တနေ့က ထရမ့်အစိုးရက အပြန်အလှန်ကုန်သွယ်ခွန် reciprocal tariff ကို ကြေငြာထားတဲ့အတိုင်း စတင်ခဲ့ပါတယ်။ အစ္စရေးက အဲဒီမတိုင်ခင်လေးတင် US အပေါ် ကန့်သတ်/စည်းကြပ်ထားတာတွေကို ပယ်ရှားပေးလိုက်တယ်လို့ ကြေငြာလိုက်ပြီး အိန္ဒိယ၊ ဗီယက်နမ်၊ ဆွစ်ဇာလန် စတဲ့နိုင်ငံတွေက အမေရိကန်ကုန်စည် အချို့အပေါ် စည်းကြပ်နေတဲ့ tariff ကို လျော့ချပေးလိုက်ပြီလို့ ကြေငြာပါတယ်။ မက္ကဆီကိုနဲ့ ကနေဒါက USMCA သဘောတူညီချက်နဲ့ ကိုက်ညီတဲ့ ကုန်ပစ္စည်းတွေက tariff ထိမှာမဟုတ်ပဲ ကျန်ကုန်စည်တွေအပေါ်မှာတော့ နယ်စပ်ကနေ မူးယစ်ဆေးဝင်နေတာတွေ ခိုးဝင်တာတွေ ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှ tariff နှုန်းကို ချပေးမယ်လို့ ဆိုပါတယ်။
အပြန်အလှန်ဆိုပေမယ့် အမေရိကန်အပေါ် မတရား tariff ချထားပြီး ကုန်သွယ်မှုအမြတ်ထွက်နေတဲ့ နိုင်ငံတွေက အမေရိကန်ကုန်စည်တွေအပေါ် စည်းကြပ်/ကန့်သတ်တဲ့ တဝက်ကိုပဲ အမေရိကန်က ကောက်ခံတာဖြစ်ပြီး ကျန်နိုင်ငံများအပေါ်ကိုတော့ ၁၀% ယျေဘုယျ ကောက်ခံသွားမှာပါ။ ဝေဖန်သံ အကျယ်လောင်ဆုံးထွက်တာကက အမေရိကန်နဲ့ ကုန်သွယ်ရာမှာ အမြတ်ထုတ်ချင်တိုင်း ထုတ်နေကြတဲ့ နိုင်ငံတွေချည့်ပါပဲ။ ဂျာမဏီနဲ့ ဂျပန်တို့က အမေရိကန်ကားတွေအပေါ် ၁၀၀% tariff ကောက်သလို နိုင်ငံတော်တော်များများက အမေရိကန်ကား၊ ဓါတ်ငွေ့ရည်၊ လယ်ယာထွက်ကုန်၊ လူသုံးကုန် စတာတွေအပေါ် ကြီးမားတဲ့ tariff တွေ ကန့်သတ်ပိတ်ပင်မှုတွေ ချထားကြတာပါ။
အမေရိကန်ထုတ် မော်တော်ဆိုင်ကယ်တွေကို အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်စနဲ့ နိုင်ငံတွေမှာ tariff 60-80% လောက် ကောက်ကြပေမယ့် အမေရိကန်ကတော့ သူ့ဆီသွင်းတဲ့ ဆိုင်ကယ်တွေကို 2.4%ပဲ ကောက်နေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နို့ထွက်ပစ္စည်းတွေ အပေါ် ကနေဒါက 250-300%ကောက်ပြီး အမေရိကန်က အသားတွေကို ဥရောပ ဩစတေးလျတို့က တင်သွင်းခွင့် မပြုပါဘူး။ တရုတ်က အမေရိကန်ဆန်အပေါ် 65%၊ တကိုရီးယားက 50-500%၊ ဂျပန်က 700% စသဖြင့် ကောက်နေပေမယ့် အဲဒီနိုင်ငံတွေက ဆန်တွေကိုတော့ အမေရိကန်က 2.7% ပဲကောက်တာပါ။
