ကယ်လီဖိုးနီးယားမှာ ၂၀၂၃ နှစ်စက စတင်ခဲတဲ့ တလွဲ ဥပဒေသစ်များ

၁။ အနိမ့်ဆုံးလုပ်ခကို ၂၀၂၂ကထက် တနာရီကို ဆင့်၅၀တက်ပြီး ၁၅.၅၀ဒေါ်လာအဖြစ် သတ်မှတ်လိုက်တာပါ။

လုပ်ခတက်လိုက်တာဟာ ၃.၂၃% ဖြစ်တော့ ၂၀၂၁-၂၂အတွင်း ငွေဖောင်းပွမှု ၇.၉% တက်လာတာနဲ့ဆိုရင် တဝက်တောင် မရှိတော့ လုပ်ခတိုးသလိုလိုနဲ့ တကယ်တမ်းမှာ လျော့ရတယ်လို့ပဲ ဆိုရမှာပါ။ ငွေဖောင်းပွမှုနှုန်းနဲ့ လိုက်ပေးပြန်ရင်လည်း လိုက်မမှီလို့ စီးပွားပျက်မှာနဲ့ ငွေဖောင်းပွမှုပြန်ကျသွားလည်း ဥပဒေကြီး အဖတ်တင်နေရင် လျော့ပေးလို့မရတဲ့အတွက် ငွေက ဖောင်းပွပြီး စီးပွားက ပျက်နေဦးမှာပါ။ အဲဒါကြောင့် အမျှော်အမြင်ရှိတဲ့ စီးပွားရေးပညာရှင်တိုင်းက ဈေးကွက်လိုအပ်ချက်အရပဲ လွတ်လွတ်လပ်လပ် နှုန်းရှင်ထားစေချင်တာပါ။

၂။ လွတ်လပ်စွာလမ်းလျောက်ခွင့်ရှိတဲ့ ဥပဒေအောက်မှာ လူတွေ မျဥ်းကြားက ကူးစရာ လုံးဝ မလိုတော့ပါဘူး။ ကြိုက်တဲ့နေရာက စည်းကမ်းမဲ့ ဖြတ်ကူးလည်း ဖမ်းလို့မရစေမယ့် ဥပဒေပါ။ ဘာကြောင့်ဒီဥပဒေ ပေါ်လာတာလည်းဆိုတော့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းတာဟာ ရေ့စစ်ဖြစ်လို့ပါတဲ့။ ပြီးတော့လည်း ဒဏ်မရိုက်ဘူးဆိုရင် ကားနဲ့မသွားပဲ လမ်းလျောက်သွားကြဖို့ ပိုများလို့ပါတဲ့။ စည်းလွတ် ဝါးလွတ် ထမင်းလွတ်ပဲ။

ကားသမားတွေဘက်ကရော မစဥ်းစားကြတော့ဘူးလား။ ဖြစ်လိုက်ရင် အာမခံက လျော်ပေးရင်တောင် လစဥ်ကြေးက ၂-၃ဆလောက် ခုန်တက်သွားမှာလေ။ စည်းကမ်းမဲ့လမ်းကူးလို့ အတိုက်ခံရမယ့်သူတွေက ကျန်းမာရေးအာမခံတွေဘာတွေလည်း မရှိကြမှာများလို့ ကုသစားရိတ်က ပြည်နယ်လူထုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာဦးမှာ။ ကယ်လီဖိုးနီးယားမှာ အရွယ်ရောက်ပြီးသူတိုင်းလို ကားမောင်းနေကြတော့ တိုက်လိုက်ရင် တိုက်သူ ခံရသူတွေအပြင် အခွန်ထမ်းပြည်သူတွေပါ လှိမ့်ခံကြရဦးမယ်။ ဒါပဲလားဆိုတော့ စည်းကမ်းက ပျက်သွားပြီဆိုရင် ပြန်ပြင်ဖို့ မလွယ်ဘူးလေ။ စည်းကမ်းပျက်ပြီး ၅-၁၀နှစ်လောက်ကြာရင် အဲဒါက နယူးနော်မယ်လ် ဖြစ်သွားတော့မှာ။ နောက်မျိုးဆက်လေးတွေကြား စည်းကမ်းရှိတဲ့သူက သောက်ပေါကြီး ဖြစ်နေတော့မှာ။

၃။ ကဗမစ်အင်ဖော်မေးရှင်းဆိုတဲ့ ဥပဒေက ဆရာဝန်တွေကို စီဒီစီအာဘော်မဟုတ်တဲ့ ကဗကုထုံးတွေပေးတာ၊ ကကဆ အစွမ်းထက်/မထက် ဆိုတာတွေ ဆွေးနွေးတာ၊ စတာတွေကို ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ အမည်တပ်ပြီး အရေးယူမှာ ဖြစ်ပါတယ်။

ဆရာဝန်ဆိုတာ လူနာတွေကို ကျန်းမာအောင် ကုသပေးခြင်းဖြင့် ပိုက်ဆံရှာအသက်မွေးကြတာပါ။ လူနာတွေက ယုံကြည်အားကိုးလို့ ကိုယ့်ဆီလာပြသတိုင်ပင်ကြတာကို ကိုယ့်ထမင်းအိုးကွဲမှာစိုးလို့ မျက်စေ့မှိတ်ပြီး အမှောင်ထဲတွန်းလွှတ်နေမယ်ဆိုရင် လူ့အသိုင်းအဝိုင်းက အရေးပါတဲ့ ဆက်ဆံရေးတခု ပျက်စီးသွားတော့မှာပါ။ ဒီနိုင်ငံမှာ ဆရာဝန်ဖြစ်ဖို့ နှစ်ကြာသလို ပိုက်ဆံသိပ်ကုန်ပါတယ်။ ဆရာဝန်အများစုကလည်း စာမဖတ်ကြ(သို့) သမားရိုးကျသိလာတာတွေကနေ ဖောက်ထွက်ဖို့ ကြိုးစားမှာ မဟုတ်ကြတဲ့အတွက် လူတွေကိုယ်တိုင်က ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေထိုင်ဖို့ ဗဟုသုတ အရင်းအမြစ်တွေနဲ့ ပြည့်စုံဖို့ လိုလာပါပြီ။

၄။ ရာဇဝတ်မှတ်တမ်းဥပဒေသစ်အရ ရာဇဝတ်ကောင်တွေကို သတ်မှတ်ပြစ်ဒဏ် ကျခံပြီးသွားရင် ရာဇဝတ်သမိုင်းကို အစိုးရက ဖွက်ထားပေးမှာဖြစ်တဲ့အတွက် အလုပ်လျောက် အိမ်ငှားစတာတွေအတွက် နောက်ကြောင်းရာဇဝင်စစ်ဆေးရင် ပေါ်မှာမဟုတ်တော့ပါဘူး။

