Dr Aseem Malhotra ဆိုတဲ့ ယူကေက နှလုံးအထူးကု ဆရာဝန်ကြီးတဦးဟာ သူဆေးကုလာတဲ့အနှစ် ၂၀ (နှလုံးကုလာတဲ့ ၁၆နှစ်)အတွင်း ကုရိုးကုစဥ် ပေးရိုးပေးစဥ်ဆေးတွေနဲ့ သူ့နာတွေ မသက်သာတာ တွေ့လာရတာကြောင့် ဆေးတွေအကြောင်း ပိုမိုသိရှိအောင် လေ့လာခဲ့ပါတယ်။ ဒေါက်တာမာဟိုထရာ တွေ့ရှိလာတာက ကိုလက်စ်ထရောကျဖို့ပေးကြတဲ့ စတက်တင်ဆေးတွေက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်မှုမှာ ၁% ပဲရှိတာဖြစ်ပါတယ်။ ဒါပေမယ့် ဘစ်ဖာမာက နှလုံးရောဂါမဖြစ်အောင် စတက်တင်ဆေးတွေက ကူညီနိုင်တယ်ဆိုတာကို အင်တိုက်အားတိုက် ပုံသွင်းထားတဲ့အတွက် ဆရာဝန်အများစုအပါအဝင် လူအများစုက စတက်တင်ဆေးတွေဟာ နှလုံးရောဂါကို အမှန်တကယ် ကာကွယ်နိုင်တယ်လို့ ယုံကြည်နေကြတာပါ။
ကဗကကဆနဲ့ ပတ်သက်ပြီးတော့လည်း အစဥ်အလာရှိခဲ့တဲ့ ကကဆတွေဟာ လုံခြုံစိတ်ချရတာ များတဲ့အတွက် ဒေါက်တာ မာလ်ဟိုထရာက သူကိုယ်တိုင် ဆေး၂လုံးအထိုးခံခဲ့တဲ့အပြင် လူအများကိုလည်း ထိုးထားသင့်ကြောင်း တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကဗကကဆ အပေါ် ရပ်တည်ချက်ဟာ အဓိက အကြောင်း ၄ချက်ကြောင့် ပြောင်းလဲသွားခဲ့ပါတယ်။
အကြောင်း တခုကတော့ တနေ့ ခြေလှမ်း ၁သောင်းလျောက်ကာ ကျန်းမာသန်စွမ်းပြီး နှလုံးစစ်ဆေးထားတာ မကြာသေးတဲ့ သူ့ရဲ့ အသက် ၇၃နှစ်ရှိ ဆရာဝန်ဖခင်ဟာ နှလုံးရပ်ပြီး ရုတ်တရက်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အလောင်းကို ရင်ခွဲစစ်ဆေးကြည့်တဲ့အခါမှာ နှလုံးသွေးကြောမကြီး ကျဥ်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ နှလုံးရောဂါတွေမှာ လက္ခဏာပြတာနဲ့ ဆေးရုံကားခေါ်ရင် ၅၀%က အသက်ရှင်နိုင်ပေမယ့် အခမဲ့ကျန်းမာရေးခေါင်းစဥ်အောက်မှာ NHS က မနိုင်ဝန်ထမ်းနေရတဲ့အတွက် ဆေးရုံကားက နာရီဝက်ကြာမှ ရောက်လာခဲ့တာ အသက်မကယ်နိုင် ဖြစ်သွားခဲ့ပါတယ်။
နောက်အကြောင်းရင်းတခုက ကကဆတွေ ထွက်ပေါ်လာပြီး လစကော့တလန်မှာ နှလုံးဖောက်ဖြစ်ပွားသူ ၂၅% တက်လာတယ်ဆိုတဲ့ သူ့မိတ်ဆွေဆရာဝန်ရဲ့ သတင်းပေးချက်ရယ် ယူကေက သူ့မိတ်ဆွေ နာမည်ကြီး နှလုံးဆရာဝန်က ဖဇရဲ့ စမ်းသပ်ချက်ရလာဒ်တွေက တွေ့ရှိချက်တွေ ပါဝင်ပါတယ်။ ဖဇရဲ့ စမ်းသပ်ချက်တွေမှာ ဆေးထိုးထားတဲ့ အုပ်စုထဲက ၄ဦးဟာ နှလုံးဖောက်ခဲ့ပြီး ဆေးအတု(Placebo) ပေးတဲ့အုပ်စုမှာ ၁ဦးသာ နှလုံးဖောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနှုန်းအတိုင်းဆိုရင် လာမယ့် လတွေ နှစ်တွေအတွင်း နှလုံးဖောက်ကြမယ့်ဦးရေ အများကြီး မြင့်တက်လာမှာပါလို့ ၂၀၂၁မှာ မှတ်ချက်ပေးခဲ့ပါတယ်။
