မစ်တမ်းသုံးသပ်ချက် (အပိုင်း ၁)

အမေရိကန်ရဲ့ အောက်လွှတ်တော် သက်တမ်းဟာ ၂နှစ်ဖြစ်တဲ့အတွက် အောက်လွှတ်တော်အမတ် အားလုံးဟာ  မစ်တမ်းရော အထွေထွေရကပွဲမှာရော ဝင်ပြိုင်ကြရပါတယ်။ အထက်လွှတ်တော် သက်တမ်းကတော့ ၆နှစ်ဖြစ်ပြီး ၃ပုံ၁ပုံက ၂နှစ်တခါ အလှည့်ကျ ရွေးကောက်ပွဲ ပြန်ဝင်ရပါတယ်။

အမေရိကန်သမိုင်းမှာ သမ္မတရဲ့ ပါတီက အထွေထွေရွေးကောက်ပွဲမှာ အသာရလေ့ရှိပြီး မစ်တမ်းဆိုရင်တော့ အတိုက်အခံဖက်က အသာရတာ ထုံးစံလိုဖြစ်ပါတယ်။ အဲဒီလို ယိမ်းခြင်းအားဖြင့် အုပ်ချုပ်ရေးနဲ့ ဥပဒေ အာဏာ ချိန်ခွင်လျှာ ညီမျှစေတာကြောင့် အမေရိကန်ပြည်သူအများက အဲဒီလို အာဏာ ယိမ်းတာကို ဖြစ်သင့်တဲ့ ထုံးစံတခုအဖြစ် လက်ခံထားခဲ့ကြပါတယ်။ အာဏာချိန်ခွင် မျှနေခဲ့သေးတာက ၂၀၁၈အထိပဲလို့ ဆိုနိုင်ပါတယ်။

မစ်တမ်းတွေမှာ အာဏာချိန်သီး ယိမ်းလေ့ရှိတဲ့ဓလေ့ဟာ သမ္မတပေါ်လစီတွေကို လူမကြိုက်တဲ့အခါတွေမှာ ပိုပြင်းထန်လေ့ ရှိပါတယ်။ ကလင်တန်လက်ထက် ၁၉၉၄မစ်တမ်းမှာ ဒီမိုကရက်တွေ အောက်လွှတ်တော်မှာ ၅၄နေရာ လက်လွှတ်ခဲ့ရသလို အိုဘားမားလက်ထက် ၂၀၁၀ မစ်တမ်းမှာ ဒီမိုကရက်တွေ ၆၃နေရာ လက်လွှတ်ခဲ့ရတာပါ။ အဲဒီ ၂ဦးနဲ့စာရင် မယှဥ်နိုင်လောက်အောင် လူကြိုက်အများကြီးပိုနည်းတဲ့ အိုးနင်းခွက်နင်းဘိုင်ဒန်လက်ထက်မစ်တမ်းမှာ ဒီမိုကရက်တွေ လက်လွှတ်ရတာ အောက်လွှတ်တော်မှာ နေရာ ၂၀ ကျော်ဖို့တောင် မလွယ်ပါဘူး။

ထုံးစံအတိုင်း ရွေးကောက်ပွဲတွေမှာ မှန်းသလောက် မနိုင်ဘူးဆိုရင် အပြစ်ရှာကြတာက အရင်လာပါတယ်။ ထရမ့်မုန်းတဲ့လူတွေက ထရမ့်လူကြိုက်နည်းနေပြီဆိုပြီး ဝင်ဆွမ်းကြီးလောင်းကြသလို အိမ်ကျယ်ကွန်ဆာဗေးတစ်များကလည်း ကန်းဒီဒိတ်အရည်အသွေးက အရေးကြီးကြောင်း အချင်းချင်းတွေ အိမ်ကြက်ချင်း အိုးမဲသုတ်ကြပြန်ပါတယ်။ ဖက်တာမန်းနဲ့အော့ဇ် ပဲယှဥ်ကြည့်ကြည့် ကာရီလိတ်ခ်နဲ့ ကေတီဟော့ဘ်စ်ပဲ ယှဥ်ကြည့်ကြည့် ကေသီဟိုကူလ်နဲ့ လီဇယ်လ်ဒင်နဲ့ပဲ​ ယှဥ်ကြည့်ကြည့် ရီပါဘလစ်ကန်ကန်ဒီဒိတ်တွေ ဘယ်နားညံ့နေလို့လဲ။ ထရမ့် လူကြိုက်နည်းသွားပြီဆိုရအောင်လည်း သူထောက်ခံပေးတဲ့ ၂၃၅ဦးထဲက ၂၁၆ဦး နိုင်သေးတာပဲလေ။ အိုဘားမားတို့ ဘိုင်ဒန်တို့ အဲဒီလို ပြောနိုင်လို့လား။

