ဇန်နဝါရီ​၂၈ရက် ၂၀၂၅

သမ္မတထရမ့်ရဲ့ Executive Order တွေရဲ့ လူဝင်မှုကိစ္စများအပေါ် သက်ရောက်မှုကို အင်တာနက်ပေါ်က လူဝင်မှုရှေ့နေများက ဘယ်လိုပြောထားကြလဲဆိုတော့

၁။ ပြည်သူနဲ့ နိုင်ငံတော်လုံခြုံရေးအတွက် နိုင်ငံကို ပြည်ပအကြမ်းဖက်တွေရန်က ကာကွယ်ဖို့အမိန့်မှာ

  • ဗီဇာလျောက်ထားတာတွေကို ပိုမိုစီစစ်တာတွေ ဖြစ်လာနိုင်တဲ့အတွက် ကြန့်ကြာမှုတွေ ပိုရှိလာနိုင်ပါတယ်။
  • High-risk နိုင်ငံတွေမှာ မွေးဖွားသူဆိုရင် မည်သည့်နိုင်ငံသားမဆို ပိုမိုစီစစ်ခြင်း၊ အထောက်အထား ပိုမိုတောင်းခံတာတွေ ကြုံတွေ့နိုင်ပါတယ်။

၂။ အမေရိကန်နိုင်ငံသားဖြစ်မှုရဲ့ အဓိပ္ပါယ်နဲ့ တန်ဖိုးကို ကာကွယ်ဖို့အမိန့်မှာ

  • ပြည်တွင်းကို တရားမဝင် (သို့) ယာယီဗီဇာ (သို့) ဗီဇာမလိုတဲ့အစီအစဥ်နဲ့ ရောက်ရှိနေကြသူတွေရဲ့ ဒီနှစ် ဖေဖေါ်ဝါရီ ​၁၉ ရက်နောက်ပိုင်းမှာ မွေးတဲ့ ကလေးတွေဟာ မှီခိုဗီဇာကိုပဲ လျောက်ထားရမှာဖြစ်ပြီး အမေရိကန်နိုင်ငံသားအဖြစ်ကို ရတော့မှာ မဟုတ်ပါဘူး။
  • ယာယီဗီဇာမှာ အလည်၊ စီးပွားရေး၊ အလုပ်၊ ကျောင်း စတာတွေပါဝင်တဲ့အတွက် အမြဲနေထိုင်ခွင့် ရထားသူတွေကမွေးလာမယ့်သားသမီးတွေပဲ နိုင်ငံသားအဖြစ် ရမှာဖြစ်ပါတယ်။ ခိုလှုံခွင့်ရထားပြီးသူတွေက ယာယီဗီဇာမဟုတ်တော့လို့ သူတို့က မွေးဖွားလာမယ့် သားသမီးတွေလည်း နိုင်ငံသား ဖြစ်လာနိုင်မယ်ထင်ပါတယ်။

၃။ တောင်ပိုင်းနယ်စပ် လုံခြုံစေဖို့ အရေးပေါ်ကြေငြာတဲ့ အမိန့်မှာ

  • CBP One နဲ့ Parole အစီအစဥ်တွေကို ဖျက်သိမ်းလိုက်တဲ့အတွက် နယ်စပ်ကဝင်ဖို့ ကြန့်ကြာမှုတွေ ပိုမိုစီစစ်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

၅။ အမေရိကန်ပြည်သူတွေကို ကျူးကျော်မှုမှ ကာကွယ်တဲ့အမိန့်မှာ

  • ပြည်သူ့လုံခြုံရေးအတွက် ရှင်းသင့်တဲ့လူ အမြန်ဆုံးရှင်းမှာဖြစ်လို့ အထောက်အထားမရှိတဲ့ နိုင်ငံခြားသားတွေက သူတို့ဒီမှာရှိနေကြောင်းကို လုပ်ထုံးလုပ်နည်းတွေအတိုင်း register လုပ်ထားဖို့ တိုက်တွန်းထားပါတယ်၊ မလုပ်ရင် တရားမမှု၊ ရာဇဝတ်မှုတို့အရ အပြစ်ရှိတာဖြစ်လို့ ဖမ်းတဲ့ထဲ ရောပါသွားနိုင်တယ်လို့ ဆိုပါတယ်။
  • Humanitarian parole တွေ၊ TPS ပေးတာတွေ၊ အလုပ်လုပ်ခွင့်ပေးတာတွေကို ကန့်သတ်လာဖို့ ရှိပါတယ်။ TPS နဲ့ TPS ကြောင့် ရလာတဲ့ EAD တွေကို သက်တမ်းတိုးမပေးတာတွေ  ဖြစ်လာနိုင်ပါတယ်။ ကြိုပြင်ထားနိုင်အောင်ပါ။

