိန်အိုတက်လာပြီး နောက်ပိုင်း လူမျိုးရေးသပ်လျိုမှုနဲ့အတူ ကန်ဆယ်လ်ကားချာလ်းထွန်းကားလာတာက စတယ်လို့ ပြောလို့ ရမှာပါ။ အဲဒီမတိုင်ခင်ကလည်း ရှိနိုင်ပေမယ့် အဲဒီလောက် အရှိန်မပြင်းသလို လူမျိုး၊ ပါတီ၊ ယုံကြည်ချက် စတာမတူလို့ ခါးသီးနေတာမျိုးလည်း သိပ်မထင်ရှားခဲ့ပါဘူး။
၂၀၁၆နောက်ပိုင်း ထရမ့်ကြီး နိုင်ငံရေးလောကထဲ ဝင်ရောက်လာချိန်မှာတော့ အကျင့်ပျက် နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေက အမုန်းဆိပ်တွေနဲ့ ပြည်သူကို တချိန်လုံး သွေးခွဲသပ်လျိုနေသလို လူအများသုံးကြတဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ဦးနှောက်ဆေးခံထားရလို့ အမုန်းစွဲပြင်းထန်နေသူတွေ ကြီးစိုးလာကြပါတယ်။ အမေရိက ပထမဆိုတဲ့ မူကို ရန်သူလို သဘောထားပြီး အသည်းအသန် ဆန့်ကျင် အမဲဖျက်ချင်နေကြတာ အမေရိကန်တွေပဲ ဖြစ်နေတာက ဘယ်လိုအသိဉာဏ်နဲ့မှ လိုက်မမီနိုင်တဲ့ ကိစ္စပါ။
တခုခုတော့ မှားနေပြီလို့ မသင်္ကာဖြစ်လာပြီး ဆက်လက်တူးဆွကြည့်မယ်ဆိုရင် အဆိုပါအမုန်းစွဲနဲ့ ရန်တိုက်ပေးနေတာ နိုင်ငံရေး(လုပ်ပိုင်ခွင့်၊ သတင်း၊ အဆက်အသွယ်)နဲ့ လုပ်စားပြီး ချမ်းသာလာကြသူတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ နိုင်ငံရေးနဲ့ လုပ်စားတယ်ဆိုတာ ခြစားတာပါပဲ။ စနစ်တခုမှာ ခြစားမှု ရှိလာပြီဆိုရင် ပြည်သူကအုပ်ချုပ်တဲ့ ဒီမိုကရေစီလို့ ပြောလို့ မရတော့ပါဘူး။ အကျင့်ပျက်နိုင်ငံရေးသမားတွေက ပြည်သူကို သစ္စာခံဖို့ထက် (ပြည့်ရန်သူပင် ဖြစ်လင့်ကစား) သူတို့ကို ခွံ့ထားတဲ့ သူတွေကိုပဲ သစ္စာခံမှာ ဖြစ်လို့ပါ။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကလည်း ပီပြင်တော့မှာ မဟုတ်ပါဘူး။
ဈေးကွက်စီးပွားရေးလည်း မပီပြင်၊ စနစ်ကလည်း ခြစားနေရင် တရားနည်းလမ်းတကျမဟုတ်ပဲ မဟုတ်တာလုပ်ပြီး ကြီးပွားနေသူတွေက လူ့မလိုင်တွေ ဖြစ်နေမှာ အသေအချာပါပဲ။ အဲဒီလို အခြေအနေမျိုးမှာ မှန်မှန်ကန်ကန် ကြိုးစားနေသူတွေရဲ့ အခွင့်အလမ်းတွေ အကန့်အသတ် ရှိကုန်မှာဖြစ်ပေမယ့် လူငယ်တွေရဲ့ အနာဂတ်အပေါ် မျှော်လင့်ချက်နဲ့ စွန့်စားလိုမှု၊ ကြိုးစားအားထုတ်လိုမှုတွေ သင်းသတ်ခံရတာက အဆိုးဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။