တချို့ကလည်း ရီပါဘလစ်ကန်ခေါင်းဆောင်ပိုင်း အသုံးမကျတာလို့ ဆိုပါတယ်။ ပါတီတာဝန်ရှိသူတွေအနေနဲ့ ကြိုသိထားတာတွေအပေါ်  ကြိုတင်ပြင်ဆင်ထားသလား၊ လူထုမပါပဲ ဘာမှ အောင်မြင်မှာမဟုတ်တဲ့အတွက် လူထုပါဝင်ဖို့ ဘာတွေ လုပ်ထားသလဲဆိုတာကတော့ စီစစ်ရမှာပါပဲ။ လုပ်သင့်သလောက် မလုပ်နေရင်တော့ ပိုလုပ်နိုင်မယ့်သူ တင်ပေါ့။ ပိုဆိုးတာက လွှတ်တော်ထဲက သာပေါင်းညာစား ရီပါဘလစ်ကန်ခေါင်းဆောင်တွေ။ နိုင်ငံရေးအပါးဝနေသူတွေပီပီ မလိုအပ်ပဲ လက်သည်းထုတ်မပြ၊ ပြည်သူအတွက်လည်း ဘာမှ ထိရောက်အောင်မလုပ်၊ အရိုးမပါတဲ့ လျှာနဲ့ အဆံမပါတဲ့ လေသေနတ်တွေ ပစ်ပြီး တကယ်အက်စ်တာဘလစ်ရှ်မန့်ကို ထိလာတော့မယ်ဆိုမှ နောက်ကျော ဓါးနဲ့ထိုးမယ့်သူတွေကို ပါတီတွင်းကနေ တဖြည်းဖြည်း ရှင်းပြစ်ရမှာပါ။  

အရင် အကြိမ်ကြိမ်ရေးခဲ့သလိုပါပဲ၊ လွှတ်တော်ထဲမှာ ခြစားတွေ နှစ်ဖက်စလုံးမှာရှိတယ်၊ တရုပ်ကြီးက ဒီမိုကရက်တွေပဲ​ အိတ်ထဲထည့်ထားပြီး​ရီပါဘလစ်ကန် တကောင်မှ ဝယ်မထားဘူးဆိုတာ ဖြစ်နိုင်မလား စဥ်းစားပေါ့။ ဘယ်ကောင်ခြစားလဲသိချင်ရင် ပြည်သူ့အကျိုးအတွက် ဖြစ်သင့်တာကို မကြောက်မရွံ့ ပြောရဲ လုပ်ရဲသလားဆိုတာကို ကြည့်ရပါမယ်။ အရှင်းဆုံးပြောရင်တော့ ပလန်ဒဲမစ်ရဲ့ ဇစ်မြစ်ဖြစ်တဲ့ တရုပ်ကို ထိထိရောက်ရောက် ဝေဖန်ဖူးလား အရေးယူဖို့ ကြိုးစားဖူးလားဆိုတာနဲ့ တိုင်းရင် အဖြေပေါ်ပါလိမ့်မယ်။

ဝေဖန်နေကြသူတွေဆီက သိပ်မကြားရပေမယ့် အရေးအကြီးဆုံးဖြစ်နေတာတခုကတော့ စာတိုက်မဲတွေပဲ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာဆိုရင် (ကြိုတင်မဲ) စာတိုက်မဲ မယူဘူးလို့ ရွေးထားတဲ့သူကအစ လူတိုင်းကို ဖောဖောသီသီ ပို့ပါတယ်။ ရာဇဝတ်ပြစ်ဒဏ် ခံရဖူးသူတွေ မဲပေးခွင့်မရှိတာကိုလည်း ရှိလာအောင် ဖြေလျော့ပေးထားပြီး မဲပေးခွင့်မရှိပဲ ပေးရင်တောင် အရေးယူလို့မရအောင် ဥပဒေ ဖန်တီးထားပြန်ပါတယ်။ ကြိုတင်မဲတွေ လက်ထဲရှိနေတော့လည်း အလွယ်ကြိုက်တဲ့ လူ့သဘာဝအရက (မဲပေးရက်မှာ အားနေရင်တောင်) လွယ်တဲ့နေရာမှာပဲ ထည့်လိုက်ကြမှာပါပဲ။ အရေးကြီးတဲ့နေရာတွေမှာတော့ အဲဒီကြိုတင်မဲတွေက ပိုက်ဆံတွေလည်း ဖြစ်သွားနိုင်သလို ရလာဒ်ကို လိုသလို ချုံ့နိုင်ဆန့်နိုင်တဲ့ လက်နက်တွေလည်း ဖြစ်သွားကြတာပါ။ ရီပါဘလစ်ကန်တွေက မဲပေးရင် အိုင်ဒီပြရမယ်ဆိုတာကို ရေ့စစ်လို့ သမုတ်ပြီး အိုင်ဒီမလိုအောင် ဥပဒေတွေ လုပ်ထားတာကလည်း ကြိုတင်မဲတွေကို ဖောင်းပွစေတာပါပဲ။

ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ ဒီနှစ်ထဲမှာ မဲပေးတဲ့ ဥပဒေကို ပြည်နယ် ၁၈ခုမှာ ပြင်ဆင်ခဲ့တာကလည်း ရွေးကောက်ပွဲတွေ ဘယ်လိုဖြစ်စေချင်တယ်ဆိုတာပေါ် အများကြီး သက်ရောက်မှုရှိပြန်ပါတယ်။ ပြင်ဆင်တဲ့ထဲမှာ အိုင်ဒဲဟို၊ လူဝီစီယားနား၊ နီဘရားစကား၊ အိုကလာဟိုးမား၊ ဖလော်ရီဒါနဲ့ ပင်ဆယ်လ်ဗေးနီးယားတို့က မဲပေးတဲ့ ဥပဒေတွေကို တင်းကျပ်ခဲ့ကြပြီး အပြာအများစုဖြစ်တဲ့ ကျန်ပြည်နယ်တွေမှာ တချို့ကျပ်၊ တချို့ဖြေလျော့ကြတာရှိသလို ကယ်လီဖိုးနီးယားတို့ အီလီနွိုင်းတို့လို အပြာရင့်ပြည်နယ်တွေမှာ လုံးဝ လျော့တိလျော့ရဲ လုပ်ပစ်လိုက်တာဖြစ်ပါတယ်။ အပြာပြည်နယ်အများစု ဖြေလျော့တာကတော့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ပလန်ဒဲမစ်တုန်းက ယာယီသုံးလိုက်တာမှာ အရသာတွေ့နေတော့ ဆက်သုံးချင်နေကြတာဖြစ်ပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေတခုကတော့ စီအန်အန်က စစ်တမ်းကောက်တဲ့သူတဦးက ပြောတဲ့ အသက် ၂၉အောက် ဂျန်ဇီတွေ ဖြစ်ပါတယ်။ ရီပါဘလစ်ကန်တွေကို မဲပေးသူအများစုက အသက် ၄၀ကျော်တွေ ဖြစ်ကြပေမယ့် ဒီမိုကရက်မဲပေးသူအများစုက အသက် ၃၀အောက် လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘဝအတွေ့အကြုံနည်းပါးပြီး အိုဘားမားတက်ပြီးနောက်မှာ ပိုကျယ်ပြန့်လာတဲ့ ဦးနှောက်ဆေးပြင်ညာရေးနဲ့ ကြီးပြင်းလာကြသူတွေဖြစ်လို့ လက်ဝဲစနစ်ဖက်ကို အားသန်ကြတာ သိပ်တော့ အံ့ဩစရာ မဟုတ်ပါဘူး။ ဒီကလူကြီးတွေ ပြောလေ့ရှိတဲ့ “ငယ်တုန်းမှာ ဘုံဝါဒတို့ အားလုံးတန်းတူညီမျှရေးတို့ကို စိတ်မဝင်စားသူတွေဟာ နှလုံးသားမရှိသူတွေဖြစ်ပြီး ဘဝအတွေ့အကြုံလေး ရလာတဲ့အရွယ်မှာ လက်တွေ့သုံးစားမရတဲ့ လက်ဝဲလမ်းစဥ်ကို ဆက်လက်ဖက်တွယ်ထားနေသေးရင်တော့ ဦးနှောက်မရှိသူတွေ ဖြစ်တယ်” ဆိုတာကို သွားသတိရမိပါတယ်။ ဒီအုပ်စုက အမုန်းတွေနဲ့ နပမ်းလုံးမနေသ၍ အလုပ်သေချာလုပ်ပြီး ဘဝအကြောင်း လူတွေအကြောင်း နားလည်လာတဲ့တနေ့မှာ အမြင်မှန် ရလာနိုင်ပါသေးတယ်။

မစ်တမ်းရလာဒ်တွေကို ပြောင်းလဲစေနိုင်တဲ့ နောက်တချက်ကတော့ အီလိတွေ တက်ကီတွေရဲ့ ဝင်ရောက် စွက်ဖက်မှုပဲဖြစ်ပါတယ်။ မစ်တမ်းအတွက် ဆိုရော့စ်က သန်းရာချီသုံးထားခဲ့သလို ဖွဘုတ်ကလည်း ထုံးစံအတိုင်း ရီပါဘလစ်ကန်ဘက်ကအသံတွေ မပြန့်အောင် အယ်လ်ဂိုရစ်သမ်ကလဖန်အမျိုးစုံထိုးပြီး ညစ်ထားခဲ့ပါတယ်။ အလားတူပဲ ဂူဂယ်လ်ကလည်း အယ်လ်ဂိုရစ်သမ်တွေကစားပြီး ဆာ့ချ်မှာရော ယူကျုမှာပါ လူတွေခေါင်းထဲ မျက်စေ့ထဲ သူတို့တွေ့စေချင်တာပဲ တွေ့နေအောင် ဦးနှောက်ဖန်လုံအိမ်ရပ်ဝန်းလေးတွေ ဖန်တီးနေခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: