ဒီဘိတ်တွေ ကြည့်ရတာလည်း ခန္တီပါရမီ တော်တော်မွေးရပါတယ်။ တချိန်လုံးက ရေနံတူးခွင့် ပိတ်ပင်ဖို့၊ ၃၈ပတ်မိခင်လောင်းကို မွေးဖျက်ဖျက်ဖို့တောင် ဆော်သြနေခဲ့တဲ့ ဒီမိုကရက်တွေက ဒီဘိတ်မှာကျတော့ ရေနံတူးခွင့်ပြုမှာလိုလို၊ ရိုးဗီဝိဒ်စီရင်ထုံးအတိုင်းပဲ ပြန်ဖြစ်စေချင်တာလိုလိုနဲ့ ညာချ ဝါးချပြီး မုသားရွှင်ရွှင်နဲ့ ပြည်သူကို အထင်သေးစော်ကားသွားကြပါတယ်။ ဘိုင်ကြီးလည်း ရကပွဲမတိုင်ခင်က အဲဒီလိုပဲ ရေနံတူးတာနဲ့ အသက်မွေးတဲ့ပြည်နယ်တွေရောက်ရင် ရေနံတူးရမှာပေါ့လို့ ပြောပြီး တခြားပြည်နယ်တွေရောက်ရင် ပေးမတူးဘူးလို့ ဗလောင်းဗလဲ ပြောပြန်ပါတယ်။ ကိုယ်ဝန်ကိစ္စလည်း အဲဒီလိုပါပဲ။ ဟိုလူမေးတမျိုး၊ ဒီလူမေးတမျိုးပါ။ အိမ်ဖြူရောက်မှ လုပ်ချင်တာလုပ်တာပါ။ ဟူစိန်လဲဒီလိုပါပဲ။
ရိုးဗီဝိဒ်စီရင်ထုံးမှာတောင် ပထမ၃လပဲ မိခင်သဘောနဲ့ ဖျက်ခွင့်ပေးတာပါ၊ ဒုတိယ ၃လက မိခင်ကျန်းမာရေးထိခိုက်မှ ဆိုင်ရာပြည်နယ် ဥပဒေနဲ့အညီ ဆုံးဖြတ်ရတာဖြစ်ပြီး တတိယ၃လကိုတော့ ကလေးက အပြင်မှာ ရှင်နိုင်တဲ့အတွက် ဖျက်ခွင့် မပြုထားပါဘူး။ အဲဒါကို ရိုးအမှုအတိုင်းဆိုပြီး ရောချနေတာပါ။ ကိုယ်ဝန်ကိစ္စကို တွန်းနေတာကလည်း အမျိုးသမီးမဲရဖို့ ရွေးချယ်ပိုင်ခွင့်ဆိုပြီး နားလှည့်ပါးရိုက်တဲ့ ရည်ရွယ်ချက် တခုတည်း မကပါဘူး။ လူလျော့ဖို့ကလည်း ကျွဲကူးရေပါပါပဲ။
အိုဘားမားကတောင် ဒီမိုကရက်တွေကို ထရမ့်ကိုချည့် လှိမ့်တိုက်ခိုက်မနေပဲ လူတွေနေ့စဥ်ကြုံနေရတဲ့ ပြဿနာတွေအကြောင်း ပြောဖို့ သတိပေးနေရပါပြီ။ လောလောဆယ် ငွေဖောင်းပွမှုနဲ့ ရာဇဝတ်မှုတက်တာက ပြည်သူအများအတွက် အရေးအကြီးဆုံးဖြစ်ပေမယ့် ဘယ်ဒီမိုကရက်ကမှ အဲဒီအကြောင်းတွေကို အရေးတယူပြောသွားတာ မရှိပါဘူး။ ဘိုင်ကြီးကလည်း မစ်တမ်းမတိုင်ခင် ဓါတ်ဆီဈေးငြိမ်အောင် အရေးပေါ်အတွက် သိမ်းထားတာတွေကိုပဲ လှိမ့်ထုတ်နေတာပါ။ အဲဒီရေနံတွေက နှစ်ပေါင်း ၃၄နှစ်ကြာ စုထားရတာ၊ ခုတော့ ၁၉၈၄က ပမာဏလောက်အထိ ပြန်ကျသွားပြီ။ ဆောင်းတွင်းကြီး တခုခုဖြစ်လိုက်လို့ အရေးပေါ်ရေနံ မရှိ/မလောက်တော့ရင် ရန်သူတွေအကြိုက် တွေ့ကြဦးမှာပေါ့။
