ကြီးသထက် ကြီးမြင့်လာနေတဲ့ ငွေဖောင်းပွမှုကြောင့် ပြည်သူတွေ ကျပ်တည်းလာကြတာကို တုန့်ပြန်ဖို့အတွက် ပြည်တွင်းအခွန်က ၂၀၂၃အတွက် standard deduction ကို တဦးကို ၉၀၀တိုးပြီး နှုတ်ခွင့်ပေးလိုက်ပါတယ်။ အပတ်စဥ်/လစဥ် ရတဲ့ လုပ်ခတွေထဲက ပိုနှုတ်ခွင့်ရသွားတဲ့အတွက် အခွန်နှုတ်ပြီး ကျန်တဲ့ အသားတင်ဝင်ငွေ အနည်းငယ် တိုးသွားမှာဖြစ်ပါတယ်။ အမေရိကန်မှာ နှစ်ပတ်တခါ (သောက်ြာတပတ်ခြား) (သို့) တလနှစ်ကြိမ် (၁၅ရက်နဲ့ လကုန်ရက်) လုပ်ခရှင်းလေ့ရှိကြတဲ့အတွက် တဦးကို တကြိမ်မှာ ၃၂-၃၅ဒေါ်လာလောက် ပိုကျန်မှာဖြစ်ပါတယ်။ တနေ့ကို ၂ဒေါ်လာစွန်းစွန်းလောက်ဆိုပါတော့။
ငွေဖောင်းပွမှုနှုန်းကို လိုက်ပြီး standard deduction ကို ညှိပေးကြရတာဖြစ်တဲ့အတွက် အဲဒီနှုန်းကလည်း ငွေဖောင်းပွမှုလိုပဲ ၁၉၈၅နောက်ပိုင်း အမြင့်ဆုံး ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ရတဲ့ ဝင်ငွေအပေါ်မှာ ကင်းလွတ်ခွင့်ကိုလည်း ၂၀၂၃မှာ တိုးမြှင့်ပေးမယ်လို့ ဆိုပါတယ်။ အခွန်လျော့တာနဲ့အတူ စီးပွားရေးဖွံ့ဖြိုးအောင်လုပ်နိုင်မှ တကယ်အကျိုးရှိမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ လိုငွေပိုပြလေ၊ ငွေပိုရိုက်ထုတ်လေနဲ့ ငွေဖောင်းပွမှုက ပိုဆိုးဖို့ပဲ ရှိတော့တာပါ။
ဆော်ဒီအစိုးရက တနေ့ကို ရေနံစည် ၂သန်း တလကြာလျော့ထုတ်ဖို့ ကိစ္စကို ဆိုင်းငံ့ပေးထားဖို့ ဘိုင်ဒင်အစိုးရက တောင်းဆိုခဲ့ချိန်မှာ လျော့ထုတ်တာကို ဆိုင်းငံ့ဖို့ မဟုတ်ပဲ မစ်တမ်းရကပွဲစခါနီး လူတွေတော်တော်များများ မဲပေးပြီးတော့မှ ကြေငြာဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဆော်ဒီက ကြေငြာခဲ့တာ အောက်တိုဘာ ၅ရက်နေ့မှာဖြစ်ပြီး အမေရိကန်ကို နိုင်ငံရေးအရ ထိုးနှက်ဖို့မဟုတ်ပဲ အိုပက်နိုင်ငံတွေရဲ့ စီးပွားရေးကြောင့်သာဖြစ်တယ်လို့ ကြေငြာပါတယ်။ လျော့ထုတ်ဖို့ ရွှေ့ဆိုင်းတာမဟုတ်ပဲ ရကပွဲမဲမရမှာ စိုးလို့သာ ကြေငြာတဲ့အပိုင်းကိုပဲ ရွှေ့ဆိုင်းဖို့ တောင်းပန်တာက ဘာသက်သေမှ မပြနိုင်တဲ့ ကလိုင်းမိတ်အာဂျင်ဒါနဲ့ ပြည်တွင်းလောင်စာတွေ ပိတ်ပင်ပစ်တာက သဘောတရားချင်း တူတူပါပဲ၊ ပြည်သူအကျိုးထက် ကိုယ်ကျိုးရှာဖို့သာ အာဏာလိုချင်ကြတာပါ။
