မစ်တမ်းရွေးကောက်ပွဲက တလတောင် မလိုတော့တဲ့အချိန်မှာ စစ်တမ်းတွေအရ လွှတ်တော်မှာ ဒီမိုခွက်တွေ အရေးနိမ့်မယ့် အခြေအနေကို ဖေးကူဖို့ ဉာဏ်နီဉာဏ်နက်တွေ ထုတ်နေကြပါပြီ။ စပိန်စကားပြော တောင်အမေရိကဖွားတွေကို ဆွယ်ယူဖို့ စပိန်စကားပြောရေဒီယိုချန်နယ်တွေ ဝယ်ယူမှိုင်းတိုက်တာကို အမွှေစိန်က ထောက်ပံ့ပေးထားပါတယ်။
လူမည်းတွေမဲအတွက်တော့ ဟူစိန့်မိန်းမ ကျောထောက်နောက်ခံပေးထားတဲ့ လူမည်းဒိတ်တင်းဂရုကနေ မဲမပေးရင် ပေးမနမ်းဘူး၊ ပေးမထိဘူး၊ အတူမအိပ်ဘူးဆိုပြီး သီချင်းနဲ့ ကမ်ပိန်းလုပ်နေပါတယ်။ ဒီအိုင်ဒီယာက အဆန်းတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၃၃တုန်းကလည်း အေသင်နဲ့ စပါတာက မိန်းမတွေဟာ သူတို့ယောက်ျားတွေ ပီလိုပိုနီးရှန်းစစ်မှာ တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းအောင် အခုလိုပဲ စမူဆာပါဝါနဲ့ အကျပ်ကိုင်ခဲ့ကြပါတယ်။
လုပ်ဟန်ချင်း ဆင်ပေမယ့် အရင်းအမြစ်တွေ နည်းပါးသေးတဲ့ လွန်ခဲ့တဲ့ နှစ် ၂၅၀၀နီးပါးက အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးအတွက် လုပ်ခဲ့ကြတာဖြစ်ပြီး နည်းပညာတွေ သတင်း အချက်အလက်တွေ ပေါများလွန်းတဲ့ ကနေ့ခေတ်မှာ ဒိတ်ဒိတ်ကြဲ ပညာတတ်ဆိုတဲ့ အမျိုးသမီးတွေက မဲရဖို့ အသုံးပြုကြတာ ကွာခြားပါတယ်။
မဲရဖို့ အောက်ပါကိစ္စတွေနဲ့ ထိန်းရတဲ့ အကြောင်းရင်းကလည်း ဘာမူ ဘာပေါ်လစီမှ တိတိပပ ချမပြနိုင်လို့ ဖြစ်ပါတယ်။ မူမရှိတော့ မဲလိုရင် လူပိန်းကြိုက်မယ်ထင်တာလေးတွေ ရွေးပြော၊ ပရိုမုတ်လုပ်၊ မှန်းတဲ့အတိုင်း ဖြစ်မလာရင် (လူတွေ ပြစ်တင်သံ ညံလာရင်) အဖျားရှူး၊ လုံးချ၊ လွှီးလွှဲပြော၊ အကြောင်းကြောင်းကြောင့် မဲရသွားရင် မရခင်က ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရပြီးတော့ ဖျာလိုခင်း၊ ခြေနဲ့နင်းဆိုသလိုပဲ အစမှာ မသိချင်ယောင်ဆောင်မယ်၊ ထောက်ပြလာရင် တကယ်တမ်းက လုပ်ရတာ ဘယ်လောက်တောင်ခက်ကြောင်း ညဥ်းချင်းချပြမယ်၊ အပြစ်တင်လာရင်တော့ အပြစ်ကို တခုခု၊ တဖွဲ့ဖွဲ့ပေါ် ပုံချလိုက်ကြတာပါပဲ။
မူမရှိတဲ့ အဓိက အကြောင်းရင်းတခုက ပင်ကိုယ်အစွမ်းအစ နည်းပါးတဲ့အတွက် အာဏာအလွဲသုံးပြီးမှသာ အိတ်ဖောင်းအောင် လုပ်တတ်လို့ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူတို့ဟာ ငွေနဲ့ဝယ်လို့ရတဲ့ သူတွေဖြစ်နေပြီး တရုတ်တို့၊ ကမ္ဘာ့ရွာသမားတို့၊ အာဏာရှင်တို့နဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ကော်ပိုရိတ်ဘီလူးတို့ရဲ့ အချယ်လှယ်ခံဘဝမှာ ရောက်နေတာ ဖြစ်ပါတယ်။
မူရော သိက္ခာပါ ကင်းတဲ့အခါကျတော့ စကားရည်လုဖို့ကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြပြီး မလွှဲသာလွန်းလို့ လုပ်ရရင် မီဒီယာအကူအညီနဲ့ သူတို့ကို မေးခွန်းကြိုပေး ၊ ဖေဗာပေးမယ့် ဒိုင်တွေရအောင် ကြံဖန်ကြပါတယ်။ ဟေလာရီရော ဘိုင်ဒင်ပါ အဲဒီနည်းသုံးခဲ့တာပါ။ နျူဆမ်ကတော့ မဲလမ်းညွှန်စာအုပ်ထဲက သူ့ပရိုဖိုင်းမှာ ဘာတလုံးတပါဒမှ မရေးပဲ ကွက်လပ်ကြီးကို ထားထားတာဖြစ်ပြီး ဘာဒီဘိတ်မှလည်း လုပ်ခဲ့သူ မဟုတ်ပါဘူး။ နယူးယောက်က ဟိုကူလ်တောင် လူတွေဝိုင်းဝေဖန်ကြလို့ ဒီဘိတ်တကြိမ်လုပ်ပါမယ်ဆိုပြီး ကတိပေးလိုက်ရပါပြီ။ သန့်သန့်ရှင်းရှင်း လုပ်မလုပ်ကတော့ စောင့်ကြည့်ရဦးမှာပါပဲ။
မူမရှိတာ၊ ဘာမှ ချမပြရဲတာကို မြှုပ်ကွက်/ဂျိုကာလို သုံးနေကြတဲ့သူတွေကိုပဲ မဲထပ်ထပ်ပေးနေတာက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းတပ်ပေးလိုက်သလိုပါ။ မူမရှိ၊ အကြံဉာဏ်မရှိ၊ အစွမ်းအစမရှိတဲ့အပြင် အိတ်ဖောင်းအောင် ဇီးသီးဗန်းတွေကလည်း မှောက်ရဦးမှာဆိုတော့ အသုံးအစွဲက မမွေးလာသေးတဲ့ ကိုယ့်မြေးမြစ်တွေဆီက ချေးသုံးနေရပါပြီ။
အဝင်မဖန်နိုင်ပဲ အသုံးကြမ်းတဲ့ ရလာဒ်က အခွန်အခတွေ တက်တာပါပဲ။ သူတို့ကတိပေးတဲ့ အခွန် ဘာညာ မတက်ပါဘူး၊ တနှစ် ၄သိန်းအထက်တွေပဲ တိုးမှာပါဆိုတာ ဝင်ငွေခွန်သက်သက်ကို ပြောတာပါ။ ဒါတောင် မတိုးတာ မဟုတ်ပါဘူး။ ကျန်တာက ပြည်နယ်အလိုက် measure တွေ prop တွေနဲ့ နည်းမျိုးစုံ လှီးယူနေကြတာပါ။
အဲဒီလို လှီးယူကြတာမှာလည်း အပေါ်ယံဖတ်လိုက်ရင် အိတ်ထဲရှိတာ ထုတ်ပေးပြီး ထိုင်ပါ ကန်တော့သွားချင်အောင် ရေးပြထားပေမယ့် တကယ်တမ်းမှာ ကောင်းကျိုးထက် ဆိုးကျိုးများ(သို့) အယိုအဖိတ်များတဲ့ အကြံအစည်တွေချည့်ပါပဲ။ ယေဘုယျပြောမယ်ဆိုရင် ဘာလာလာ no ပဲဖြည့်လိုက်တာ စိတ်ချရပါတယ်။