အမေရိကန်က ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ရှုံးခဲ့တဲ့ ဂျာမဏီနဲ့ ဂျပန်စတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး ပြန်လည်နာလံထူလာဖို့အတွက် အမေရိကန်ကုန်စည်(ကား)တွေကို 100% tariff ကောက်ခွင့်ပေးခဲ့ပြီး သူတို့ကားတွေကိုတော့ tariff မကောက်ပဲ အမေရိကန်မှာ ရောင်းခွင့်ပေးခဲ့ပါတယ်။ ခုထိလည်း အမေရိကန်ကားတွေ အဲဒီနိုင်ငံတွေမှာ သွားရောင်းရင် ၁၀၀% tariff ကောက်ဆဲပါ။ လိုအပ်နေချိန်မှာ အကျောပေးထားတာက သူတို့ချမ်းသာလာတဲ့အချိန်မှာ ရပ်တံ့သွားသင့်ခဲ့ပေမယ့် အခုအချိန်အထိ အကျောကြီးနေတာကတော့ ဖြစ်သင့်တာထက် ပိုသွားပါပြီ။ ဈေးကွက်စီးပွားရေးမှာ လွတ်လပ်စွာ ကုန်သွယ်မှုက အရေးပါပါတယ်၊ လွတ်လပ်စွာကုန်သွယ်ရေးမှာလည်း တဖက်စောင်းနင်း ဖြစ်နေရင် လွတ်လပ်တဲ့ ဈေးကွက်လို့ မခေါ်နိုင်ပါဘူး။
တချိန်က ဆင်းရဲခဲ့တဲ့ တရုတ်ကိုလည်း ၂၀၀၁မှာ WTO ကို အထူးအခွင့်အရေးနဲ့ ဝင်ခွင့်ပေးခဲ့ချိန်က အတိုင်း ချမ်းသာလာတဲ့အထိ ဆက်ပေးနေတာပါ။ မြီရှင်နိုင်ငံတောင် ဖြစ်နေပြီဖြစ်တဲ့ တရုတ်က အမေရိကန်ကြောင့် စီးပွားရေးကောင်းလာခဲ့ပေမယ့် ကမ္ဘာ့နိုင်ငံတွေကို ကြွေးမြီထောင်ချောက်နဲ့ မတရား ကြိုးကိုင်ဖို့ ကြိုးစားသလို အမေရိကန်အစိုးရပိုင်းကို ခြစား ပြည်သူကို ဆေးစွဲအောင် တမင် အကွက်ချပြီး လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း လက်ရှိ ဩစတေးလျမှာ နေထိင်တဲ့ ပီကင်းတက္ကသိုလ်က ဥပဒေပါမောက္ခဟောင်းလည်းဖြစ် CCP ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ Yuan Hongbing က ဆိုပါတယ်။ ရှီက အမေရိကန်နဲ့ ဥရောပက မူးယစ်ဆေးပြဿနာတွေဟာ တရုတ်နဲ့မဆိုင်ဘူးလို့ ပိတ်ငြင်းထားပြီး နဲနဲလေးသုံးမိရုံနဲ့ သေနိုင်တဲ့ ဖန်တနိုင်းထုတ်လုပ်ဖို့ လိုအပ်တဲ့ အခြေခံဓါတုပစ္စည်းတွေကို တရားဝင် ထုတ်လုပ်တာဖြစ်လို့ အဲဒီဓါတုပစ္စည်းတွေကနေ ဖန်တနိုင်း/အိုပီရွိုက်အဖြစ် ဆက်ထုတ်တာတွေ၊ အမေရိကန်နဲ့ ဥရောပဆီ ခိုးသွင်းတာတွေအတွက် သူတို့မှာ တာဝန်မရှိဘူးလို့ တုန့်ပြန်ဖို့ သူ့အစိုးရအဖွဲ့ကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။
ထရမ့်ပထမသက်တမ်းတုန်းက တရုတ်ပြည်ကို tariff ကောက်ခဲ့တာမှာ တရုတ်အစိုးရက သူ့စက်ရုံတွေကို ကနေဒါ၊ မက္ကဆီကို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား အစရှိတဲ့နိုင်ငံတွေကိုပို့ပြီး tariff ကို ရှောင်ခဲ့ပါတယ်။ ခုတခါတော့ အဲဒီလိုလုပ်မရအောင် ထရမ့်အစိုးရက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တရုတ်က တဆင့်ခံလုပ်လာနိုင်တဲ့နိုင်ငံတွေကို tariff အမြင့်တွေ ချထားလိုက်ပါတယ်။ လောလောဆယ် တရုတ်စီးပွားရေးက တော်တော်အကြပ်တွေ့နေတဲ့အပေါ်မှာ reciprocal tariff 34% ကောက်မှာဖြစ်လို့ တရုတ်အထိနာနိုင်ခြေ များနေပါတယ်။ တရုတ်ကတော့ ထုံးစံအတိုင်း ဘာစစ်ပဲလာလာ အဆင်သင့်ပဲလို့ တုန့်ပြန်ထားသလို အမေရိကန်ကုန်စည်တွေအပေါ် tariff 34% ကောက်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါက ခုမှစတာမဟုတ်တော့ အနိုင်လုပြောရုံထက် မပိုပါဘူး။
ဒီလို reciprocal tariff လုပ်ရတဲ့ ရည်ရွယ်ချက်က မမျှမတ ကုန်သွယ်မှုကြောင့် မဟားဒရား လိုငွေပြနေတာကို လျော့ချဖို့ဖြစ်သလို ပြည်တွင်းမှာ အလုပ်အကိုင်တိုးတက်လာစေဖို့လည်း ဖြစ်ပါတယ်။ ၂၀၀၀အစောပိုင်းနှစ်တွေအထိ အမေရိကန်က ကမ္ဘာ့ကုန်ထုတ်လုပ်မှုမှာ ထိပ်ဆုံးက ရှိနေခဲ့ပေမယ့် အမေရိကန်ကုမ္ပဏီအများစုက ကုန်ထုတ်လုပ်မှုကို တရုတ်ပြည်နဲ့ အခြားနိုင်ငံတွေကို ရွှေ့သွားပြီး နောက်ပိုင်းမှာ ကုန်သွယ်မှုလိုငွေပြမှု အကြီးအကျယ်တက်လာတဲ့အပြင် ကုန်ထုတ်လုပ်မှု ပျောက်သလောက် ဖြစ်သွားတဲ့အတွက် အမေရိကန်လူလတ်တန်းစားတွေ အများကြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ ကုန်ထုတ်လုပ်မှု မရှိတော့ရင် အောက်ခြေလုပ်သားတွေတင်မက အဆင့်တိုင်း ကဏ္ဍတိုင်းက ကျွမ်းကျင် လုပ်သားတွေ စီမံခန့်ခွဲသူတွေနဲ့ ပတ်သက်လုပ်ငန်းတွေပါ အကုန်ပါသွားတာဖြစ်တဲ့အပြင် နိုင်ငံခြားမှာ သွားထုတ်လုပ်လို့ ပိုမြတ်လာတဲ့ဓနက ထိပ်ပိုင်းအီလိတွေဆီမှာပဲ စုပုံလာတော့ လူတန်းစားကွာဟမှုက တဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။