နောက်တချက်အနေနဲ့ ဒေါက်တာစတီဗင်ဂန်ဒရီရဲ့ Circulation ဆိုတဲ့ နှလုံးရောဂါဆိုင်ရာ ဂျာနယ်မှာ ရေးထားတဲ့ ဆောင်းပါးကို ကိုးကားသွားပါတယ်။ အဲဒီဆောင်းပါးမှာ ဒေါက်တာ ဂန်ဒရီက သူ့ရဲ့ လူနာ ၁၀၀ကျော်ကို သုတေသနပြုထားပြီး ကဗကကဆ ၂လုံးထိုးအပြီး ၁၀ပတ်အတွင်းမှာ နှလုံးနဲ့ နှလုံးသွေးကြောရောင်ရမ်းခြင်းတွေ ဖြစ်လာပြီး နှလုံးဖောက်ပြန်မှု ဖြစ်နိုင်ခြေဟာ ၂၅% အထိ တက်သွားခဲ့တာကို တွေ့ရပါတယ်။ ဆေးမထိုးခင်/မထိုးထားသူတွေမှာတော့ နှလုံးဖောက်တာဟာ ၅ နှစ်အတွင်းမှာ ၁၁% ဖြစ်ပါတယ်။ ဒေါက်တာ မာဟိုထရာက တနေ့ကို ဆေးလိပ် အလိပ် ၄၀သောက်၊ ဂျန့်ဖုဒ်တွေ အဝစား၊ ဘာလေ့ကျင့်ခန်းမှ မလုပ်ရင်တောင် နှလုံးဖောက်နိုင်ခြေက အဲဒီလောက် အချိန်တိုအတွင်း အဲဒီလောက် မြင့်မလာနိုင်ဘူးလို့ ဆိုပါတယ်။
နောက်တချက်ကတော့ နှလုံးရောဂါသုတေသနဌာနရဲ့ တွေ့ရှိချက်ကို မတော်တဆ တွေ့ရှိသွားတဲ့ နာမည်ကြီးအဖွဲ့ကြီးရဲ့ လေးစားလောက်တဲ့ နှလုံးဆရာဝန်ကြီးက ဒေါက်တာမာဟိုထရာကို ဆက်သွယ်အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။ နှလုံးပုံရိပ်တွေကို သုတေသနပြုလုပ်ထားတာမှာ ဆေးထိုးထားသူတွေမှာ မထိုးထားသူတွေနဲ့ယှဥ်ရင် နှလုံး/နှလုံးသွေးကြော ရောင်ယမ်းတာတွေ ဖြစ်ကြတာကို တွေ့ရှိထားပါတယ်။ အဲဒီအချက်ကို တွေ့ရှိသွားတဲ့ ဆရာဝန်ငယ်လေးတွေဟာ သူတို့အထက်အရာရှိကို တင်ပြပေမယ့် တွေ့ရှိချက်ကို ဖော်ထုတ်လိုက်ရင် ဘစ်ဖာမာကလာမယ့် ရံပုံငွေတွေ ရပ်စဲသွားမှာဖြစ်လို့ ဘစ်ဖာမာအလိုကျ ထိမ်ချန်ထားလိုက်ရတယ်လို့ ဆိုပါတယ်။
ကကဆအပေါ် သိပ်သံသယမရှိခဲ့တဲ့ ဒေါက်တာမာဟိုထရာဟာ အထက်ပါအဖြစ်တွေနဲ့ ကြုံလာအပြီးမှာ စတင်ပြီး သံသယဝင်လာပါတော့တယ်။ အဲဒီသံသယကို ပိုဆိုးစေတာကတော့ အခုလို ပြဿနာတွေရှိနေတဲ့ ကြားထဲကနေ မန်ဒိတ်တွေလုပ်ဖို့ တွန်းလာကြတာပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြန့်နေတဲ့မျိုးကွဲကလည်း တုပ်ကွေးဆိုးတခုထက် ဘာမှမပိုတော့တာက တခုခုတော့ မှားနေပြီဆိုတဲ့ အသိကို ဖြစ်စေခဲ့ပါတယ်။