ယူကရိန်းစစ်ကလည်း ပြီးဖို့မမြင်သေးချိန်မှာ အိုပက်က ရေနံလျော့ထုတ်ပြီဆိုတော့ အေးတဲ့မြောက်ပိုင်းဒေသကလူတွေ ဆောင်းတွင်းမှာ ဒုက္ခများကြဖို့ သေချာနေပါပြီ။ တတ်နိုင်သူများအတွက် မထောင်းတာပေမယ့် လောင်စာရှားပါးမှုကြောင့် မဟားဒရားမြင့်လာမယ့် အပူပေးစရိတ်တွေ ကျုံ့လိုက်လာတဲ့ ဝင်ငွေတွေကြားမှာ အရပ်ရပ်ပြည်သူတွေအနေနဲ့ ကိုယ့်အစိုးရက ဘယ်လိုကိုင်တွယ်မလဲဆိုတာ အသက်လောက် အရေးကြီးတယ်လို့ ပြောလို့ ရပါတယ်။ ဘာမူ၊ ဘာပလန်မှ ချမပြနိုင်ပဲ အရောင်နဲ့ အမုန်းနဲ့ပဲ တိုက်ခိုက်နေကြတဲ့ အစိုးရတွေကို ဆက်တင်နေရင် ရှေ့လျောက်လည်း အလိမ်ဆက်ခံပြီး ဒုက္ခနဲ့ နှစ်ပါးသွားကြဦးပေါ့။
တရုတ်ပြည်ကတော့ လာမယ့်ဆောင်းတွင်းမှာ ပြည်တွင်းလောင်စာဖူလုံဖို့အတွက် သဘာဝဓါတ်ငွေ့ရည်ကို ဥရောပနဲ့ တခြားအာရှနိုင်ငံတွေကို ထုတ်မရောင်းဖို့ အမိန့်ထုတ်လိုက်ပါတယ်။ အနောက်နိုင်ငံတွေက ရုရှားကို ဆန်ရှင်လုပ်တော့ အမြတ်ထွက်တာက တရုတ်ပါပဲ။ ရုရှားဓါတ်ငွေ့ကို တဝက်ဈေးနဲ့ ရထားလိုက်တာပါ။ အရင်က တရုတ်ပြည်က လောင်စာလိုအပ်ချက် အလွန်များခဲ့ပေမယ့် စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေး လာတာနဲ့အမျှ လောင်စာလိုအပ်ချက်က လျော့ကျလာခဲ့လို့ အခုလို ပြန်ထုတ်ရောင်းနေခဲ့တာပါ။
ဂျိမ်းစ်ဂေါ်ဒန်မိခ်ဆိုတဲ့ အမ်မီဆုရ ပရိုဂျုစာနဲ့ အများလေးစားကြတဲ့ နိုင်ငံတော်လုံခြုံရေးအလေးပြု စုံစမ်းရေးသတင်းထောက်ဟာ သူ့ဘဝရဲ့ အတောက်ပဆုံးအချိန်မှာ အက်ဖ်ဘီအိုင်တွေ လာဖမ်းခေါ်သွားတဲ့ ဧပြီ ၂၇ နံနက်အစောကြီးထဲက ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ဝင်ဖမ်းတာက ၁၀မိနစ်ခန့်သာကြာပြီး ဒေသခံရဲကားအနည်းငယ်နဲ့အတူ အက်ဖ်ဘီအိုင်ဝင်စီးတဲ့ ဖြစ်ရပ်တွေမှာ ပါနေကျဖြစ်တဲ့ လက်နက်တပ်ဆင်ထားတဲ့ စစ်သုံးယာဥ်တစီးနဲ့ မှန်အမဲတွေတပ်ထားတဲ့ SUV အကြီးတစီး ပါဝင်ပေမယ့် ကားတွေမှာ ဘာဌာနတံဆိပ်မှ တပ်မထားဘူးလို့ အိမ်နီးချင်းမိတ်ဆွေက ဆိုပါတယ်။
အသက် ၅၂နှစ်ရှိပြီဖြစ်တဲ့ မိခ်ဟာ ဘိုင်ဒင်ရဲ့ အာဖဂန်ကနေ အမေရိကန်နဲ့ မဟာမိတ် တပ်တွေ အိုးနင်းခွက်နင်းဆုတ်လာခဲ့ရတဲ့ မနှစ်ကအကြောင်း စာအုပ်ကို အချောသတ်နေခဲ့တာပါ။ ဝင်ငွေကောင်းတဲ့ အေဘီစီသတင်းဌာနအလုပ်မှာလည်း စာချုပ်သက်တမ်းမပြည့်သေးခင် ပျောက်သွားတာဖြစ်ပြီး အေဘီစီကတော့ ရုတ်တရက်ကြီး နှုတ်ထွက်သွားတယ်လို့ ဆိုပါတယ်။ တချို့က မိခ်မှာ လျို့ဝှက်သတင်းတွေ ရှိနေလို့ အဖမ်းခံသွားရတာလို့ မှန်းပြောနေကြပေမယ့် သူ့ရှေ့နေကတော့ သူ့သမ္ဘာနဲ့ ဒါမျိုးမဖြစ်နိုင်ဘူးလို့ ငြင်းဆိုပါတယ်။ ဒီလို အက်ဖ်ဘီအိုင်က ဝင်ဖမ်းသွားပြီး အစအန ပေါ်မလာတာ ဘိုင်ဒင့်လက်ထက်မှာ မိခ်ဟာ ပထမဆုံးဖြစ်ပါတယ်။ အခုကိစ္စက သတင်းထောက်တိုင်းကို သတိပေးသံချောင်း ခေါက်လိုက်သလိုပါပဲ။
အမ်အက်စ်အန်ဘီစီက သတင်းထောက် ဒေးဗစ်ဖရမ်ကတော့ အီလွန်က ယူကရိန်းကို ပေးသုံးထားတဲ့ ရဲ့ စတားလင့်ခ်ဂြိုလ်တုစနစ်ကို ရပ်တံ့ခဲ့ရင် အစိုးရပိုင်အဖြစ် သိမ်းယူဖို့ အမေရိကန်အစိုးရက စီစဥ်သင့်ပြီလို့ ဆိုပါတယ်။ စစ်ကို ရပ်စေချင်တာ စစ်မကြိုက်တဲ့ အီလွန်ရဲ့ စိတ်ရင်းအမှန်ဖြစ်မှာပါ။ နိုင်ငံရေးသမားမဟုတ်တော့ အကောင်းဆုံးဖြစ်မယ့်နည်းလမ်း(သို့) အဖြစ်နိုင်ဆုံးနည်းကိုလည်း သိချင်မှ သိပါလိမ့်မယ်။ အဲဒီလိုနည်းမျိုးလည်း ရှိရင်တောင် ဘယ်သူမှ မသိနိုင်ပါဘူး။ စတားလင့်ခ်တွေ ခဏပြတ်တောက်သွားတယ်ဆိုတာလည်း မီးတွေ အင်တာနက်တွေတောင် ပြတ်တတ်သေးတာဆိုတော့ တမင်လုပ်တာလည်း ဖြစ်ချင်မှ ဖြစ်မှာပါ။ သေချာအကြောင်းရင်းသိရအောင် မကြိုးစားပဲ ဖရီးစပိချ်ကို ကာကွယ်ပေးချင်တာလို့ ကြွေးကြော်ပြီး တွဒ်တာဝယ်တာနဲ့ ဝိုင်းတိုက်ခိုက်ကြတော့တာပါ။
အီလွန်က တွဒ်တာကို ဝယ်သလိုပဲ အီလွန့်နဲ့ သိပ်ခင်တဲ့ ခညေးဝက်စ်ကလည်း ကွန်ဆာဗေးတစ်မက်ဆစ်ဂျင်းအက်ပ်တခုဖြစ်တဲ့ ပါလာကို ဝယ်ယူတော့မှာဖြစ်ပါတယ်။
နယူးယောက်မြို့ ရန်ဒဲလ်ကျွန်းပေါ်က အိမ်ယာမဲ့များအတွက် ဖွင့်လှစ်ထားတဲ့ ခိုလှုံရာနေရာဟာ အထပ်မြင့်အဆောက်အဦဖြစ်ပြီး အထပ်တိုင်းမှာ အနံ့အသက်ဆိုးရွားသလို အိမ်သာ/ရေချိုးခန်းတွေဟာလည်း ဆိုးရွားတဲ့အခြေအနေမှာ ရှိနေပြီး လူ့အညစ်အကြေးတွေ နေရာတိုင်းမှာ တွေ့နေရတယ်လို့ နေထိုင်သူတဦးက ဆိုပါတယ်။ ကျွေးတဲ့အစာတွေကလည်း ဘာမှန်းမသိတာက များနေပြီး တီဗီခန်းမှာလည်း တလုံးတည်းသောတီဗီပဲ ရှိတယ်လို့ ပြောသွားပါတယ်။ အဲဒီကနေ လှမ်းမြင်နေရတဲ့ ခိုးဝင်တွေအတွက် အသစ်ဖွင့်လှစ်ပေးထားတဲ့ တန့်စီးတီမှာတော့ အိပ်ရာ/ခေါင်းအုံး/စောင်အသစ်တွေအပြင် တီဗီတွေ၊ ဂိမ်းဆော့စရာတွေ၊ ပင်းပေါင်စားပွဲတွေ၊ လက်လှည့်ဘောလုံးစားပွဲတွေ၊ စား/သောက်စရာတွေ၊ အဝတ်လျော်စက်အသစ်တွေ တပ်ဆင်ပေးထားတဲ့အတွက် အမေရိကန်စစ်စစ်ဖြစ်တဲ့ အခြေအနေမဲ့တွေက မကျေနပ်နေကြတာပါ။
အဲဒီ HELP Meyer ဆိုတဲ့အဆောက်အဦမှာ အိမ်ယာမဲ့တွေအတွက် အစိုးရက တဦးကို တလ ၅၃၀၀ အကုန်ခံပြီး လူလွတ်အမျိုးသား၂၀၀အတွက် အဆောင်လိုမျိုး ၉၅ခန်းကို ၆၄.၇သန်း အကုန်ခံပေးထားတာ ဖြစ်ပါတယ်။ အဲဒီလောက်ပိုက်ဆံနဲ့ တော်တော်အဆင်ပြေပြေ နေနိုင်ပေမယ့် ခြစားအုပ်ချုပ်သူတွေကြားမှာ ကန်ထရိုက်က လက်သင့်ရာ ပေးကြတဲ့ထုံးစံဖြစ်လို့ ပေးကားပေး၏ မရ ဆိုတာမျိုး ဖြစ်နေကြတာပါ။