၆။ ပြည်နယ်တွေကို ကျူးကျော်မှုမှ ကာကွယ်ဖို့ ထုတ်တဲ့အမိန့်မှာ

  • တောင်ဘက်နယ်စပ်က ခိုလှုံခွင့်လျောက်သူအပါအဝင်ကို ဝင်လာခွင့် ပိတ်ပင်လိုက်ပါတယ်။
  • DHS နဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒုက္ခသည်တွေကို case-by-case basis နဲ့တော့ ဝင်ခွင့်ပြုနိုင်ပါတယ်။

၇။ ဒုက္ခသည်ဝင်ခွင့်ပြုရေးအစီအစဥ် USRAP ပြန်လည်ချိန်ညှိမယ့်အမိန့်မှာ

  • ဒီနှစ် ဇန်နဝါရီ ၂၇ကစလို့ ဒုက္ခသည်လျောက်ထားမှုတွေကို ဆိုင်းငံ့ထားမှာဖြစ်ပြီး ဘယ်အချိန်ပြန်စမလဲဆိုတာကို DHS က ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

ICE က တနင်္ဂနွေနေ့တနေ့တည်း ခိုးဝင်ရာဇဝတ်သား ၉၅၆ဦး ဖမ်းဆီးမိထားပါတယ်။ ကြာသပတေးနေ့အထိ ၁၃၀၀ခန့် ဖမ်းဆီးထားပြီး တချို့ကို ဆိုင်ရာနိုင်ငံ ပြန်ပို့ပြီးဖြစ်ပါတယ်။ အရင်ဆုံး ဖမ်းတာတွေက  ဒီနိုင်ငံထဲမှာ ၁၀နှစ် ၁၅နှစ်လောက် ရှိနေတဲ့ ခိုးဝင်တွေထဲက ရာဇဝတ်ပြစ်မှု ကျူးလွန်ထားပြီး ဘိုင်ဒန်တို့က ပြည်တွင်းမှာ ပြန်လွှတ်ပေးထားတဲ့သူတွေ အဓိက ပါဝင်ပါတယ်။ သူတို့မှာ ရုံးချိန်းတွေရှိတတ်လို့ သူတို့လိပ်စာတွေလည်း ဆိုင်ရာမှာ ရှိပြီးသား ဖြစ်ပါတယ်။ ပြန်ပို့ဖို့ လျာထားတဲ့ ၇သိန်းကျော်ပဲ ဖမ်းမှာဆိုရင်တောင် တနေ့ တထောင်နှုန်းနဲ့ နေ့စဥ်ရက်ဆက် ၂နှစ်ကျော်လောက်ဖမ်းမှ ပြီးမှာဆိုတော့ ဖြဲချောက်နေတာတွေကို ချင့်ယုံကြဖို့ လိုပါတယ်။ တရက်ကို ၁၂၀၀- ၁၅၀၀လောက်အထိ တိုးဖမ်းဖို့တော့ စီစဥ်နေပါပြီ။

အဓိက ဝင်ဖမ်းတဲ့မြို့ကြီးတွေက ရှီကာဂို၊ ဒန်ဗာ၊ အော်စ်တင်-တက္ကဆက်စ်၊ ပေတာဆန်-နယူးဂျာစီ၊ ဆန်ဟိုဆေး-ကာလီဖိုးနီးယားနဲ့ LA-CA တို့ဖြစ်ပြီး ဆန်အန်တိုနီယို၊ မိုင်ယာမီ၊ ဒီးထရွိုက်၊ အိုမဟာ၊ ဖီးနစ်စ်၊ အတ္တလန်တာတို့မှာလည်း ဝင်စီးဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လူဆိုးတွေ တိုင်းပြည်မှာ လျော့သွားလေ ပြည်သူတွေ အေးချမ်းလုံခြုံလေ ဖြစ်လာမှာပါ။ ဒါက လူဆိုးတွေအပေါ် မစာနာလို့ ဆိုတာထက် ကိုယ်တာဝန်ရှိတဲ့ ကိုယ့်မိသားစု လုံခြုံရေးအတွက် ကိုယ့်အိမ်မှာ လူဆိုး သူခိုးတွေ လက်မခံတဲ့ သဘောပါပဲ။ အဲဒီလူဆိုးတွေက တရားဝင်လာတာဆိုရင်တောင် ဒီနိုင်ငံမှာ လက်ခံထားဖို့ တာဝန်မရှိပါဘူး။

