နိုဝင်ဘာ ၁၅ရက်  ၂၀၂၃

အီရန်နိုင်ငံဖွား ပန်တဂွန်ဝန်ထမ်းတဦး(လ/ထကာဝန်ရဲ့ ဝန်ထမ်းချုပ်)ဟာ တီဟီရန်နောက်ခံပေးထားတဲ့ အီရန်ဩဇာဖြန့်ကျက်မယ့် နှစ်ရှည်စီမံကိန်းမှာ ပါဝင်နေတယ်ဆိုတာကို ဒီနှစ်ဆန်းကမှ ဖွင့်ချခဲ့ပါတယ်။ အရိန်းတာဘာတာဘေ ဆိုတဲ့မိန်းမက အာဏာရှင်ခါမေနီကို ဆန့်ကျင်တဲ့ အဓိကဒီမိုကရေစီအုပ်စုကိုပါ ပြိုကွဲအောင် လုပ်နေခဲ့ကြောင်း ဂျိုးဆီကိုတက်လာတဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ ဘာသာရေးရော နိုင်ငံရေးရာထူးကိုပါ အုပ်စီးထားတဲ့ ခါမေနီတို့ကို ဆန်ကျင်တဲ့အဓိကအဖွဲ့က (MEK) မိုဂျာဟေဒင်-အီခါ့ခ် ဖြစ်ပြီး အရိန်းတို့ဟာ MEKကို ဝါရှင်တန်မှာ နာမည်ကောင်း သတင်းကောင်းတွေ ပေါ့ပျက်အောင် လုပ်ခြင်းအားဖြင့် အယာတိုလာတွေကလွဲရင် အီရန်မှာ ဘယ်အဖွဲ့မှ လောက်လောက်လားလားမရှိကြောင်းပြဖို့ တာဝန်ယူထားကြတာပါ။  အရိန်းဟာ ဂျော့တောင်းတက္ကသိုလ် လုံခြုံရေးဗေဒဌာနရဲ့ တွဲဖက်ပါမောက္ခ လုပ်တုန်းကလည်း အယာတိုလာ အစိုးရကို ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေကို ရာထူးသုံးပြီး လက်စားချေခဲ့သေးတယ်လို့ နယူးယောက်ပို့စ်မှာ တင်ပြထားပါတယ်။ မြွေပွေးခါးပိုက်တဲ့ ဂျိုးအစိုးရ ဒီမိုကရေစီကို အားပေးရဲ့လား။

စီဒီစီဟာ အမေရိကန်ပြည်တွင်းလေဆိပ်တွေမှာ လုံခြုံရေးစစ်ဆေးတာတွေတင်မကတော့ပဲ အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်တတ်တဲ့ ပိုးတွေ ပါ/မပါကိုပါ စစ်ဆေးသွားဖို့ ကြေငြာလိုက်ပါတယ်။ ကဗပိုးတင်မက ရာသီတုပ်ကွေးမျိုးကွဲပေါင်းများစွာအပြင် အာရ်အက်စ်ဗီပိုးအပါအဝင် ပိုးပေါင်း ၃၀ကျော်ကို စစ်ဆေးသွားမယ်လို့ ဂင်ကိုဘိုင်အိုဝေါ့ခ်စ်ဆိုတဲ့ ပုဂ္ဂလိကပိုင်ကုမ္ပဏီက ကြေငြာပါတယ်။ ၂၀၂၁မှာ စတင်ခဲ့ချိန်ကစလို့ ခုထိ လူပေါင်း ၃သိန်း၆သောင်းကျော် ပါဝင်ိဖု့ စာရေးပေးထားကြတယ်လို့ ဆိုပါတယ်။ စစ်ပြီးဘာဆက်လုပ်မယ် ဆိုတာကို ဖော်ပြထားတာမတွေ့ပါဘူး၊ အကျိုးကျေးဇူးတွေပဲ ဖော်ပြထားတာဆိုတော့ အစိုးရဘတ်ဂျက်ဖြုန်းတဲ့ အစိုးရအာဏာချဲ့ထွင်တဲ့ လုပ်ငန်းတခုလည်း ဖြစ်နိုင်နေတာပါ။

၂၀၂၂အတွင်းမှာ ကမ္ဘာတလွှား ကဗနဲ့ သေဆုံးသူပေါင်း ၁.၂သန်းရှိပြီး တီဘီရောဂါကြောင့် သေဆုံးရသူက ၁.၃သန်းဖြစ်ကြောင်း ဟူးအဖွဲ့ကြီးက တင်ပြထားပါတယ်။ ဆင်းရဲရခြင်းဟာ တီဘီပိုးတွေ အဓိက ပေါက်ပွားရာ ရေခံမြေခံဖြစ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်လိုနိုင်ငံမှာတောင် နယ်စပ်အပွင့်ကနေ လာတဲ့လူတွေထဲ ဆေးယဥ်တီဘီဖြစ်သူတွေပါ ရှိနေတာဖြစ်ပါတယ်။ စီဒီစီက လေကြောင်းနဲ့ဝင်လာသူတွေကိုသာ စစ်ဆေးမှုတွေ တရစ်ချင်းကြပ်နေပေမယ့် နယ်စပ်က ဝင်လာနေတဲ့ ပိုးမွှားတွေ၊ ကူးစက်ရောဂါတွေ၊ မူးယစ်နဲ့နွယ်တဲ့ ရောဂါတွေကိုတော့ စိတ်ဝင်စားဟန် မတူပါဘူး။

ဆန်ဖရန်စစ္စကိုမှာ အေပက်ဆမ်းမစ်လုပ်ဖို့ စီစဥ်ထားတာမှာ စီစီပီရဲ့ ဦးပေါက်ဆီလည်း လာတက်မှာ ဖြစ်ပါတယ်။ ဒီမိုကရက်ပြည်နယ်/မြို့အစိုးရအဆက်ဆက် မရှင်းလင်း မထိန်းသိမ်းခဲ့တဲ့ လမ်းပေါ်က အခြေအနေမဲ့တွေကို ထူးထူးဆန်းဆန်း ရှင်းလင်းရေးလုပ်ပြီး လုံခြုံရေးအကာအရံတွေချလို့ဆိုတော့ ပြည်သူအများအတွက် အထူးအဆန်းကို ဖြစ်နေတာပါပဲ။ နျူဆမ်ကတောင် လှောင်လိုက်ပါသေးတယ်။

တကယ်တော့ ခုအခြေအနေအရ ဂျိုးက ရှီကို ဖားနေရမယ့်အနေအထား မဟုတ်ပါဘူး။ မဟာမိတ်အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟာမာ့စ်၊ ဟဇ်ဘိုလာ၊ ဟူသီတွေကို ထောက်ပံ့ပေးထားတာ အီရန်ဖြစ်ပြီး အီရန်ကို ထောက်ပံ့ပေးနေတာက တရုပ်ဆိုတော့ အမေရိကန်ကို တိုက်ခိုက်နေသလိုပါပဲ။ နောက်တချက်ကလည်း တရုပ်စီးပွားရေးက တော်တော်အခြေအနေ မကောင်းနေလို့ အမေရိကန်တွေ လာရင်းနှီးမြှုပ်နှံစေချင်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးကိုင်တွယ်ရမယ့်အစား ကိုယ့်ဆီပုလင်းနဲ့ကိုယ် သွားအဖျော်ဖြေခံမယ့်အချိုးမျိုးကို ဝါရင့်နိုင်ငံရေးသမားဆိုတာကြီးက  လုပ်ပြနေတာဟာ ပုံမှန်လို့ ထင်နေကြတုန်းပဲလား။

တရုပ်ပြည်မှာ ၂၀၀၈ စီးပွားကျပြီးထဲက ပြန်တက်လာတဲ့ပုံစံဟာ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေး စနစ်တွေမှာလို မဟုတ်ပါဘူး။ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့တိုင်းပြည်လည်းဖြစ် ကမ္ယာမှာ နံပါတ် ၁ကလည်း ဖြစ်အောင် အမြန်လုပ်ချင်တော့ ဖွံ့ဖြိုးမှုမြန်အောင် ဆောက်လုပ်ရေးတွေ အတင်းတွန်းလုပ်ပါတယ်။ အတိုးနှုန်းတွေ ငွေချေးစည်းမျဥ်းတွေ လျော့ချထားတဲ့အတွက် ဆောက်သူရော ဝယ်သူပါ ပွဲတော်တွေ့နေခဲ့ကြတဲ့အတွက် နေမယ့်သူတကယ်မရှိတဲ့ နေရာတွေမှာပါ ဆောက်ကုန်ကြတာပါ။ အလုပ်အကိုင်တွေ ကောင်းနေကြတုန်းမှာ မသိသာပေမယ့် ကမ္ဘာကို စိုးမိုးချင်ဇောနဲ့ ငဗဖြန့်ခဲ့ကြတာမှာ တကမ္ဘာလုံးလိုပဲ တရုပ်လည်း တော်တော်အထိနာခဲ့ပါတယ်။ အလုပ်ပြုတ်၊ ဝင်ငွေမရှိ၊ ချေးငွေပြန်မပေးနိုင်လည်း ကွန်ကွန်အစိုးရက ပြည်သူကို မညှာပါဘူး။ ညှာရအောင်လည်း ပြည်သူ့မဲနဲ့ တက်နေတာမှ မဟုတ်ပဲလေ။ အစိုးရရဲ့ တရားဝင်ဒေတာတွေတောင် လိမ်ပြနေရာက ဘယ်လိုမှ ဖုံးဖိ လိမ်ပြလို့ရတဲ့အဆင့် မရှိတော့လို့ မကြေငြာဖြစ်တာပဲ နှစ်အနည်းငယ်ရှိသွားပါပြီ။

ဂျိုးနဲ့ ဒီမိုကရက်တွေဟာ အစိုးရက အလကားပေးတဲ့ အစီအစဥ္တ်တွေ ဖန်တီးပြီးတမျိုး၊ ကလိုင်းမိတ် အတွက်ဆိုပြီး အီးဗီတွေ ဆိုလာတွေ တွန်းပြီးတဖုံနဲ့ တရုပ်တွေ စီးပွားဖြစ်အောင် (ကိုယ်လည်း အိတ်ဖောင်းအောင်) တဖက်လှည့်နဲ့ လုပ်ပေးနေပေမယ့် တရုပ်ပြည်ဟာ အမေရိကန်က ရင်းနှီးမြှုပ်နှံမှု များများရဖို့ အရေးတကြီး မျှော်လင့်နေရသေးတာပါ။ ဒီလိုအနေအထားမှာ ကိုယ့်ဖက်က ခပ်တင်းတင်း ကိုင်တွယ်သင့်ပါလျက်နဲ့ ခယနေရတာက တော်တော်ကို အဆင်မပြေပါဘူး။ ခြစားခေါင်းဆောင်တွေကို မယားငယ်ပေးပေးထားတာကလည်း အမေရိကန်က ရထားတဲ့အကျိုးအမြတ်ရဲ့ အစွန်းထွက်လောက် ရှိတာပါ။

ဘလင်ကန်က ဂျိုးနဲ့ရှီတွေ့ဆုံစဥ် ပထမဦးစားပေးတောင်းဆိုသွားမှာက နှစ်နိုင်ငံစစ်တပ်ချင်း ဆက်ဆံရေး ပြန်လည်တည်ထောင်ဖို့လို့ ဆိုပါတယ်။ စစ်တပ်ချင်းဆက်ဆံရေးက ၂၀၂၁မှာ တရုပ်ပြည်က ရုရှားက ဖိုက်တာဂျက်နဲ့ ဒုံးကာကွယ်ရေးစနစ်အစိတ်အပိုင်းတွေ ဝယ်တာနဲ့ ပတ်သက်ပြီး တရုပ်ကာဝန် လီရှန်ဖူကို ဆန်ရှင်လုပ်လိုက်တာမှာ တင်းမာသွားခဲ့ပြိး ၂၀၂၂ ဩဂုတ်မှာ ပလိုးစီ တိုင်ဝမ်သွားတုန်းက တရုပ်က ဖြတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ လုံခြုံရေးအကြံပေးဆူလီဗန်က တပ်ချင်းဆက်ဆံရေးဟာ ဆက်သွယ်မှုအမှား၊ တွက်ချက်မှုအမှားစတဲ့ အမှားတွေကနေ ရှောင်ရှားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ၂၀၂၀မှာ ဂျိုးကိုချစ်တဲ့ ဗခကမီလီက တရုပ်တပ်ချုပ်ကို ထရမ့်ကိုကျော်ပြီး သူနဲ့ ဆက်သွယ်ဖို့ ပြောခဲ့ပေမယ့် တရုပ်ဖက်က ဘယ်တပ်ချုပ်မှ ရှီကိုကျော်ပြီး လုပ်ရဲမယ်မထင်ပါဘူး။

တပ်ဖက်လူတွေထားလို့ တရုပ်ဝန်ကြီးချုပ်ဟောင်း လီကချန်တောင် အသက် ၆၈နှစ်နဲ့ ပြီးခဲ့တဲ့လကုန်လောက်က ရုတ်တရက် သေဆုံးသွားတာ ရှီလက်ချက်မကင်းဘူးလို့ ပြောနေကြတာပါ။ ရှန်ဟိုင်းရောက်နေတုန်း နှလုံးဖောက်တာမှာ အကောင်းဆုံးနှလုံးဆေးရုံ အနီးမှာရှိသားနဲ့ ဒုတိယတန်းစားဆေးရုံကိုပဲ ပို့ခဲ့တာရယ်၊ ဆေးရုံတက်ပြီး ၁၂နာရီလောက်ကြာမှ မရှိတော့ကြောင်း ကြေငြာတာရယ်၊ ပါတီတွင်း အာဏာလွန်ဆွဲမှုတွေကြောင့် အဖြုတ်ခံလိုက်ရတာ မကြာသေးတာရယ်၊ တိုင်းပြည်ကိုချစ်ပြီး လူတွေရဲ့ အခက်အခဲတွေကို စာနာတတ်သလို ပြည်သူအများအတွက်ကောင်းမယ့် စီးပွားရေးပေါ်လစီတွေကို ချမှတ်တတ်တာရယ်ကြောင့် ပြည်သူတွေ ချစ်ကြတာရယ် ပေါင်းလိုက်ရင် ဖြစ်နိုင်နေတာပါပဲ။  

ဒစ္စနေပန်းခြံတွေမှာ လူတွေ စီးစရာ ကြည့်စရာစောင့်ရင်း လစ်ရင်လစ်သလို မစင်စွန့်ကြတာ ကလေးတွေတင် မကတော့သလို တခါတလေ ဖြစ်တဲ့ကိစ္စမျိုးလည်း မဟုတ်တော့ပါဘူး။ လိုင်းရှည်တတ်တဲ့နေရာတွေမှာ အဲဒီလို ဖြစ်တတ်လွန်းလို့ အိမ်သာ လာဆောက်ပေးထားတာတောင် အခုလိုတွေ ဖြစ်နေဆဲပါ။ ကလေးဆော့တဲ့ ရေပန်းတွေမှာလည်းဖြစ်၊ လျောက်လမ်းတွေ ထိုင်ခုံတန်းတွေမှာလည်း တွေ့နဲ့ တတိယကမ္ဘာထက်တောင် ဆိုးများနေရော့သလား ထင်မိပါတယ်။ အခြေခံပညာရေး၊ ဥပဒေထိန်းသိမ်းရေးကစလို့ အမြင့်ဆုံးအိမ်ဖြူအထိမှာ တာဝန်ယူမှု တာဝန်ခံမှုထက် လက်ဝဲစွန်းအာဘော်တွေကို ရှေ့တန်းတင်နေတာဖြစ်တာရယ်၊ တန်ဖိုးထားမှုချင်းမတူနဲ့ ပတ်ဝန်းကျင်က လူတွေကို အစစ်အဆေးမရှိ ပေးဝင်နေတာရယ်က အရင်းခံပြဿနာတွေ ဖြစ်နိုင်ပါတယ်။ လုပ်သူက လူမည်း/လူညိုဖြစ်ပြီး ထောက်ပြသူက လူဖြူဖြစ်ရင် ထောက်ပြသူအပြစ်ပဲ ဖြစ်မှာစိုးတဲ့အတွက် အရှက် အကြောက်အပြင် လူအချင်းချင်း ယိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်တွေပါ ပျက်စီးသွားတာပါ။

Leave a comment