အကျင့်ပျက်တဲ့ စနစ်တိုင်းမှာ အာဏာပိုင်တွေဟာ ပြည်သူ့ဘဏ္ဍာကို ဘုန်းလေ့ရှိကြတဲ့အတွက် ပေးမလောက် ဖြစ်ကြတာ ဓမ္မတာပါ။ အဲဒီလို တွင်းနက်ကြီးကို ဖြည့်စည်းဖို့ ပြည်သူ့အိတ်ကိုပဲ မျက်စောင်းထိုးရင်ထိုး၊ ကျပ်တည်းလာတဲ့ ပြည်သူတွေကို လုပ်ငန်းရှင်တွေနဲ့ ရန်တိုက်ပေး၊ အာရုံပြောင်းအောင်လုပ်နဲ့ မျက်လှည့်တွေ အမျိုးမျိုးပြပြီး စားပေါက်ရှာကြပါတယ်။
နိုင်ငံခြားက လာဘ်ယူတယ်ဆိုရင်လည်း အဲဒါဟာ ထောင်မြင် ရာစွန့်တာပဲ ဖြစ်တဲ့အတွက် အကျင့်ပျက်တွေကို ပေးရတဲ့ လာဘ်လာဘတွေက ပြည်သူဆီက လာရတာပါပဲ။ အကျိုးဆက်ကတော့ အခွန်တွေ၊ ကုန်ကျစရိတ်တွေ များလာသလောက် ရမယ့်အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ နည်းလာမှာပါ။
အဲဒီအခြေအနေကို ပိုဆိုးအောင် မျှော်လင့်ချက်ကင်းမဲ့အောင် ပြုလုပ်လိုက်တာကတော့ တြုတ်ပိုးပဲ ဖြစ်ပါတယ်။ တြုတ်ပိုးနဲ့အတူ ပါလာတဲ့ ဆိုးကျိုးတွေထဲမှာ လော့ဒေါင်းတွေ၊ နှာခေါင်းစည်းတွေ ကန့်သတ်ချက်တွေကြောင့် လူလူချင်း ထိတွေ့ရမှု အရမ်းကို နည်းပါးသွားပြီး မရှိသလောက်တောင် ဖြစ်သွားတဲ့သူတွေ ကမ္ဘာတဝှမ်းမှာ အများကြီးပါ။ လူကြီးတွေက မိသားစုတာဝန်တွေ အလုပ်တာဝန်တွေ မိသားစုကျန်းမာရေးကြားမှာ မနစ်အောင် ကြိုးစားရုန်းကန်နေရတဲ့အတွက် လူငယ်လေးတွေရဲ့ ဘဝတွေအပေါ် သက်ရောက်မှုတွေကို နက်နက်နဲနဲ တွေးမိသူ နဲပါလိမ့်မယ်။
ကျောင်းတွေပိတ်၊ သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင် ထိတွေ့မှုမရှိ၊ နှာခေါင်းစည်းတွေနဲ့ဆိုတော့ တခြားသူတွေကိုလည်း မျက်နှာရိပ်မျက်နှာကဲ ခတ်လို့မရ၊ စတာတွေက အပေါ်ယံမှာ ဘာမှ မဖြစ်လောက်သလိုနဲ့ လူငယ်လေးတွေရဲ့ လူမှုဆက်ဆံရေးပိုင်းကို တော်တော်လေး ထိခိုက်စေတာပါ။ အထူးသဖြင့် ရှက်တတ်တဲ့ ကလေးတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ ကြိုးစားနေရတဲ့ ကလေးတွေအတွက် အရမ်းကို ခက်ခဲပါတယ်။ စိတ်ဓါတ်ကျပြီး စိတ်ရောဂါ ရလာသူတွေ၊ သတ်သေချင်သူတွေပါ အများကြီး တိုးလာတာပါ။
