9/11 မှာ နှစ်ပတ်လည် နှစ်ခုရှိပါတယ်။ ၂၀၀၁ တုန်းက WTC မှာဖြစ်သွားတဲ့ ကိစ္စကို လူအများသိကြပေမယ့် ၂၀၁၂တုန်းက လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုကတော့ မူလ ၉/၁၁လောက် လူသိမများပါဘူး။ အဲဒီဘန်ဂါဇီအကြမ်းဖက်မှုမှာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၊ သံရုံးဝန်ထမ်းတဦး၊ စီအိုင်အေကန်ထရိုက်တာနဲ့ နေဗီဆီးလ်ဟောင်း နှစ်ဦး ပေါင်း ၄ဦး အသတ်ခံခဲ့ရပါတယ်။
အဲဒီနေ့တုန်းက သံရုံးကို ခုခံကာကွယ်ခဲ့တဲ့ ၆ဦးအဖွဲ့ထဲက ဒဏ်ရာရပေမယ့် မသေပဲ ကျန်ရှိနေခဲ့တဲ့ စီအိုင်အေက လုံခြုံရေးကန်ထရိုက်တာ မာ့ခ်ဂိုက်စ်နဲ့ ဖြစ်စဥ်ကို အင်တာဗျူးခဲ့စဥ်မှာ နေဗီဆီးလ်ဟောင်း နှစ်ဦးက စိန်ပြောင်းတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်စဥ် တကြိမ်မှာ ကျည်ထိမှန် သေဆုံးခဲ့ပြီး သူကတော့ ဒဏ်ရာပဲ ရခဲ့တာဖြစ်ကြောင်း၊ နောက်ထပ်စိန်ပြောင်းတွေနဲ့ သံရုံးဝင်းထဲကို ထပ်ပစ်ရင် သူသေမှာ သေချာကြောင်း၊ စတိုက်ခိုက်တဲ့အချိန်ကစပြီး နောက်ဆုံးတဦး ထွက်လာနိုင်ခဲ့တဲ့အထိ ဖြစ်စဥ်ဟာ ၁၃နာရီကြာမြင့်ခဲ့ကြောင်း၊ တာဝန်ရှိသူတွေက တကယ်တမ်း သံရုံးနဲ့ သံရုံးထဲကလူတွေကို ကာကွယ်ပေးချင်တယ်ဆိုရင် ၁၃နာရီအတွင်းမှာ လုပ်နိုင်တာတွေ အများကြီးရှိကြောင်း၊
ကလင်တန်တို့ ဟူစိန်အိုတို့က အနီးအနားကနေ စစ်ကူလာပေးနိုင်တာ မရှိဘူးလို့ လွယ်လွယ်လေးပြောပေမယ့် စိန်ပြောင်းတွေ သေနတ်တွေနဲ့ အပစ်ခံနေရလို့ မီးလောင်နေ လူသေနေတဲ့ သံရုံးဝင်းလေးတခုထဲမှာ ၁၃နာရီလောက် ပိတ်မိနေရတဲ့ အခြေအနေမှာ ဘာစစ်ကူမှ ရောက်မလာတဲ့အဖြစ်ကို မြင်ယောင်ကြည့်စေချင်ကြောင်း၊
အခုသူတို့ လွတ်လာတာလည်း အစိုးရက ကူညီလို့မဟုတ်ပဲ သေဆုံးသူ နေဗီဆီးလ်ဟောင်း ဒိုဟာတီဦးဆောင်တဲ့ အဖွဲ့ကို ဘန်ဂါဇီကို လိုက်ပို့ပေးခဲ့ဖူးတဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တခုက ဝင်ကယ်ခဲ့လို့ဖြစ်ကြောင်း၊ အဲဒါကို သူက နောက်မှ သိလာရတာဖြစ်ကြောင်း၊ ဒေသခံ သာမန်ပြည်သူတွေက သူတို့တွေ ရှိနေတာကို သဘောကျတာ မြို့ထဲသွားလာတိုင်း တွေ့ကြုံခံစားခဲ့ရကြောင်း၊
ဘင်ဂါဇီဖြစ်စဥ်ရဲ့ သင်ခန်းစာက စစ်ကို ဒီစီကနေ လှမ်းတိုက်နေလို့ မရပဲ မြေပြင်အခြေအနေကို တကယ်နားလည်တဲ့လူတွေရဲ့ အကြံပေးတာကို နားထောင်ပြီး လုပ်နိုင်တဲ့ နည်းလမ်းတွေကို မရ ရအောင် ရှာဖွေရမှာဖြစ်ကြောင်း၊ ဒီလိုနေရာမျိုးမှာ အန္တရာယ်ရှိနိုင်မှန်း သိလျက်နဲ့ တိုင်းပြည်အတွက် သွားရောက်တာဝန်ထမ်းဆောင်နေကြတဲ့သူတွေကို မဖြစ် ဖြစ်အောင် ကာကွယ်ပေးရမှာ အထက်က တာဝန်ရှိသူတွေရဲ့ အလုပ်ဖြစ်ကြောင်း၊ ကမ္ဘာအရပ်ရပ်က အန္တရာယ်ဇုံတွေမှာ အမှုထမ်းနေရတဲ့ အမေရိကန်တွေ အများကြီး ရှိကြောင်း၊ သူတို့ကို အခုလို မဖြစ်စေချင်ကြောင်း၊ ၉/၁၁ ၂၀၀၁ အကြမ်းဖက်မှုတုန်းက သေဆုံးသူတွေကို သတိရကြသလို ၉/၁၁ ၂၀၁၂ အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေကိုပါ သတိရကြပါလို့ ပြောကြားသွားပါတယ်။