ပြစ်ဒဏ်ကျခံပြီး ၄နှစ်ကြာ နောက်ထပ်အဖမ်းမခံရင် အလိုအလျောက် ဖွက်သွားပေးမှာဖြစ်ပြီး ၄နှစ်မပြည့်ခင်တော့ တရားရုံးကို အသနားခံပြီး ဖွက်ထားပေးဖို့ လျောက်ထားနိုင်ပါတယ်။ တရားသူကြီးက ခွင့်ပြုရင်လို့ မပါတဲ့အတွက် လျောက်တိုင်းရမယ့်သဘော ဖြစ်နေတာပါ။ ၄နှစ်အတွင်း အဖမ်းထပ်မခံရဖို့ဆိုတာလည်း ကယ်လီဖိုးနီးယားလို ရာဇဝတ်သားတွေ ဖင်မထားတဲ့ပြည်နယ်မှာ သိပ်မခက်ပါဘူး။ တကြိမ်ခိုး ၉၅၀အောက်ဆို ဖမ်းလို့မှ မရနေတာ။ တခြားရာဇဝတ်မှုတွေဆိုလည်း ဖမ်းတဲ့ရဲရှိရင်တောင် ဆိုရော့စ်အောက်ဆွဲ ဒီအေတွေက အမှုမဖွင့်ပဲ ချက်ခြင်းပြန်လွှတ်မှာလေ။ တရား ရာဇဝတ်နောက်ကြောင်းရှိလည်း ဆိုးဆိုးရွားရွားမဟုတ်ရင် ခန့်တဲ့ကုမ္ပဏီတွေ အိမ်ငှားမယ့်အိမ်ရှင်တွေ ရှိနိုင်မှာပါ။ ဖွက်ထားလိုက်တော့ အေးအေးချမ်းချမ်းနေချင်တဲ့ ပြည်သူတွေအတွက်တော့ အကျိုးရှိမယ် မထင်ပါဘူး။ ကယ်လီဖိုးနီးယားလူဦးရေ ၃၉သန်းမှာ ရာဇဝတ်နောက်ကြောင်းရှိတာ ၈သန်းလောက် ရှိပါတယ်။

၅။ လူတိုင်းအတွက် ပိုမိုလုံခြုံတဲ့ လမ်းများဆိုတဲ့ ဥပဒေသစ်အရ ပြည့်တန်ဆာများကို လွတ်လွတ်လပ်လပ် ဖောက်သည်ရှာခွင့် ပြုလိုက်ပါပြီ။ သူတို့အကြောင်းပြချက်က ပြည့်တန်ဆာနဲ့ တူတယ်ဆိုပြီး အဖမ်းခံရတာမျိုး နစ်နာတာ အန္တရာယ်ရှိတာ ဖြစ်နိုင်လို့ပါတဲ့။

အရင်က အဆောက်အဦတွေ ဆိုင်တွေရှေ့မှာ No Loitering Allowed ဆိုတဲ့ စာတန်းတွေ အမြဲရှိပါတယ်။ အဲဒီနေရာတွေမှာ ဖောက်သည်လာစောင့်/ ဆွယ်ရင် ရာဇဝတ်ကြောင်းနဲ့ အရေးယူခံရမှာပါ။ အခုတော့ တပြည်နယ်လုံး ဖ -ာတန်းဖြစ်ရောပေါ့။ သာဓုပါကွယ်။

၆။ ရထား၊ ဘတ်စ် စတဲ့ public transit နဲ့ မိုင်ဝက်အတွင်းမှာရှိတဲ့ အဆောက်အဦသစ်တွေမှာ အနိမ့်ဆုံးကားပါကင်လိုအပ်ချက်ကို ပယ်ဖျက်လိုက်တဲ့ ဥပဒေ ဖြစ်ပါတယ်။ သူတို့အကြောင်းပြချက်က ဈေးသက်သာတဲ့ အဆောက်အဦတွေ ဆောက်နိုင်စေဖို့လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားမှာ public transit လောက်လောက်လားလားရှိတာ က ဆန်ဖရန်ပင်လယ်အော် ဒေသလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။ ကယ်လီဖိုးနီးယားမှာ အလုပ်သွားဖို့ ဘတ်စ်၊ ရထားစတာနဲ့ အလုပ်သွားလို့ ရတယ်ပဲထား၊ ဈေးဝယ်၊ ကျောင်း/သင်တန်းပို့၊ ဆေးခန်းသွား၊ စားသောက်ဆိုင်သွား စတဲ့ မရှိမဖြစ်ကိစ္စတွေအတွက်က ကားလိုပါတယ်။ နေတဲ့အဆောက်အဦမှာ ကားပါကင်မရှိရင် ဖြစ်လာမယ့် ကရိကထ စားရိတ်က ပိုကြီးပါလိမ့်မယ်။ ငွေကြေးတင်မကပဲ စိတ်ဖိစီးမှုတွေ၊ လုံခြုံရေးပြဿနာတွေပါ ပါလာတော့မှာပါ။

