အစ္စရေးစစ် (၇)

အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ထားကြတဲ့ အစ္စရေးနဲ့ ဟာမာ့စ်တို့မှာ ဟာမာ့စ်ဘက်က စာချုပ်ဖောက်ဖျက်ပြီး ဝင်တိုက်ခဲ့တာ ၁လပြည့်ပါတော့မယ်။ နှစ်ဘက်စလုံးမှာ ရှင်းလင်းတိကျတဲ့ ဗျူဟာရယ်လို့ မတွေ့နေရသေးပါဘူးလို့ ထရမ့်အစိုးရရဲ့ အကြံပေးအဖွဲ့ဝင်တဦး ဖြစ်ခဲ့သူ အငြိမ်းစား ကာနယ် ဒေါက်ဂလပ်စ်မဂ္ဂရီဂေါ်က ဆိုပါတယ်။ သူပြောတဲ့ ဗျူဟာဆိုတာက စစ်ဆင်နွဲခြင်းရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ဘာကို လိုချင်တာလဲ၊ အဲဒါရအောင် ဘာလုပ်မလဲ၊ ဘယ်လောက်အထိ ပေးဆပ်ပြီး အချိန်ဘယ်လောက်အတွင်း ရအောင်လုပ်မှာလဲ၊ စတာတွေ ဖြစ်ပါတယ်။

အောက်တိုဘာ ၇ရက်နေ့က ဟာမာ့စ်တွေရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ကြုံနေရဆဲဖြစ်တဲ့ အစ္စရေးတွေကြားမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မဖြစ်အောင်ဆိုရင် ဟာမာ့စ်တွေကို မြေလှန်ပစ်မှ ဖြစ်တော့မယ်လို့ အမြင်ရှိကြသူတွေ များနေနိုင်ပါတယ်။ ဘယ်သူမဆို မိမိရဲ့ ရင်နှစ်သည်းချာကလေးငယ်လေးတွေ၊ သမီးလေးတွေ နှမတွေ အမတွေကို မုဒိန်းကျင့် သတ်ဖြတ်နေတဲ့ ဗီဒီယိုတွေကို သူတို့မိဘ၊ မောင်ဘွားတွေမြင်အောင်၊ မိန်းကလေးတွေ အမေတွေရဲ့  ဆိုရှယ်မီဒီယာတွေပေါ်မှာတင်၊ ဖုံးခေါ်၊ ပုံပို့၊ ဖေ့စ်တိုင်မ်းလုပ်ပြနေမှတော့ မြေလှန်ပစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်တွေ ပြင်းထန်နေတာလည်း မဆန်းပါဘူး။ ဒီယုန်မြင်လို့ ဒီခြုံထွင်ခဲ့တာပဲလေ။

ဆန်းတာက အမေရိကန်၊ ဂျိုးအစိုးရ။ မဟာမိတ်တွေရဲ့ ခေါင်းဆောင်ကြီးဘဝတုန်းက ကမ္ဘာ့အင်အား ချိန်ခွင်လျာကို ထိန်းထားဖို့ မဟာမိတ်တွေကို ဦးဆောင်ပြီး ကြိုလုပ်သင့်တာလုပ်တယ်၊ တဦးဦးက လက်လွန်လာတော့မယ်ဆိုရင် ခေါင်းဆောင်ပီပီ အကြံပေးတယ်၊ ထောက်လှမ်းရေးသတင်းနဲ့ဖြစ်ဖြစ် နည်းပညာနဲ့ဖြစ်ဖြစ် ထောက်ပံ့တယ်၊ လိုအပ်ရင် ဝင်ထိန်းတယ်၊ ခေါင်းဆောင်ကောင်း အမေရိကန်နဲ့ မဟာမိတ်ဖြစ်ရင် လုံခြုံမှုရလို့ နိုင်ငံတိုင်းက အမေရိကန်နဲ့ မဟာမိတ် ဖြစ်ချင်ကြတယ်။ အရင်အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့တင် မဟာမိတ်မဟုတ်ပဲ အီဂျစ်၊ ဆော်ဒီ၊ ယူအေအီး၊ စတဲ့ ဒေသတွင်းအရေးပါတဲ့ နိုင်ငံတွေနဲ့ပါ မဟာမိတ်ဖြစ်လို့ ဒေသအတွက်ရော အမေရိကန်အတွက်ပါ လုံခြုံမှုရှိခဲ့တယ်။

ဟူစိန်တို့ ဂျိုးတို့လက်ထက် ကမ္ဘာ့ဇတ်ခုံမှာ အမေရိကန်က ကုဋေ ၈၀သူဌေးသား ဖြစ်နေတယ်။ ဒကာခံကောင်းလို့ သာပေါင်းညာစားတွေကြား ဝင်ဆန့်နေသေးပေမယ့် ဘယ်သူကမှ မလေးစားတော့ဘူး။ မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ထိန်းထား၊ ပိုကောင်းအောင် လုပ်ရမယ့်အစား ပစ်ထားတယ်၊ သူတို့ရဲ့ ရန်သူလည်းဖြစ် ကိုယ့်တိုင်းပြည်ရဲ့ ရန်သူလည်းဖြစ်တဲ့ နိုင်ငံတွေကိုမှ ဖျင်မချင်တယ်။ ဒီလိုအနေအထားမျိုးမှာ အစ္စရေးကို မဟာမိတ်ပါ၊ ကူပါ့မယ်လို့ ပြောနေတာဟာ ရုရှားကို တဖက်လှည့်နဲ့ ငွေရပေါက်ဖန်ပေးပြီး ယူကရိန်းကို အကူပြနေတာနဲ့ သဘောချင်း သိပ်မကွာပါဘူး။ ၂ပါတီလုပ်စားတွေ အိပ်ဖောင်းတာပဲ အမြတ်ထွက်မယ်။ မဟာမိတ်ဆိုတာ ခုလုပ် ခုမဖြစ်ဘူး၊ တော်ရုံ ယုံကြည်မှုနဲ့လည်း မရဘူး။ ရီလေးရှင်းရှစ်ရှိရတယ်။ သမိုင်းရှိရတယ်။ ဘယ်လောက် အင်အားကြီးကြီး မဟာမိတ်ကောင်းကောင်း မရှိရင် ခရုအဆံကျွတ်ပဲ။

စက်တင်ဘာကမှ ဟာမာ့စ်တိုက်ခိုက်ရေးသမား ၅၀၀လောက်က အီရန်မှာ သင်တန်းသွားတက်ခဲ့တာလို့ သတင်းတွေ ထွက်လာတော့ သင်ပေးလိုက်တဲ့ထဲမှာ အဲဒီလောက်အောက်တန်းကျတာတွေ ပါသလား၊ ပါနေတယ်ဆိုရင် အီရန်နဲ့ အပေါင်းပါတွေထဲက ဂျိုးတို့ မကြာသေးခင်ကမှ အမေရိကန်ပြည်တွင်းမှာ ပြန်လွှတ်ပေးလိုက်တဲ့ အကြမ်းဖက်ကောင်နဲ့ နယ်စပ်က ဝင်လာတဲ့ ကောင်တွေ ချိတ်ဆက်ပြီး ပြည်တွင်’မှာ ဘာတွေ ဆက်လုပ်ကြဦးမလဲလို့ရော စဥ်းစားမိကြသလားလို့။ ဥပဒေရှိတယ်လို့တော့ မပြောနဲ့လေ၊ ဥပဒေဆိုတာကလည်း စည်းကြပ်နိုင်သလောက်ပဲ အထောက်အကူဖြစ်တာမှတ်လား။ အမွှေစိန်နဲ့ ဟူစိန်တို့အဖွဲ့တွေ ဝိုင်းမုဒိမ်းကျင့်လိုက်တာ ဥပဒေလည်း အတန်းထဲ ရောက်လုလုပါပဲ။ အခုဆို ပြည်တွင်းမှာ ခေါင်းဖြတ်တာတွေ စကြားလာရပြီ။ ခုခေတ် ၉/၁၁ လုပ်ချင်ရင် အကြမ်းဖက်နိုင်ငံကတောင် ဖြစ်ဖို့ မလိုတော့ဘူး။ မိတ်အင်ယူအက်စ်အေ ချိန်းဘရီးလေးတွေက အကြမ်းဖက်အလုပ်တွေ ဆပွား ရာပွားဖြစ်အောင် လုပ်ပေးလိမ့်မယ်။

ဟာမာ့စ်က အိုင်စက်လားဆိုတော့ တချို့ကလည်း အိုင်စက်ထက် ဆိုးတယ်တဲ့။ မှန်တာတခုကတော့ သူတို့က မွတ်ဘရားသားဟုရဲ့ လက်နက်ကိုင်အပိုင်း၊ မွတ်ဘရားသားဟုဆိုတာက တချိန်မှာ ကမ္ဘာကြီးကို သူတို့တဘာသာကပဲ ကြီးစိုးရမယ်လို့ အယူရှိသူတွေ။ ဘာသာအကြောင်းပြပေမယ့် သူတို့ ကိုင်စွဲထားတာက ဘာသာနဲ့ လက်ဝဲ ရောမွှေထားတဲ့ဝါဒ၊ အဲဒါက ကားမာ့စ်နောက်မှပေါ်တာဆိုတော့ မကြာသေးဘူး။ အဲဒါကြောင့် ဟိုးတုန်းက အရှေ့အလယ်ပိုင်းမှာ ပညာရှင်တွေ ထွက်ပေါ်ခဲ့သလောက် နိုင်ငံတွေလည်း တော်တော်တိုးတက်ခဲ့တယ်။ လက်ဝဲမစင်တို့ အာဏာရှင်စနစ်တို့ ရောလိုက်ရင်တော့ အာဏာအလွဲသုံးစားတာတွေ ခြစားတာတွေ ပါလာပြီး ဘယ်လောက်ကောင်းတာဖြစ်ဖြစ် အကုန်နံဆင်းသွားကြတာပါပဲ။

ကာနယ်မက်ဂရီဂေါ်အမြင်မှာတော့ ဟာမာ့စ်ဆိုတာက အဖွဲ့ဆိုတာထက် အိုင်ဒီယာတခုပါပဲ။ ဟာမာ့စ်တွေက ဥမင်လှိုဏ်ခေါင်းကွန်ယက်တွေထဲမှာ အစာရေစာ အပြည့်အစုံနဲ့ လုံလုံခြုံခြုံ ပုန်းခိုနေပေမယ့် ကလေးတွေ အမျိုးသမီးတွေကို ဂါဇာကနေ ပေးလည်းမထွက်၊ ဗုံးခိုခွင့်လည်းမပေးပဲ ကာဗာယူထားတော့ အစ္စရေးဘက်က ဝင်တိုက်ရင် (ဟာမာ့စ်ကာဗာယူထားတဲ့) ပါလက်စ်တိုင်း ကလေးတွေ သေတာက ခေါင်းစီးသတင်းကြီးတွေ ဖြစ်နေတော့မှာလေ။ အဲဒီတော့ ဟာမာ့စ်ကို မြေလှန်လိုက်နိုင်တယ်ဆိုရင်တောင် နာကျည်းတာတွေ တပတ်ပြန်လည်ပြီး နောက်ထပ် ဟာမာ့စ်တွေ ထပ်ထွက်လာဦးမှာကို ကြိုတွက်ထားဖို့တော့ လိုပါမယ်။