တဖက်မှာလည်း ဒေါက်တာဖောက်ချိနဲ့ မီဒီယာတို့ဟာ ကကဆရဲ့ ဆိုးကျိုးတွေကို ဖော်ပြတဲ့ သတင်းတွေကို follow the science ဆိုတဲ့စကားနဲ့ ပိတ်ကာထားကြပါတယ်။ တကယ်တမ်းမှာ သိပ္ပံပညာဆိုတာ ဘယ်ဟာကမှ တရားသေမဟုတ်ပဲ ထပ်တိုးဆန်းသစ်မှုတွေ အသစ်တွေ့ရှိချက်တွေနဲ့ ရှင်သန်နေတဲ့ ပညာရပ်ဖြစ်တဲ့အတွက် ဖောက်ချိတို့အဆိုဟာ ကလေးကလားဆန်တာမဟုတ်ရင် ဘစ်ဖာမာကို ကာကွယ်ပေးနေတာလို့ပဲ ယူရမှာပါ။ အက်ဖ်ဒီအေမှာ တာဝန်ထမ်းဆောင်သွားတဲ့ ဆရာဝန်တွေဟာလည်း သူတို့သက်တမ်းပြည့်ရင် ဘစ်ဖာမာက ရာထူး လစာအပျံစားနဲ့ ခေါ်ယူသွားကြတာဖြစ်ပါတယ်။ ကကဆမှာ အဓိကတွန်းအားတခုအဖြစ် ဝင်ပါနေတဲ့ ဘေလ်ဂိတ်စ်ဟာ မက်ဒေါနယ်၊ ကိုကာကိုလာနဲ့ ဘစ်ဖာမာမှာ ရှယ်ယာတော်တော်များများ ရင်းနှီးမြှုပ်နှံထားတဲ့အတွက် အားလုံးဟာ ပြည်သူကျန်းမာရေးထက် ကိုယ့်အကျိုးအမြတ်ကို ဦးစားပေးကြတယ်လို့မြင်ကြောင်း ဒေါက်တာမာဟိုထရာက တပ်ကာကို ပြောပြသွားပါတယ်။
ဒေါက်တာမာဟိုထရာတို့လိုဆရာဝန်တွေဟာ လူတွေအတွက် အကောင်းဆုံးဖြစ်မယ့် ဆေးပညာတရပ်ကို ဖန်တီးပေးဖို့ ကြိုးစားနေပါတယ်။ အဲဒါဆေးပညာကို အထောက်အထားပေါ်မှာ အခြေခံတဲ့ ဆေးပညာ evidence based medicine လို့ ခေါ်ပါတယ်။ အထောက်အထားအခြေခံတဲ့ ဆေးပညာကို သုတေသနတွေလုပ် စာအုပ်တွေရေးရင်း ပါဝင်ကူညီပေးနေသူတဦးကတော့ စတန်းဖို့တက္ကသိုလ်က ပါမောက္ခ John P. A. Ioannidis ဖြစ်ပါတယ်။ ဒေါက်တာ Ioannidis ကတော့ ဆေးပညာစာစောင်များ အများဆုံး ထုတ်ဝေနေသူတဦးဖြစ်ပါတယ်။
အထောက်အထားအခြေခံဆေးပညာဟာ တိုတိုပြောရရင်တော့ လူတွေဟာ လိုအပ်တာထက်ပိုတဲ့ ဆေးတွေအများကြီးကို သောက်သုံးနေကြရတဲ့ကြားက ကျန်းမာမလာကြတဲ့ (ဘစ်ဖာမာက ထိန်းချုပ်ထားတဲ့) သမားရိုးကျ ဆေးပညာအစား တကယ်အကျိုးဖြစ်မယ့် လူနေမှု စားသောက်မှုပုံစံ ပြောင်းလဲပြီး မရှိမဖြစ် ဆေးအနည်းငယ်သာ မှီဝဲကြခြင်းဖြင့် ကျန်းမာတဲ့ လူ့ဘောင်ကို တည်ဆောက်ကြဖို့ ဖြစ်ပါတယ်။
အဝလွန်မှုဟာ ကြီးမားတဲ့ ပြဿနာကြီး ဖြစ်လာနေသလို ရောဂါဘယတွေအများကြီးရဲ့ မြစ်ဖျားခံရာ ဖြစ်နေပေမယ့် လူတွေကို ထိထိရောက်ရောက် ပညာပေးပြီး သကြားနဲ့ ပြုပြင်ထားတဲ့အစာတွေ မစားကြရင် အဝလွန်ပြဿနာဟာ နှစ်အနည်းငယ်အတွင်းမှာ သိသိသာသာ လျော့ကျသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ မာဟိုထရာက ဆိုပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ ပြည်သူတွေ အကျိုးရှိမှာဖြစ်ပေမယ့် ဘစ်ဖာမာက သူဌေးဖြစ်တော့မှာ မဟုတ်ပါဘူး။