နောက်ထပ် ဘိုင်ဒန်တို့ ဆွယ်လေ့ရှိတဲ့ပုံက တဆိတ်လောက်ကို တအိတ်လောက် ပုံကြီးချဲ့ပြီး မဲချူတာပါ။ ဆေးခြောက်လက်ဝယ်တွေ့တာနဲ့ ပတ်သက်တဲ့အမှုတွေအားလုံး လွှတ်တယ်လို့ ကြေငြာပေမယ့် တကယ်တမ်း ဆေးခြောက်လက်ထဲထားရုံနဲ့ ထောင်ကျတဲ့သူက မနှစ်ကတနှစ်လုံးမှာ ၃၆ဦးလားရှိတာပါ။ စတူးဒန့်လုံးလဲဒီလိုပါပဲ။ ဘာနဲ့အကျုံးဝင်မှဆိုတာကို ကန့်သတ်ထားတဲ့အပြင် နောက်ပိုင်းမှာ အများကြီးထပ်ပြီး ကန့်သတ်လိုက်ပြန်ပါတယ်။ ဒါပေမယ့် အဲဒါတွေအကြောင်း မပြောကြပဲ စတူးဒန့်လုံး လျှော်ပေးတဲ့အကြောင်းပဲ ထပ်ခါထပ်ခါ ဝေဝေဆာဆာကြေငြာပြီး မဲချူကြတာပါ။ သူတို့လုပ်တတ်တာလေးတွေ မှတ်ထားတော့ နောက်သတိထားနိုင်အောင်လို့ပါ။
ဒီမိုခွက်တွေ မျက်လှည့်ပြတဲ့ထဲမှာ ကယ်လီဖိုးနီးယားက ပရော့ပ်၃၁လည်းအပါအဝင်ဖြစ်ပါတယ်။ အဲဒါက ဆေးရွက်ကြီးထုတ်ကုန်တွေကို ကလေးတွေကြိုက်တဲ့ သကြားလုံးအနံ့တွေနဲ့ ထုတ်တာကို တားမြစ်ဖို့ ပိုက်ဆံတောင်းတာပါ။ အပေါ်ယံကြည့်ရင်တော့ သာဓုအကြိမ်ကြိမ် ခေါ်ချင်စရာပါ။ အမှန်က ၂၁နှစ်အောက်တွေက ဆေးရွက်ကြီးနဲ့ပတ်သက်တာကို တရားဝင်ဝယ်လို့ကို မရပါဘူး။ နယ်စပ်ကအပွင့်နဲ့ မူးယစ်ရာဇာတွေ မှောင်ခိုတွေကို ဖြတ်ပြီးမှ ဒီထဲရောက်တဲ့ ခိုးဝင်တွေထဲမှာလည်း ရောက်ရာအရပ်မှာ ခိုးဖြန့်မယ့်သူတွေ ပါမယ်ဆိုတာ သိပ်စဥ်းစားနေစရာ မလိုပါဘူး။ ရဲဘတ်ဂျက်တွေလျော့တော့ အဲဒါတွေလည်း လွတ်လပ်ရေးရမှာပါပဲ။ တရားမဝင်ရောင်းတာတွေအပေါ် ဘာဥပဒေမှ အကျုံးဝင်မှာမဟုတ်တဲ့အတွက် အဲဒီဘတ်ဂျက်ဆိုတာကလည်း ကြားကောင်းအောင် လိမ်တောင်းတာထက် မပိုပါဘူး။ အပေါ်ယံလောက်ပဲ နားထောင်ရင် ကြွေဆင်းသွားနိုင်တဲ့ MLM လိုမျိုး လှည့်ကွက်တွေပါ။