ဥပမာ ကယ်လီဖိုးနီးယားမှာ ဆန္ဒမဲခံယူမယ့် ပရော့ပ်၂၉ဟာ ကျောက်ကပ်ဆေးတဲ့ဆေးခန်းတိုင်းမှာ လိုင်စင်ရှိဆရာဝန်စတဲ့ဆေးပညာရှင် ရှိဖို့လိုအပ်တယ်ဆိုတာအပေါ် မဲပေးရမှာဖြစ်ပါတယ်။ ခပ်တိမ်တိမ်တွေးရင် ဟုတ်တာပေါ့၊ ရှိသင့်တာပေါ့ဆိုပြီး ရက်စ်ပေးကြမှာ များပါတယ်။ တကယ်တမ်းက အဲဒီလို သတ်မှတ်လိုက်ရင် ဆရာဝန်ထပ်မငှားနိုင်တဲ့ နေရာက ကျောက်ကပ်ဆေးဌာနတွေကို ပိတ်ပစ်ရတော့မှာပါ။ အဲဒီလိုဟာတွေကို လူအများနားလည်အောင် တုန့်ပြန်ဖို့ တီဗီတွေ လက်ကမ်းစာစောင်တွေနဲ့ ကြော်ငြာရတာလည်း မနဲကုန်တာပါပဲ။ အုပ်ချုပ်သူတွေအတွက်က နိုင်လည်း အမြတ်၊ ရှုံးလဲ သူတို့မိတ်ဆွေမီဒီယာတွေကတော့ အမြတ်ထွက်ပြန်တာပါပဲ။
ပရော့ပ်၂၇ကတော့ အားကစားပွဲတွေကို အွန်လိုင်းကနေလောင်းကြတာကို တရားဝင် ခွင့်ပြုပေးဖို့ပါ။ အဆိုအရတော့ ဌာနလူနီလူမျိုးစုတွေနဲ့ သူတို့လုပ်ငန်းတွေကိုပဲ ခွင့်ပေးမှာဖြစ်ပြီး ရလာတဲ့ ဝင်ငွေတွေကနေ အိမ်ယာမဲ့တွေအတွက် ထောက်ပံ့ပေးသွားမှာလို့ ဆိုပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ သဘောမတူသူတွေက အဲဒီအဆို မဲပေါ်ရောက်ဖို့နဲ့ ကြော်ငြာဖို့တွေအတွက် တခြားပြည်နယ်က လောင်းကစားကုမ္ပဏီကြီးတွေက သန်းရာကျော် အကုန်ခံထားတယ်လို့ ဆိုပါတယ်။ ကလေးတွေ လောင်းကစားနဲ့ ဖက်ကြီးလာကြမှာကိုလည်း မလိုလားကြပါဘူး။ လိုလားသူတွေက ကလေးတွေ ဝင်ပါလို့မရအောင် စီမံမှာပါဆိုပေမယ့် ကလေးတွေကို စာနဲ့ စာရိတ္တကလွဲရင် မကောင်းတာ အကုန်အားပေးနေတဲ့ အစိုးရက ပြောသမျှ ယုံဖို့ဆိုတာ တော်တော့ကို မိုက်မှပဲ ဖြစ်မှာပါ။ အိမ်ယာမဲ့ပြဿနာကလည်း တကယ်ပျောက်ချင် တကယ်ပျောက်မယ့်နည်းကို သုံးရမှာ ဖြစ်ပါတယ်။ ရွှေဥဥပေးနေတဲ့ ငန်းလို မွေးထားရင်တော့ ထရီလီယံနဲ့ ချီပေးတောင် ပျောက်မှာမဟုတ်ပါဘူး။ အဲဒီအဆိုကို ထောက်ပံ့ပေးထားတာက ဂိမ်းမင်းကုမ္ပဏီတွေဖြစ်ပြီး ဌာနေလူနီလူမျိုးစုတွေက တညီတညွတ်တည်း ကန့်ကွက်ကြပါတယ်။
ပရော့ပ် ၃၀ကလည်း လေထုညစ်ညမ်းမှုနဲ့ တောမီးလောင်တာ လျော့ချဖို့အတွက်ဆိုပြီး ၂သန်းအထက် ဝင်နေသူတွေကို အခွန်တိုးကောက်ဖို့ ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုကို လျော့ချဖို့ လျှပ်စစ်ကားတွေထုတ်တော့ လျှပ်စစ်က မလောက်ငတဲ့အပြင် ဈေးပါ ၃ဆလောက် ခုန်တက်သွားတာပါ။ တောမီးလည်း အိမ်ယာမဲ့တွေလိုပဲ ရွှေဥဥပေးတဲ့ ငန်းပါ။ တောမီးလောင်လေ ကလိုင်းမိတ်အကြောင်းပြ ဖြဲခြောက်ပြီး ဘတ်ဂျက်တိုးတောင်းလို့ ကောင်းလေပါပဲ။ ဒါ့အပြင် တိုင်းပြည်မှာရော ပြည်နယ်မှာပါ ဒီလောက် ငွေဖောင်းပွနေတဲ့အချိန်မှာ အခွန်တိုးကောက်တာဟာ အခြေအနေအရပ်ရပ်ကို ပိုဆိုးစေမှာဖြစ်ပါတယ်။