အလုပ်စလုပ်တဲ့ လူငယ်လေးတွေကလည်း အငယ်စား အလတ်စားလုပ်ငန်းရှင်တွေ တြုတ်ပိုးကာလမှာ ကျောကော့အောင် ခံစားခဲ့ရတဲ့ အခက်အခဲတွေ၊ ပတ်ဝန်းကျင်မှာ တဖြုတ်ဖြုတ် ပြုတ်ကုန်ကြတဲ့ ဆိုင်လေး/ဆိုင်ကြီးတွေ၊ ဝယ်ဖို့ခက်ပေမယ့် ခိုးဖို့မခက်အောင် ဖန်တီးထားတဲ့ ပတ်ဝန်းကျင်တွေ၊ အခြေခံလုပ်ခနဲ့ အတက်ကြမ်းနေတဲ့ ကုန်ဈေးနှုန်းတွေ၊ မရေရာတဲ့ အနာဂတ်တွေနဲ့ ဘယ်တော့မှ ပြီးမလဲမသိတဲ့ တမျိုးပြီး တမျိုး ကလန်ဒါကျလာနေတဲ့ ပိုးတွေ၊ နော်မယ်လ်ဆိုတာ ဒီတသက် ပြန်ရော ရဦးမှာလားလို့ တွေးနေရတဲ့အခြေအနေ စတာတွေက လူငယ်တွေရဲ့ ဘဝ မျှော်လင့်ချက်တွေကို ဘယ်လောက်တောင် ရိုက်ချိုးလိုက်ပြီလဲဆိုတာ တွေးကြည့်ရင်တော့ မြင်မှာပါပဲ။
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတာပါ။ ကိုယ့်ဘဝကို ခေါင်းထဲမှာ စီမံကိန်းချလို့ ဘယ်အသက်အပိုင်းအခြားမှာ ဘာဖြစ်ရမယ်ဆိုတာတောင် မှန်းဆကြည့်ဖို့ ခက်နေမယ်၊ ဘယ်လိုလုပ်လို့မှ လူတန်းစေ့နေနိုင်မယ်ဆိုတာ မသိနိုင်ရင် ပြဿနာတွေက ရှေ့လျောက် တိုးလာဖို့ပဲ ရှိပါတယ်။
အနာဂတ်ကို ပုံဖော်ကြည့်ဖို့ ခက်ခဲနေတဲ့ လူငယ်လေးတွေရဲ့ ပြဿနာက တတိုင်းပြည်လုံးကိုပါ အကြီးအကျယ် ထိခိုက်လာမှာပါ။ တိုးတက်ဖို့ အခွင့်အလမ်း နည်းလွန်းပြီး တလတလ တိုးလာတဲ့ အခွန်၊ တက်လာတဲ့ ကုန်ဈေးနှုန်း၊ ကျုံးသွားတဲ့ ငွေတန်ဖိုးတွေက အိမ်ထောင်သားမွေးပြုဖို့ပါ စိတ်ကုန်စေမှာ ဖြစ်ပါတယ်။ လူဦးရေ/ မွေးဖွားနှုန်း ကျဆင်းသွားတဲ့ တိုင်းပြည်တိုင်းက ဒုက္ခကို အဖော်အပေါင်းနဲ့ ဖိတ်ခေါ်နေသလိုပဲ အဖက်ဖက်က ပြဿနာတွေနဲ့ ကြုံလာရတော့မှာပါ။
မျှော်လင့်ချက်တခုရှိနေသေးတာက အဲဒီပြဿနာတွေကို ပြန်ပြင်လို့ ရနိုင်နေသေးတာပါ။ ခြစားမှု ပပျောက်အောင် လုပ်နိုင်ရင်၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာရင် ကြိုးစားသလောက် အရာထင်လာမှာဖြစ်တဲ့အတွက် လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ ပြန်ရှင်သန်နိုင်လာသလို တိုင်းပြည်မှာလည်း တရားဥပဒေ စိုးမိုး၊ လုံခြုံအေးချမ်းပြီး သက်သာချောင်ချိ လာကြမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ ပြည်သူ့အကျိုး ဦးထိပ်ထားတဲ့ ခေါင်းဆောင်များ တိုင်းပြည်ကို ဦးဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒါကိုတော့ ပြည်သူက ဖြစ်အောင် ဖန်တီးပေးရမှာပါ။