ဒီကနေ့လုပ်တဲ့ အိမ်ဖြူသတင်းစာရှင်းလင်းပွဲမှာ တရားဝင်လာရောက်ခဲ့ပေမယ့် နေခွင့်သက်တမ်း ကုန်သွားပြီဆိုရင်လည်း တိုင်းပြည်ရဲ့ ဥပဒေကို ချိုးဖောက်သူဖြစ်လို့ ပို့မယ်ဆို ပြန်ပို့လို့ ရတယ်လို့ ဆိုပါတယ်။ အကုန်လိုက်ရှာပြီး ပြန်ပို့ဖို့က အကုန်အကျ များလွန်းတဲ့အတွက် “အို”တိုင်းကို တကူးတက လိုက်ရှာပြီး ပြန်လွတ်မှာမဟုတ်ပါဘူး။ သို့ပေမယ့် အကြောင်းတိုက်ဆိုင်ရင် မပါသွားဘူးလို့လည်း မပြောနိုင်ပါဘူး။​ အကောင်းဆုံးက နိုင်ငံသား မဖြစ်သေးသူတိုင်း ကိုယ့်မှာ ကိုယ်ဘယ်သူဆိုတဲ့ သက်သေခံ အထောက်အထားကို သက်တမ်းကုန်နေသည့်တိုင် ကိုယ်နဲ့မကွာ သယ်ဆောင်ထားဖို့ပါ။ ဒါက အင်တာနက်ပေါ်က အင်မီဂရေးရှင်းရှေ့နေတွေ ပေးတဲ့အကြံပါ။ အလုပ်ရှိတဲ့လူက ရှိနေသ၍ အလုပ်ဆက်သွားပါ။ အလုပ်ကောင်းကောင်းလုပ်နေတဲ့သူကို ပြစ်မှုရာဇဝင်မရှိ၊ တိုင်သူမရှိပဲ ဘယ်သူမှ တကူးတက လိုက်မဖမ်းပါဘူး။

ခိုလှုံခွင့်လျောက်ထားတာတွေနဲ့ ဒုက္ခသည်ဝင်ခွင့် ဆိုင်းငံ့ထားတာက ရှင်းထုတ်စရာတွေ အရင်ရှင်းထုတ်ပြီးမှ အခြေအနေပေါ်မူတည်ပြီး ကျန်တာ ဆက်လုပ်ရမှာဖြစ်လို့ပါ။ ခိုလှုံခွင့်ဆိုတာ နယ်စပ်ကပဲ ခိုးဝင်ဝင်၊ တရားဝင်ပဲလာလာ မပြန်နိုင်/မပြန်ချင်တဲ့လူတိုင်း လျောက်ကြတာဖြစ်လို့ တအားကို မနိုင်မနင်းဖြစ်နေပါပြီ။ ၂၀၂၄ စက်တင်ဘာတုန်းက ခိုလှုံခွင့်လျောက်ထားဆဲ အမှုပေါင်း ၁.၆သန်းရှိရာက အောက်တိုဘာမှာ ၂သန်းအထိ တက်လာခဲ့ပါတယ်။ အမိန့်ချဖို့ နှစ်နဲ့ချီကြာနိုင်ပေမယ့် ကြားထဲမှာ တရားဝင်နေခွင့် ရှိပါတယ်။ အဲဒါတွေက အမှန်တကယ် လိုအပ်ချက်နဲ့ လျောက်သူတွေရဲ့ အမှုတွေကို အရမ်းကို ကြန့်ကြာသွားစေတဲ့ အကြောင်းရင်းပါပဲ။ ဘိုင်ဒန်တို့က ပြဿနာတွေပဲ ဖန်တီးပြီး ပြဿနာဖြေရှင်းဖို့ မကြိုးစားတဲ့ ရလာဒ်တွေပါ။

USမှာ TPS နဲ့ နေခွင့်ပြုထားတဲ့နိုင်ငံ ၁၆နိုင်ငံရှိပြီး TPS နဲ့နေတဲ့လူ ၁သန်းလောက် ရှိပါတယ်။ TPS အများဆုံး ၃နိုင်ငံက ဟေတီ၊ ဗင်နီဇွဲလားနဲ့ အယ်လ်ဆာဗေးဒိုးဖြစ်ပြီး ထရမ့်က ကမ်ပိန်းမှာပြောခဲ့တာက ဟေတီနဲ့ ဗင်နီဇွဲလားကလူတွေရဲ့ TPS ကို အဓိက ဖြုတ်ချင်တာပါ။ ဗင်နီဇွဲလားဂိုဏ်းတွေက ပြည်သူကိုဒုက္ခပေးနေတဲ့သတင်းတွေ အများကြီးဖြစ်လို့ ပြည်သူက ဒီပြဿနာကို လူမုန်းခံ ရှင်းပေးမယ့် ထရမ့်ကို မဲပေးခဲ့ကြတာဖြစ်ပါတယ်။ TPS သက်တမ်းက ၁၈လဖြစ်ပြီး သက်တမ်းတိုးမယ် မတိုးမယ် မသိရသေးပါဘူး။ TPS သမားတွေက တခြား လူဝင်မှုခံစားခွင့် မလျောက်ရဘူးလို့ မပါတာကြောင့် တခြားနည်းလမ်းတွေကို သက်တမ်းမကုန်ခင် ကြိုပြင်ထားသင့်ပါတယ်။

လောလောဆယ် မက္ကဆီကို နယ်စပ်ဒေသ တချို့မှာ အုပ်စုဖွဲ့ ရာဇဝတ်မှုကျူးလွန်တာတွေ၊ ပြန်ပေးဆွဲတာတွေ၊ သေနတ်ပစ်တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲမှုတွေ ဖြစ်ပွားနေတဲ့အတွက် အဲဒီဒေသတွေကို မသွားရောက်ဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မြို့ကြီးတချို့က ခိုးဝင်တွေကို ဘိုင်ဒန်တို့ ထားတဲ့ နေရာတွေလည်း လူမရှိတော့လို့ ပိတ်လိုက်ရပြီဖြစ်ပါတယ်။ အဲဒီလို နေရာတခုတခုဆိုရင် လူအများကြီးကို နေ စား ငြိမ်း ပေးရတာဆိုတော့ သန်းနဲ့ချီ ဘတ်ဂျက်ရကြတာဖြစ်လို့ အာဏာရှိသူတွေရဲ့ အမျိုးတွေ ကန်ထရိုက်ရပြီးဇီးသီးဗန်းအကြီးကြီး မှောက်ကြတာဖြစ်ပါတယ်။

နယူးယောက်မှာ မနေ့က ဘူတာကို ဝင်လာနေတဲ့ ရထားဆီ ရထားစောင့်နေတဲ့ အမျိုးသမီးကို အခြေအနေမဲ့ တဦးက တွန်းထည့်လိုက်တဲ့အတွက် ဒဏ်ရာရသွားပါတယ်။ တွန်းတဲ့လူက တားမြစ်နေရာ ဝင်ရောက်မှု၊ လက်သရမ်းမှု စသည်တို့နဲ့ အကြိမ်ကြိမ် အဖမ်းခံထားရသူဖြစ်ပြီး နောက်ဆုံးအဖမ်းခံရတာက အရင်အပတ်ကဖြစ်ပါတယ်။ တနင်္ဂနွေမနက်ကလည်း ရထားဘူတာမှာ အမျိုးသမီးတဦး အကြိမ်ကြိမ် ဓါးထိုးခံရပြီး ထိုးသူကို မမိသေးပါဘူး။ သောက်ြာနေ့က မြို့ထဲဘူတာမှာ အမျိုးသမီးကြီးတဦးရဲ့ခေါင်းကို ဂေါက်ရိုက်တံနဲ့ ရိုက်သွားခဲ့ပြီး ရိုက်သူမမိသေးပါဘူး။

ဒါတွေက မဆန်းပေမယ့် ပြည်သူ့ပိုက်ဆံ သန်းချီသုံးပြီး ထရမ့်ကို နိုင်ငံရေးအရ လုပ်ကြံတာတွေ၊ ခိုးဝင်တွေကို နေဖို့ စားဖို့ သုံးဖို့ ဆေးကုဖို့ လိင်ပြောင်းဖို့တွေမှာ အာရုံစိုက်ကြပြီး ပြည်သူလုံခြုံဖို့ မေ့ထားကြတာကို မြင်စေ့ချင်တာပါ။ နယူးယောက်မြို့ဝန် အဲရစ်အဒမ်စ်က ခိုးဝင်တွေထားဖို့ မတတ်နိုင်တော့ပါဘူးလို့ ဘိုင်ဒန်အစိုးရကို ပြောတော့ “Be a better Democrat” လို့ ပြန်ပြောပါသတဲ့။ ဒီမိုကရက်ဆိုတာ ပြည်သူဘာဖြစ်ဖြစ် နိုင်ငံခြားကလူတွေ ခိုးဝင်တွေ အဆင်ပြေဖို့က အဓိကဆိုတဲ့ သဘောပါပဲ။

One thought on “ဇန်နဝါရီ​၂၈ရက် ၂၀၂၅

Leave a reply to z.htut Cancel reply