ဆန္ဒပြကြတာတွေ တိုင်မင်ကိုက်နေတာနဲ့ ပတ်သက်လို့ မေ ၂၀၂၀ ဂျော့ဖလွိုဒ်ကိစ္စဖြစ်တုန်းကလည်း ကဗလော့ဒေါင်းတွေ လုပ်ထားလျက်က လူတွေခြိမ့်ခြိမ့်သဲ လမ်းတွေပေါ်ထွက်ပြီး ဖျက်ကြဆီးကြ၊ ပေါက်ကွဲပြကြ၊ ဒေါပွပြကြနဲ့၊ အဲဒီတုန်းကလည်း တမီမိုထဲလို အကုန် တသံတည်းထွက်ကြတာပါပဲ။ သူ့အလုပ်သူလုပ်တဲ့ရဲက အချောင်ထောင်နန်းစံလိုက်ရတယ်။ ကြမ်းတမ်းရာဇဝတ်မှုနဲ့ လူမည်းတယောက် သေတာကို ဂျိုးတို့ ဒီမိုခွက်ခေါင်းဆောင်ကြီးများ ပေါက်ကွဲပြ၊ ရင်ထုမနာဖြစ်ပြကြ၊ ဒူးတွေ ပွန်းမတတ်ထောက်ပြကြနဲ့။ ဟာမာ့စ်တွေသတ်တဲ့ထဲ ပြန်ပေးဆွဲသွားတဲ့ထဲ ပါသွားတဲ့ အပြစ်မဲ့ အမေရိကန်တွေသေတာကျတော့ ဂျိုးတို့တတွေ မျက်ရည်တုလေးတောင် မကျပြနိုင်ကြပါလား။ တကယ်ခံစားရသလား၊ လူတွေရဲ့ အီမိုးရှင်းနဲ့ ကစားဖို့ လုပ်ပြနေတာလားဆိုတာ မြင်အောင်ကြည့်ပါ။

အီရန်က အီရတ်မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ၂၀၂၀ နှစ်ဆန်း ၁ရက်နေ့အကူးလောက်မှာ စတိုက်ခဲ့လို့ ဗိုလ်ချုပ်ကြီးက သမ္မတထရမ့်ကိုရော ပန့်စ်ကိုပါ ညတွင်းချင်းနှိုးပြီး အခြေအနေကို တင်ပြခဲ့ပါတယ်။ ဘယ်သူ့လက်ချက်လဲဆိုတော့ ဆိုလေမာနီပါတဲ့။ အဲဒါနဲ့ ထရမ့်က အီရန်ဗိုလ်ချုပ် ဆိုလေမာနီကို ရှင်းပစ်ဖို့ အမိန့်ပေးခဲ့တာ တိုက်ခိုက်ခံရပြီး ၂ရက်အတွင်း အကုန်အကျမများ၊ အရပ်သား အသက်မဆုံး၊ ကိုယ့်ဖက်က အထိအခိုက်မရှိပဲ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အီရန်နဲ့ အကြမ်းဖက်တွေ အပိုးကျိုးသွားတာပေါ့။

အခု ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အမေရိကန်တပ်စခန်းတွေကို အီရန်ထောက်ပံ့ထားတဲ့ အဖွဲ့တွေက ဒုံးတွေ ဗုံးတွေ ပစ်နေတော့ ဒဏ်ရာရတဲ့တပ်သားတွေလည်း မနည်းတော့ဘူး။ တပ်တွေပေါ် ဒုံးထပ်မကျအောင် ဖျက်သင်္ဘောကနေ ကြားက မနားတမ်း ဖျက်ချပေးနေရတယ်။ ရန်သူက ကိုယ့်အပေါ်  လေးစားမှုမရှိတော့ဘူးဆိုရင် အဲဒီစစ်မှာ ကိုယ်က တပန်းရှုံးနေပြီ။ ဂျိုးတို့က ဘာပြန်လုပ်လဲဆိုတော့ ပြီးခဲ့တဲ့အပတ်က သူပုန်စခန်း ၂ခုကို ဗုံးကြဲတာပဲရှိတယ်။ ဗုံးကြဲတာလည်း ဂျိုးတို့ အီရန်အပေါ် ဆန်ရှင်လုပ်သလို အမည်ခံလောက်ပဲ တကယ်ဘာမှမထိအောင် လုပ်လဲရတယ်၊ ထရမ့်လုပ်သလို ရန်ဖက်အသက်သွေးကြောကို ခြေမနဲ့ အပီဖိထားလိုက်လို့လည်း ရတယ်။ ပြောချင်တာက နိုင်ငံရေးမှာ ဘယ်သူဘာလုပ်လိုက်တယ်ဆိုတာထက် အဲဒီလုပ်ရပ်ကြောင့် ဘယ်သူ ဘာဖြစ်သွားတယ်ဆိုတာက ပိုအရေးကြီးတယ်ဆိုတာပါ။

Leave a comment