၇။ တပြည်လုံးမှာ ဆိုင်ခွဲ ၁၀၀အထက်ရှိတဲ့ အမြန်စားဆိုင်တွေကို အုပ်ချုပ်မယ့် ကောင်စီကို ဖွဲ့စည်းပြီး အနိမ့်ဆုံးလုပ်ခတွေ၊ အလုပ်ချိန်တွေ၊ တခြားအခြေအနေတွေကို (ကြီး)ကြပ်မယ့် ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေအရ ၂၀၂၃မှာ အနိမ့်ဆုံးလုပ်ခဟာ တနာရီကို ၂၂ဒေါ်လာအထိ တက်သွားနိုင်ပြီး ငွေဖောင်းပွမှုပေါ်မူတည်လို့ နှစ်စဥ်ထပ်တိုးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အပေါ်မှာ ရေးခဲ့သလိုပဲ လုပ်ခတွေ ဆွဲဆွဲတင်နေတာက အလုပ်ရှားပါးတာ လူလျော့တာတွေ လိုက်လာမှာဖြစ်လို့ ဘယ်သူမှ အမြတ်မထွက်မယ့်ကိစ္စဖြစ်ပါတယ်။ ဈေးကွက်အရဆိုရင် ဈေးကွက်အခြေအနေအလိုက် အရည်အချင်းအလိုက် လိုတိုးပိုလျော့ လုပ်လို့ရတဲ့အတွက် ရှဥ့်လည်းလျောက်သာ ပျားလည်းစွဲသာ ဖြစ်မှာပါ။

၈။ သူနာပြုတွေကို ပထမ ၃လကိုယ်ဝန်ကို ဆရာဝန်ကြီးကြပ်မှုမပါပဲ ဖျက်ချခွင့်ပေးမယ့် ဥပဒေ ဖြစ်ပါတယ်။

သူနာပြုတွေအတွက် သင်ရိုးမှာကို ဒီလိုကိစ္စတွေ ပါလားမပါလားတော့ မသိပါဘူး။ ဖျက်ချင်ရင် အရပ်လက်သည်နဲ့တောင် ဖျက်ကြသေးတာဆိုတော့လည်း သိပ်အလေးထားကြမယ် မထင်ပါဘူး။

၉။ လခပွင့်လင်းမြင်သာမှုဥပဒေသစ်အရ ဝန်ထမ်း ၁၅ဦးအထက် ကုမ္ပဏီတွေဟာ အလုပ်ခေါ်ရင် လစာပါ ဖော်ပြရမှာ ဖြစ်ပါတယ်။

အမေရိကန်က ပုဂ္ဂလိကကုမ္ပဏီတွေမှာ ရာထူးချင်းတူရင်တောင် လစာချင်း မတူတတ်ကြပါဘူး။ တခါတလေ ရာထူးနိမ့်တဲ့သူက လစာပိုကောင်းနေတာမျိုးလည်း ရှိတတ်ပါတယ်။ အဲဒါက အလုပ်ဝင်ချိန်မှာ ညှိနှိုင်းကြတာ ကွာသလိူ အင်တာဗျူးနဲ့ ကိုယ့်ကို သူတို့ ဘယ်လောက်လိုအပ်လဲ၊ ကိုယ့်အတွေ့အကြုံက သူတို့အတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ အခုလို အားလုံးဖွင့်ချလိုက်ဖို့ဆိုတာ ဘယ်ဘက်ကြည့်ကြည့် အကျိုးရှိစရာ တခုမှမမြင်ပါ။ တခုတော့ ရှိတာပေါ့လေ။ တိုင်းပြည်ပျက်စီးစေချင်တဲ့သူတွေအတွက်တော့ အမြတ်အကြီးကြီးရှိတာပေါ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: