Iceland ခရီးသွားမှတ်တမ်း

အိုက်စ်လန်ဆိုတဲ့ နာမည်ကို ကြားလိုက်တယ်ဆိုရင်ပဲ ဟာ အရမ်းအေးမှာပေါ့၊ ရေခဲပြင်တွေပဲ ရှိမယ့်နေရာလို့ ထင်တတ်ကြပါတယ်။​ အိုက်စ်လန်ကို ဆောင်းတွင်းမှာ သွားတယ်ဆိုရင်တော့ ပိုအံ့အားသင့်ကြမယ်ထင်ပါတယ်။ တကယ်က အဲဒီလို မြေပုံပေါ်မှာ အဲဒီလို ရေခဲပြင်တွေနဲ့ ဖုံးလွမ်းနေတာက Greenland ဖြစ်ပါတယ်။ နာမည်ပေးတဲ့သူတွေပဲ မှားပေးသလားတော့ မသိပါဘူး၊​ လက်တွေ့မှာ အိုက်စ်လန်က ရေခဲတွေ ဖုံးနေတာမဟုတ်ပဲ စိမ်းလန်းစိုပြေနေပြီး အစိမ်းရောင်မြေ ဂရင်းလန်ကမှ ရေခဲတွေ ဖုံးလွမ်းနေတာပါ။ Iceland အေးတာကတော့ နယူးယောက်လောက်ပါပဲ။

လူဦးရေ ၃သိန်းခွဲလောက်ပဲရှိတဲ့ အိုက်စ်လန်ရဲ့ မြို့တော်က Reykjavik ဖြစ်ပြီး Keflavik နိုင်ငံတကာလေဆိပ်ကနေ ၁နာရီလောက် ကားစီးရပါတယ်။​ ကားငှါးသွားရင် တကြောင်းကို $ 150 လောက် ပေးရမှာပါ။ ဘတ်စ်ကားစီးရင်တော့ အသွားအပြန်ကိုမှ $150 လောက်ကျမှာဖြစ်ပါတယ်။ လူများရင်တော့ တက္ကစီနဲ့က ပိုတန်မှာပါ။ အဝေးပြေးဘတ်စ်ကားလိုင်းကလည်း ကြီးကြီး ၂ခုပဲရှိပါတယ်၊ ဖလိုင်းဘတ်စ်နဲ့ ဂရေးလိုင်းပါ။ လေဆိပ်နဲ့ မြို့တော်ကြား ပြေးဆွဲသလို tour တွေလည်းရှိပြီး ကိုယ်သွားချင်တဲ့ တိုးရ်တွေကိုလည်း သူတို့ဆီမှာ ဝယ်လို့ရပါတယ်။ အဲဲဒီအဝေးပြေးဘတ်စ်ကားကနေ ရေကြာဗစ်က စတေရှင်ကို ရောက်ရင် ဘတ်စ်မှာပါတဲ့လူတွေ တည်းတဲ့ ဟိုတယ်နဲ့ နီးတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတွေကို ဗန်ကားလေးတွေနဲ့ လိုက်ချပေးပါတယ်။​ အဲဒီကနေ လမ်းလျောက်သွားရုံပါပဲ။ 

Tour တွေနဲ့မဟုတ်ပဲ shopping mall တို့ ကိုဗစ်စစ်ပေးတဲ့နေရာတို့ စတာတွေ သွားချင်တယ်ဆိုရင် ဘတ်စ်နဲ့ သွားလို့ရသလို taxi နဲ့လည်း သွားနိုင်ပါတယ်။ Taxi နဲ့သွားမယ်ဆိုရင်တော့ ဟိုတယ်ကလူတွေ ခေါ်ခိုင်းလို့ရပါတယ်။ အပြန်ကိုတော့ ဆိုင်တခုခု (သို့) တယောက်ယောက်အကူအညီတောင်း (သို့) လူလာပို့တဲ့ taxi အပြန်ကို တားပြီး စီးလို့ရပါတယ်။ အင်္ဂလိပ်လို နားလည်ကြတာနည်းလို့ ကိုယ့်ဟိုတယ်နာမည်နဲ့ ဘတ်စ်ကားမှတ်တိုင်ကိုတော့ သေချာ မှတ်မိဖို့ လိုပါတယ်။

ဆောင်းတွင်းမှာ အိုက်စ်လန်ရောက်ရောက်ချင်း အရင်ဆုံးရင်ဆိုင်ရမှာက နေ့တာ တိုလွန်းတာပဲ ဖြစ်ပါတယ်။ နံနက်ဖက်ဆို နေက ၁၁နာရီလောက်မှထွက်ပြီး ၃နာရီဆို လုံးဝ မှောင်နေပါပြီ။ စီးသွားတဲ့လေယာဥ်က နံနက်အစောကြီးဆိုက်တာဆိုတော့ လေဆိပ်ကနေ ဘတ်စ်စောင့်၊ ဘတ်စ်စီး၊ ဗန်စီး၊ လမ်းလျောက်ပြီး ဟိုတယ်ရောက်တာတောင် နံနက် ၈နာရီမထိုးသေးပါဘူး။ ဒါပေမယ့် ဟိုတယ်တွေက လက်ခံပေးသလို နံနက်စောစာကျွေးတာပါ တခါတည်း ဝင်စားလို့ရလို့ အဆင်ပြေပါတယ်။

အိုက်စ်လန်ကို ရောက်ရင် မဖြစ်မနေသွားကြည့်သင့်တာက မြောက်ပိုင်းက အလင်းရောင်တွေပဲဖြစ်ပါတယ်။ ဓါတ်ပုံတွေထဲမှာ အစိမ်းရောင်တိမ်တန်းတွေက အပြင်မှာတော့ ခရမ်းရောင်နဲနဲလေးသန်းတဲ့ အနားသတ်ရှိတဲ့ တောက်ပတဲ့ တိမ်တန်းကြီးတွေပါပဲ။ တခါတလေ ခရမ်းရောင်အနားသတ်လေးတွေပါ ထင်ထင်ရှားရှား မြင်ရတတ်တယ်လို့လည်း ဆိုပါတယ်။ ပကတိမျက်စိနဲ့ကြည့်ရင် အရောင်စုံမမြင်ရသလို အမြဲလဲမရှိ နေရာတိုင်းကလည်း တွေ့ရတာတော့မဟုတ်ပါဘူး။ ရေကြာဗစ်ကနေ ၁နာရီနီးပါးလောက် မောင်းရတဲ့ ချိုင့်ဝှမ်းထဲကနေ သွားကြည့်ရပါတယ်။ ဘတ်စ်နဲ့ ခရီးစဥ်တွေရှိသလို ဗန်ကားတွေနဲ့ရော မော်တော်ဘုတ်လေးတွေနဲ့ရော ကြည့်ဖို့ရွေးလို့ ရပါတယ်။ ည ၉နာရီစထွက်လို့ ည ၁၀နာရီလောက်ရောက်ပြီးရင် ၁၁ နာရီကျောကျော်လောက်အထိ စောင့်ကြည့်ကြပါတယ်။ တခါတလေလည်း အနည်းငယ်တောက်ပတဲ့ လေးကိုင်းသဏ္ဍန် တိမ်တန်းလေးတွေက လေအဝှေ့မှာ ပုံစံအမျိုးမျိုးပြောင်းပြီး လွင့်မျောနေကြသလို တခါတလေတော့လည်း တခဏအတွင်းမှာပဲ ပျောက်ကွယ်သွားတတ်ပြန်ပါတယ်။ 

ကျမတို့သွားတုန်းကတော့ အစပိုင်းမှာ လေးကိုင်းသဏ္ဍန်တိမ်တန်းလေး မိုးကုပ်သက်ဝိုင်းမှာ ပေါ်လာပြီး သိပ်မကြာမီမှာပဲ ပျောက်သွားပါတယ်။ ကောင်းကင်ကြီးကလည်း မှောင်မိုက်လာတော့ မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာက ၁၁ နာရီကျော် ပြန်ထွက်ခါနီးကျမှ တောက်ပထူထဲတဲ့တိမ်စုကြီး တဖြည်းဖြည်း ပေါ်လာပါတယ်။ တိမ်တွေရဲ့ သဘာဝအတိုင်း ပုံအမြဲပြောင်းနေပေမယ့် ၁၁း၄၅လောက်အထိ စောင့်ပေးပြီး ပြန်ထွက်လာတဲ့ အချိန်အထိ ရှိနေဆဲဖြစ်လို့ ဘတ်စ်ပေါ်ကနေတောင် မြင်နေရပါသေးတယ်။ တိမ်ထုစုစည်းမှု လျော့လျဲလာတာနဲ့အမျှ တောက်ပမှုက လျော့သွားပါတယ််။ 

Northern Lights

တခြားတိမ်တွေကို ဓါတ်ပုံရိုက်ရင် အစိမ်းရောင်တောက်တောက်မထွက်ပေမယ့် အဲဒီနေရာက တိမ်ကတော့ ထူးထူးခြားခြား အစိမ်းရောင်အဖြစ် ပေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေရာက အမေရိကန်ပလိတ်နဲ့ ယူရေးရှားပလိတ်တို့ ဆုံတဲ့နေရာဖြစ်ပြီး အဲဒီကထွက်လာတဲ့ ဓါတ်တွေက လေထဲမှာရှိတဲ့ ဓါတ်ငွေ့တွေ ပါဝင်ပစ္စည်းတွေကြောင့် အခုလို ဓါတ်ပြုပြီး တောက်ပနေတာလို့ ဆိုပါတယ်။ 

နောက်လူကြိုက်များတဲ့ နေရာတခုကတော့ ဘလူးလဂွန်းလို့ခေါ်တဲ့ ရေပူစမ်းပါ။ ရေပူစမ်းမှာစိမ်ဖို့ စျေးကတော့ တဦးကို $80 ကစပြီး $100 အထိ ကျနိုင်ပါတယ်။ ရေကူးအင်္ကျီပါမသွားလဲ ဝယ်လို့ရပါတယ်။ မီးတောင်က ပြာနဲ့ လုပ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေက ရေစိမ်ဖို့ လက်မှတ်ဝယ်ရင် ပါပါတယ်။ ရောင်းလည်းရောင်းပါတယ်။ အဲဒီနေရာကလည်း မြို့နဲ့ မနီးတာကြောင့် ကားတနာရီနီးပါးတော့ စီးရတာပါပဲ။ အဲဒီကိုတော့ တိုးရ်ဆိုတာထက် ဘတ်စ်ကားလက်မှတ်ဝယ်ပြီး သွားကြပါတယ်။ ကိုယ်ပြန်ချင်တဲ့အချိန်ဘတ်စ်ကို မှီအောင် ပြန်လို့ရပါတယ်။

မီးတောင်လို ရေအိုင်အဝလေးတွေကနေ အမြင့်ကြီးထိုးတက်တတ်တဲ့ ရေပူစမ်းကတော့ ဂိုင်ရှာရေပူစမ်းလို့ ခေါ်ပါတယ်။ မိနစ်အနည်းငယ်ကို တကြိမ် ထိုးထက်ပါတယ်။ တခါတလေ ကျယ်ကျယ်လောင်လောင် အော်မြည်ပြီး အမြင့်ကြီးထိုးတက်တတ်သလို တခါတလေတော့လည်း ခပ်နိမ့်နိမ့်ပဲ တက်ပါတယ်။​ အဲဒီကိုတော့ ရေချိုးဖို့မဟုတ်ပဲ ကြည့်ဖို့လောက်ပဲ သွားကြတာပါ။ စားသောက်ဆိုင်နဲ့ ပစ္စည်းရောင်းတဲ့ဆိုင်တွေတော့ ရှိပါတယ်။ တနာရီလည်ဖို့ အချိန်ပေးပါတယ်။

‎⁨Haukadalur Geothermal Field⁩, ⁨Bláskógabyggð⁩, ⁨South Iceland⁩, ⁨Iceland⁩

အိုက်စ်လန်မှာ Golden Falls ရေတံခွန်ကြီးက အမေရိကန်ရဲ့ နိုင်ရာဂရာရေတံခွန်လောက် မကြီးမား မကျယ်ပြန့်ပေမယ့် သေးတဲ့ထဲမှာတော့  မပါဝင်ပါဘူး။ အင်အားကောင်းသလောက် လှလည်းလှပါတယ်။ ဆောင်းတွင်းမှာတော့ စနိးတွေ ရေခဲတွေနဲ့ဆိုတော့ မြင်ကွင်းတမျိုးလှပါတယ်။ အကာအကွယ်မရှိတဲ့ ကွင်းပြင်ဆိုတော့ ဆောင်းတွင်းမှာ လေတိုက်ပြီး တော်တော်အေးပါတယ်။ 

ရေကြာဗစ်မှာ Hallgrimskirkja Church ကတော့ သွားလည်သင့်တဲ့ နေရာတခုပါပဲ။ ဖွင့်တဲ့အချိန်မှာ ဘုရားကျောင်းအတွင်းက လှပခန့်ညာတဲ့ လက်ရာတွေကြည့်လို့ရသလို pipe organ ကြီး ၂ခုကလည်း အထင်ကရဖြစ်ပါတယ်။ အပေါ်ကို တက်ကြည့်ချင်ရင် လက်မှတ်ဝယ်ရပါတယ်။ အပေါ်ကနေ တမြို့လုံးကို စီးမြင်ရတာကြောင့် အချိန်ရရင် တက်သင့်တဲ့နေရာတခုပါ။

ရေကြာဗစ်ကတော့ ဥရောပမြို့လေးပီပီ အိမ်သေးသေး လမ်းကျဥ်းကျဥ်းလေးတွေနဲ့ တမျိုးလှပါတယ်။ အိမ်တွေ နံရံတွေမှာ graffiti ရေးထားတတ်ကြသလို လမ်းတွေပေါ်မှာလည်း အရုပ်လေးတွေ ရေးထားတာ တွေ့ရပါတယ်။ မြို့ထဲပိုင်းမှာတော့ လူနေစိတ်တဲ့အတွက် လမ်းလျောက်ရင်းနဲ့ပဲ ဈေးဆိုင်တွေ စားသောက်ဆိုင်တွေ အမှတ်တရပစ္စည်းအရောင်းဆိုင်လေးတွေ ကုန်စုံဆိုင်လေးတွေဆီ သွားလို့ရပါတယ်။ အေးပေမယ့် လမ်းလျောက်နေရတော့လည်း သွေးပူသင့်သလောက် ပူသွားတာပါပဲ။

မြို့လည်က ဟိုတယ်တွေမှာ တည်းရင်တော့ ကုန်စုံဆိုင်လေးတွေ နီးနီးနားနား ရှိသလို ဘတ်စ်မှတ်တိုင်နဲ့လည်း နီးမှာဖြစ်ပါတယ်။ စားသောက်ဆိုင်တွေကတော့ ဗီယက်နမ်စားသောက်ဆိုင်တွေ ခမ်းခမ်းနားနားရှိသလို ထိုင်းဆိုင်တွေနဲ့ တရုပ်ဆိုင်တချို့ ဂရိအမြန်ရဆိုင်တွေ ရှိပါတယ်။ ဒေသစာလေးတွေရောင်းတဲ့ဆိုင်တွေက စျေးအမျိုးမျိုး အခင်းအကျင်းအမျိုးမျိုးနဲ့ ရှိပါတယ်။ ဈေးတွေက အမေရိကန်ထက် များပေမယ့် portion ကတော့ ဥရောပစတိုင်ဖြစ်တော့ လူတယောက် စားလောက်တယ်ဆိုရုံပါ။

ရာသီဥတုက အေးတော့ စားပင်တွေကို ဖန်လုံအိမ်နဲ့ပဲ စိုက်ရတာပါ။ ကျန်တဲ့နေရာတွေ ရှိပါသေးတယ်၊ နွေဆိုရင်လည်း နွေအလျောက် မြင်းစီးတာ စသဖြင့် လုပ်စရာ ကြည့်စရာတွေ ရှိမှာပါပဲ။ အိုက်စ်လန်မြောက်ပိုင်းမှာတော့ ဆောင်းတွင်းကစားကြတဲ့ နှင်းလျောစီးလို အပန်းဖြေစရာတွေရှိပါတယ်။ နောက်တနေရာကတော့ အမေရိကန်ပလိတ်နဲ့ ယူရေးရှားပလိတ်ဆုံတဲ့နေရာက faultline ဖြစ်ပါတယ်။ ကျောက်သားပြင်တွေ ပြတ်ရွေ့တွေကို မြင်နေရပါတယ်။

Game of Throne ကို အိုက်စ်လန်မှာရိုက်တာဖြစ်လို့ အဲဒီထဲမှာပါတဲ့နေရာတွေကို သွားလည်ချင်တယ်ဆိုရင် Game of Throne tour လို့ရှာပြီး သွားလည်လို့ ရပါတယ်။ နွေမှာသွားလို့ရတဲ့ နေရာတွေနဲ့ ဆောင်းမှာ သွားလို့ရတဲ့နေရာတွေတော့ ကွဲပါလိမ့်မယ်။

အိုက်စ်လန်မှာ မကြိုက်တာတခုကတော့ ရေက ရေပူစမ်းကအနံ့မျိုး ရနေသလို လေထုကလည်း တခါတခါ ရေပူစမ်းက ဆာလ်ဖာအနံ့ (ကြက်ဥပုတ်လိုအနံ့မျိုး)းက ခပ်သဲ့သဲ့ ရနေတတ်တာပါ။ ညမဟုတ်ပဲ မှောင်နေတတ်တော့ အချိန်ကို သတိထားရပါတယ်။ ရောက်တုန်းရောက်ခိုက်ဆိုတော့ မှောင်ထဲမှာပဲ လည်တတ်အောင် သွားရတာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: