မနေ့က တောင်ပိုင်းကယ်လီဖိုးနီးယား ကိုချီလာမြို့မှာကျင်းပတဲ့ လူထုဟောပြောပွဲတခုမှာ ထရမ့်ကို လုပ်ကြံဖို့ကြံစည်နေတဲ့ လပ်စ်ဗေးဂပ်စ်က သေနတ်အရှည်၊ အတိုနဲ့ ကျည်ကပ်တွေ သယ်ဆောင်ထားသူ ဗမ်မေလာကို ထရမ့်နဲ့ မိုင်ဝက်အကွာမှာ ညနေ ၅နာရီမထိုးခင် ဖမ်းမိခဲ့ပါတယ်။ အဲဒီလူကို ကျည်အပြည့်လက်နက်နဲ့ ၁၀တောင့်အထက်ကျည်ကပ်ပိုင်ဆိုင်မှုနဲ့ အချုပ်ထဲပို့ပြီး ချက်ချင်းလိုပဲ ငွေ၅၀၀၀ အာမခံနဲ့ ပြန်လွှတ်ခဲ့ပါတယ်။ ရုံးချိန်းကတော့ ဇန်နဝါရီမှ ဖြစ်ပါတယ်။
မေလာဟာ ဟောပြောပွဲကို VIP သတင်းသမား ဝင်ခွင့်အတုနဲ့ ကားနဲ့ဝင်ဖို့ ကြိုးစားခဲ့တာပါ။ သူ့ဆီမှာ နာမည်မျိုးစုံနဲ့ နိုင်ငံကူးလက်မှတ်အတုတွေ၊ ယာဥ်မောင်းလိုင်စင်အတုတွေ တွေ့ရသလို သူမောင်းလာတဲ့ကားကလည်း နံပါတ်ပြားအတုနဲ့ ဖြစ်ပြီး တချို့သေနတ်တွေက မှတ်ပုံတင်မထားဘူးဆိုတော့ ကြေးစားအဆက်ဆင်နဲ့တောင် တူနေပါသေးတယ်။ မေလာကို ရီပါဘလစ်ကန်ပါလို့ လိုကယ်သတင်းတွေက ပြောကြပေမယ့် အတုတွေများပြားလှတဲ့သူ ဆိုတော့ ဘာကအစစ်ဆိုတာ ပြောဖို့ ခက်ပါတယ်။
အက်ဖ်ဘီအိုင်က မေလာအပြင် နောက်တဦးကိုလည်း ရေဗာဆိုက်ကောင်တီရဲရဲ့ ဗုံးအနံ့ခံခွေးတွေက တွေ့ရှိထားတဲ့အတွက် အန္တရာယ်ရှိနိုင်သူအဖြစ် ဟောပြောပွဲထဲကို ဝင်ခွင့်မပြုခဲ့ကြောင်း ရဲအရာရှိ ဘီယန်ကိုက ပြောသွားပါတယ်။ အဲဒီလိုတွေ့ရှိချက်တွေအပြီးမှာ ထရမ့်ကမ်ပိန်းက အီရန်ရဲ့ လုပ်ကြံမှုမှ ကာကွယ်ဖို့ ထရမ့်ကို စစ်ဘက်ကာကွယ်မှုပေးဖို့ တောင်းခံလိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ စစ်ဘက်အစောင့်အရှောက်က လက်ရှိသမ္မတတွေပဲ ရတာဖြစ်ပါတယ်။
အမေရိကန်မှာ ရောက်ရှိနေကြတဲ့ အီရန်ရဲ့ လက်ပါးစေတွေဟာ ကောလိပ်တွေမှာရော တိုင်းပြည်မှာပါ ပြည်သူတွေကြား မကွဲ ကွဲအောင်၊ ကွဲသွားပြန်ရင် တဖက်နဲ့တဖက် မုန်းသထက်မုန်းအောင် နည်းမျိုးစုံနဲ့ လှုပ်ရှားကြပါတယ်။ ရုပ်ရှင်တွေထဲမှာလို ဇတ်ရှိန်တက်အောင် ပွဲဆူအောင်လုပ်ပြီး ပွဲဆူလာတော့ ပရိသတ်က တဖက်ဖက်က ဝင်ခံစားပြီး အချင်းချင်းစောင်ကုန်ကြသလိုပါပဲ။ ဂျော့ဝါရှင်တန်တက္ကသိုလ် သုတေသီများရဲ့ အစွန်းရောက်များနဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာ အဲဒီလို ပြည်တွင်းမှာ အမုန်းမီး တိုက်နေသူတွေက ရွေးကောက်ခံအစိုးရအရာရှိများနဲ့ တရင်းတနှီးဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီထဲကတခုက သွေးဆာနေတဲ့ အီရန်အာဏာရှင်တွေရဲ့ ဩဇာဖြန့်ကျက်ရေးကမ်ပိန်းတွေမှာ အီရန်က အီမမ်တဦးနဲ့ ကမလာတို့ ပျော်ပျော်ကြီး ယှဥ်တွဲနေတဲ့ပုံ ဖြစ်ပါတယ်။ အဲဒီလူက ၁၉၈၀နှစ်တွေမှာ အီရန်ရေတပ်ရဲ့ နိုင်ငံရေး အတွေးအခေါ်ရုံးရဲ့ အကြီးအကဲလုပ်ခဲ့သူ မိုဟာမက်အလီအီလာဟီဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ခိုမေနီနဲ့ ဟဇ်ဘိုလာတို့ကို ချီးမွမ်းလေ့ရှိတဲ့အပြင် အီရန်အစိုးရအတွက် အသေတောင် ခံရဲသူလို့ ပြောနေသူဖြစ်ပါတယ်။
ကမလာနဲ့ အီလာဟီတို့က ဒီးထရွိုက်က ဟန်တင်တန်ပလေ့စ်မှာ ကကဆနဲ့ပတ်သက်တဲ့ ပွဲတခုမှာ ၂၀၂၁ ဇူလိုင်တုန်းက ဆုံခဲ့ကြတာဖြစ်ပြီး ဒီးယားဘွန်းမြို့မှာရှိတဲ့ အီလာဟီရဲ့ အစ္စလာမစ်ဟောက်စ်အော့ဖ် ဝစ္စဒမ်ဆိုတဲ့ အငြင်းပွားစရာ နေရာကိုပါ ကမလာက လည်ပတ်ဖို့ စီစဥ်ထားခဲ့ပါတယ်။ လည်မယ့်အချိန်နီးမှ အဲဒီနေရာက ရေလွှမ်းနေလို့ သွားဖို့အစီအစဥ် ဖျက်လိုက်ရတာပါ။
အီလာဟီက အမေရိကန်က ဟဇ်ဘိုလာအခွဲတွေကို ကြီးကြပ်စစ်ဆေးသူအဖြစ် ၁၉၉၁တုန်းက တာဝန်ယူခဲ့ပြီး ရှီအိုက်အသိုင်းအဝိုင်းမှာလည်း တီဟီရန်ရဲ့ ဩဇာလွှမ်းအောင် လုပ်ဆောင်ရသူ ဖြစ်ကြောင်း ယူအကစ်အင်စတီကျူအော့ဖ်ပိစ်က ဆိုပါတယ်။ သူဟာ လက်ဘနွန်လွတ်မြောက်ဖို့ သူ့အသက်ပဲ ပေးရပေးရလို့ ပြောခဲ့ဖူးတဲ့အတွက် အခု ဖရီးပါလက်စတိုင်းလှုပ်ရှားမှုတွေရဲ့ ပဲ့ကိုင်ရှင်လည်း ဖြစ်နေနိုင်ပါတယ်။
အီလာဟီက အာလ်အယ်လ်ဘေ့ကမ္ဘာ့အဆမ်ဘလီ ABWA လို့ခေါ်တဲ့ ၁၉၉၄မှာ ခါမေနီဖွဲ့စည်းခဲ့တဲ့ အီရန်အခြေစိုက်အဖွဲ့တခုရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ လက်တံတွေက နိုင်ငံ ၉၀ ကျော်မှာ အီရန်ဩဇာကျယ်ပြန့်အောင် ပညာရေး အဖွဲ့အစည်းတွေ၊ နိုင်ငံသားအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ ဝဲလ်ဖဲပရောဂျက်တွေ လုပ်နေတာ ဖြစ်ပါတယ်။ နိုင်ငံ ၉၀ကျော်ဆိုတော့ မြန်မာနိုင်ငံရော လွတ်မယ်ထင်ပါသလား။
အီလာဟီနဲ့ လုံးနေတာ ကမလာတဦးထဲမဟုတ်ပါဘူး၊ ဂျွန်ကယ်ရီ၊ မီရှီဂန်ဂါဗာနာ ဝှစ်တ်မာ၊ မီရှီဂန်ဆီနိတ်တာ ဂယ်ရီပီတာစ်၊ မီရှီဂန်အမတ် ဒက်ဘီဒင်ဂျဲလ်နဲ့ ဂျွန်ကွန်ယားစ်တို့လည်း ပါပါတယ်။ သူဟာ အက်ဘလူးကတဆင့် ဒီမိုကရက်တွေကို အမြဲငွေလှူသူဖြစ်ပြီး သူ့ကို ဒေါ်လာသိန်းချီ အားဖြည့်ပေးနေတာက နယူးယောက်က အလာဗီဇောင်ဒေးရှင်းဖြစ်ပါတယ်။ အလာဗီဖောင်ဒေးရှင်းက ဟားဗတ်၊ ကိုလံဘီယာ၊ ဟန်းတားကောလိပ်စတဲ့ အမေရိကန် တက္ကသိုလ်တွေကို ၁.၉သန်း လှူထားတာပါ။
ဇွန်လတုန်းက အီလာဟီက ဝိန်းစတိတ်ယူနီဗာစတီက အကြီးအကဲတွေကို စတူးဒန့်စ်ဖော်ဂျပ်တစ်အင် ပါလက်စတိုင်းအဖွဲ့က အစွန်းရောက်လှုပ်ရှားသူတွေနဲ့ တွေ့ဖို့ စာပို့ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်မှာ နေရှင်နယ်အင်တဲလိဂျန့်စ်ဒါရိုက်တာ အက်ဗရေဟိန်းစ်က အီရန်အစိုးရရဲ့ လက်ပါးစေတွေဟာ ဂါဇာစစ်နဲ့ ပတ်သက်တဲ့ ဆန္ဒပြသူတွေကို ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် အမြတ်ထုတ်နေတယ်လို့ အတည်ပြုသွားပါတယ်။ အီရန် ငွေ”လှူ”တာက တက္ကသိုလ်တွေ ဆန္ဒပြသူတွေကိုတင်ပဲလို့ထင်ရင် မှားပါလိမ့်မယ်။ ဒီမိုကရက်တွေ အီရန်လုပ်နေတာတွေကို ဘာကြောင့် မမြင်ချင်ယောင်ဆောင်နေသလဲဆိုတာ စဥ်းစားကြည့်ပါ။
အောက်တိုဘာ ၇ တိုက်ခိုက်မှုနောက်ပိုင်းမှာ အီရန်က အစ္စရေးဆန့်ကျင်တဲ့အုပ်စုတွေနဲ့ အကြမ်းဖက်နဲ့ မဟာမိတ်အုပ်စုတွေ၊ တက္ကသိုလ်ပရဝုဏ်တွေမှာ စတဲချဆန္ဒပြကြသူတွေ၊ ဆူပူအောင်လုပ်သူတွေကို ငွေတွေ အထောက်အပံ့တွေ ပုံပေးခဲ့ကြောင်း မစ်ဒယ်အိစ်ဖိုရမ်ရဲ့ အစ္စလာမ်မစ်ဝေါ့ချ်ဒါရိုက်တာ ဆမ် ဝက်စ်ရော့ပ်က ဖော်ပြခဲ့ပါတယ်။ ဟူစတန်မှာလည်း အီရန်အစိုးရက ဗလီတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေကတဆင့် အကြမ်းဖက်လိုလားတဲ့ ဆန္ဒပြပွဲတွေကို ကြိုးကိုင်နေတာလည်း အဆိုပါအဖွဲ့က တွေ့ရှိထားကြောင်း နယူးယော့ပို့စ်မှာ ဖော်ပြထားပါတယ်။
အီရန်က ပိုက်ဆံတွေ အဲဒီလောက် သုံးနေနိုင်တာကလည်း ဘိုင်ဒန်၊ ကမလာ၊ အိုဘမတို့ကြောင့်ပါပဲ။ ပြည်တွင်းရေနံပိတ်တော့ ကမ္ဘာ့ရေနံဈေးလည်းတက် ထရမ့်လက်ထက်က အီရန်အပေါ် ကြပ်ထားတာတွေ အကုန်ဖြေချတဲ့အပြင် ငွေသားတောင် ဘီလျံနဲ့ချီ ပုံပေးနေမှတော့ အီရန် ဒီလောက်သုံးတာ ပါးပါးလေးပါ။ အီရန်က သန်းပေါင်းများစွာသောပိုက်ဆံတွေကို လာဘ်ထိုးဖို့ အဓိကသုံးမှာဆိုတော့ ကမလာတို့အတွက်က ငွေဖြူလျော်သလိုပါပဲ။ အီရန်ကိုပေးတာက တဖက်လှည့်နဲ့ သူတို့အိတ်ထဲ ပြန်ရောက်တာပါ။ ယူကရိန်းလည်း ခပ်ဆင်ဆင်ပါပဲ။ ဘီလျံနဲ့ချီ ကူတာတွေက သူတို့အိတ်ထဲ သန်းချီပြန်ရကြတာပေါ့။
ဒါဆိုရင် အီရန်က ဘာလို့ ငြိမ်းချမ်းရေးလိုလားတဲ့ ထရမ့်ကို အသေသတ်ချင်နေတာလဲနဲ့ ဘာလို့ ကမလာတို့က အမေရိကန်ရဲ့ မဟာမိတ်အစ္စရေးဘက်က ပြတ်ပြတ်သားသားမရပ်ပဲ စစ်ကြာအောင် မီးစတဖက် ရေမှုတ်တဖက် ရှုံ့ချီ နှပ်ချီ လုပ်နေတာလဲဆိုတာ ရှင်းလောက်ပြီထင်ပါတယ်။ တိုင်းပြည်ရဲ့ ရန်သူကို အားပေးတဲ့အစိုးရမျိုးက ပြည်သူ့အကျိုးဆိုတာကို ခေါင်းထဲထည့်ပါ့မလား။
ဟာမာ့စ်က အစ္စရေးအပေါ် အောက်တိုဘာ ၇ တိုက်ခိုက်မှုမှာ အီရန်က နောက်က အဓိက ပါဝင်နေသလို ဟာမာ့စ်ကလည်း အီရန်နဲ့ ဟဇ်ဘိုလာပါလာအောင် စောင့်နေရလို့ တနှစ်နောက်ကျပြီး ၂၀၂၃မှာမှ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစီအစဥ်အသေးစိတ်ကို ဇန်နဝါရီတုန်းက အစ္စရေးတပ်က ခန်ယွန်းနစ်က မြေအောက်မှာရှိတဲ့ ဟာမာ့စ်စစ်ဘက်ကွပ်ကဲရေးဌာနတခုက ကွန်ပြူတာပေါ်မှာ တွေ့ရှိတာဖြစ်ပါတယ်။ အစ္စရေးထလရက အဲဒါကို အချိန်မီ မဖော်ထုတ်နိုင်ခဲ့တာကိုလည်း တပ်တွင်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အစ္စရေးက ဟာမာ့စ်ကတိုက်မယ့်အကြောင်း ကြိုသိပေမယ့် ကွန်မန်ဒါတွေက ဟာမာ့စ်ရဲ့ အစွမ်းအစနဲ့ အကြံအစည်ကို လျော့တွက်ခဲ့တာပါ။ ကြည့်ရတာ အစ္စရေးမှာလည်း အမေရိကန်က ဗိုလ်ချုပ်ကြီး မီလီလိုပဲ လောက်တွေ ရှိနေတာ ဖြစ်နိုင်ပါတယ်။
ရကပနေ့မှာ အကြီးအကျယ်သွေးထွက်သံယိုဖြစ်အောင် အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်မှုနဲ့ အဖမ်းခံထားရတဲ့ နဆာအာမက်တော်ဟီဒီဟာ အာဖဂန်က စီအိုင်အေရုံးမှာ အစောင့်လုပ်ခဲ့တယ်လို့ တွေ့ရှိထားပါတယ်။ ဘိုင်ဒန်တို့တပ်ဆုတ်တော့ သူ့ကို စပယ်ရှယ်ဗီဇာပေးပြီး ခေါ်သွင်းလာတာပါ။ ဒီရောက်ပြီးမှ အစွန်းရောက်သွားတာ ဟုတ်/မဟုတ် ကိုတော့ အက်ဖ်ဘီအိုင်က ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ တော်ဟီဒီဟာ ဒီနှစ်မတ်လမှာ အိုင်စက်ကို ငွေလှူခဲ့တာနဲ့ အွန်လိုင်းပေါ်က အိုင်စက်ဝါဒဖြန့်တာတွေကို ဝင်ရောက်ကြည့်ရှုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တော်ဟီဒီ, ၂၇, နဲ့အတူ အကြမ်းဖက်မှုကျူးလွန်ဖို့ ပူးပေါင်းကြံစည်သူက အာဖဂန်နိုင်ငံသား အမေရိကန်မှာ ဂရင်းကဒ်နဲ့နေတဲ့ အရွယ်မရောက်သေးသူဖြစ်ပြီး သူတို့ကို အက်ဖ်ဘီအိုင် undercover က ဖမ်းမိတာဖြစ်ပါတယ်။