လူတန်းစား ကွာဟမှုကိုရော ကုန်သွယ်မှုမညီမျှမှုတွေကိုပါ အရင်အစိုးရအဆက်ဆက် ဘယ်သူမှ ကုစားခြင်းမရှိခဲ့ပါဘူး။ အလုပ်အကိုင် ရှားပါး ကြပ်တည်းလာတဲ့ အခြေခံလူတန်းစားတွေအတွက် အလုပ်လက်မဲ့ခံစားခွင့်တွေ ကာလတိုးပေးကာ အပျင်းဇတ်သွင်းပေးပြီး တဖက်မှာ သူတို့ရဲ့ ဒေါသတွေကို လူချမ်းသာတွေပေါ် ပုံချရန်တိုက်ပေးခဲ့ကြပါတယ်။ အစိုးရအဆက်ဆက် အဲဒီလို လုပ်နိုင်ဖို့ တရုတ်နဲ့ ဘီလျံနာအီလိအသိုင်းအဝိုင်းက အစိုးရပိုင်းကို အိတ်ထောင်ထဲ ထည့်ထားနိုင်အောင် လုပ်ခဲ့ကြပါတယ်။ အဲဒါကြောင့် အဲဒီခေတ်မှာ အစိုးရထဲက နှစ်ပါတီခြတွေ အကြီးအကျယ် ပွပေါက်တိုးခဲ့ကြပြီး သန်းရာချီ ဆယ်ချီချမ်းသာသူ သူဌေးကြီးများ ဖြစ်လာခဲ့ကြပါတယ်။
ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးအောင် မလုပ်နိုင်တဲ့ အစိုးရတွေဟာ GDP၊ အလုပ်အကိုင်နံပါတ်တွေအတွက်၊ ခြအာဏာမြဲဖို့ ကြီးထွားဖို့တွေအတွက်အပြင် ပြည်သူ့ဘဏ္ဍာကို ခေါင်းစဥ်မျိုးစုံနဲ့ ဝိုက်ကြဖို့အတွက် အစိုးရကဏ္ဍကိုပဲ ကြီးထွားအောင် လုပ်လာကြပါတယ်။ အစိုးရအလုပ်တွေ မလိုပဲ များလာတော့ ခိုးဖို့လွယ်လာသလို ယိုပေါက်၊ ကုန်ပေါက်တွေ တိုးလာတာပါပဲ။ ဒါကြောင့်လည်း ဒီမိုကရက် ထိပ်ပိုင်း အတွင်းစည်းထဲမှာ ခေတ်အဆက်ဆက် သစ္စာရှိရှိ ပေါင်းစားသူများပဲ ရှိကြတာပါ။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးဖို့ မကြံဖန်တတ်ကြတဲ့ ဒီမိုကရက်တွေက ဝါးဖို့ ဝိုက်ဖို့ကျတော့ အင်မတန်ကို ကြံတတ် ဖန်တတ်ကြတာကို DoGE က စစ်လိုက်တော့မှ အထင်းသား ပေါ်လာကြတာပါ။
ထရမ့်က ဒီလို tariff ကောက်လိုက်ရင် ဂလိုဘယ်လစ်တွေနဲ့ သူတို့အောက်ဆွဲမီဒီညာတွေက အပြင်းအထန် ဝိုင်းပြီး ဝေဖန်ကြမယ်ဆိုတာ မျှော်လင့်ထားပြီး ဖြစ်သလို ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ခန့်မှန်းချက်တွေဟာလည်း လွန်ခဲ့တဲ့ အနှစ် ၃၀အတွင်း တခါမှ မှန်ခဲ့တာမဟုတ်လို့ အလေးထားမှာ မဟုတ်ကြောင်း ပြောသွားပါတယ်။ WTO တို့ NAFTA တို့က သက်သေပါပဲ။ တရုတ်ကို စီးပွားရေးဖွံ့ဖြိုးဖို့ အကူအညီပေးခဲ့ WTO ဝင်ခွင့်ပေးခဲ့တာက ကွန်မြူနစ်စနစ်ကို စွန့်လွှတ်စေဖို့ ဒီမိုကရေစီ ထွန်းကားစေဖို့လို့ ရည်ရွယ်ခဲ့ကြပေမယ့် အနှစ် ၃၀ကြာတဲ့အခါ တကယ်ဖြစ်လာတာက အနောက်နိုင်ငံတွေက ကွန်မြူနစ်အာဏာရှင်အဖြစ်ကို သွားရေယိုလာကြတာပါ။ စတော့မားကက် ကျတာကတော့ လက်ကြီးကစားသူတွေက လက်မဲတွေဖြစ်နေတော့ ထရမ့်ဘာလုပ်လုပ် ဘီလူးဆိုင်း ဝင်တီးကြမှာပါပဲ။ ဒီမိုကရက်တွေကလည်း tariff ကောက်တာကို ကမ္ဘာပျက်မလောက် ခြောက်နေကြပေမယ့် ပလိုးစီ၊ ဘာနီ၊ အိုဘမတို့က အရင်က reciprocal tariff ကောက်သင့်ကြောင်း ပြောထားဖူးသူတွေချည့်ပါ။
ဒီလို tariff ကောက်လိုက်လို့ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတော့ ကမ္ဘာမှာ ဝယ်လိုအားအကောင်းဆုံး အမေရိကန်ဈေးကွက်ကို ဝင်ချင်ကြတဲ့ နိုင်ငံတွေက tariff နှုန်း လျော့လာအောင်၊ အချိန်ဆိုင်းပေးအောင် စသဖြင့် ညှိနှိုင်းဆွေးနွေး လာကြပါမယ်။ အမေရိကန်မှာ ဈေးရောင်းချင်ရင် အမေရိကန်မျက်နှာကို ကြည့်ရမှာပါပဲ။ တရုတ်ဈေးကွက်ကို ဝင်ချင်ကြတဲ့ နိုင်ငံတွေကို တရုတ်က အထက်စီးကပဲ ဆက်ဆံခဲ့ပေမယ့် အခု အမေရိကန်က ပြဿနာ အပေးဆုံးနိုင်ငံတွေကလွဲလို့ တဝက်ပဲ ချပေးထားတာပါ။ ခုတောင် ဗီယက်နမ်နဲ့ ဆွစ်ဇာလန်တို့က အမေရိကန်ကုန်စည်တွေအပေါ် zero tariff ထားပေးမယ်လို့ စကမ်းလှမ်းလာပါပြီ။ ထရမ့်ကတော့ ချက်ချင်း လျော့ပေးတာထက် တနေ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ပဲ တုန့်ပြန်ထားပါတယ်။
Tariff ရဲ့ နောက်ကောင်းကျိုးတခုက ထရမ့်တက်ပြီး ၃လမပြည့်ခင် reciprocal tariff မစခင်မှာတင် ပြည်တွင်းစက်ရုံတွေ လာဖွင့်ဖို့အတွက် ၁.၆ထရီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကတိရရှိထားပြီး မတ်လအတွင်း အလုပ်အကိုင်ပေါင်း ၂၂၈,၀၀၀ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲဒီနံပါတ်က ခန့်မှန်းချက်ထက် ၂ဆနီးပါး ဖြစ်ပါတယ်။ ဘိုင်ဒန်လက်ထက်ကနဲ့ ကွာတာက ပုဂ္ဂလိကကဏ္ဍမှာတိုးတာဖြစ်တော့ စီးပွားရေးယန္တယားအတွက် အင်အားဖြစ်လာမယ့် အလုပ်အကိုင်တွေ ဖြစ်တာပါ။ လောလောဆယ်မှာ tariff ကြောင့်ရော နိုင်ငံရေးကစားကြတာကြောင့်ပါ ကုန်စည်ဈေးတက်တာ၊ ပစ္စည်းပြတ်လပ်တာမျိုး ရှိလာနိုင်ပေမယ့် အခွန်လျော့ပေးမှာ၊ အလုပ်အကိုင်ဖန်တီးပေးမှာတွေ အပါအဝင် ပြည်သူအတွက် ဒေါင့်ပေါင်းစုံက တွေးပြီး ပြင်ဆင် ကာကွယ်ပေးမယ့် အစိုးရရှိတာ ဆိုတော့ သိပ်တော့ စိတ်ပူစရာ မလိုပါဘူး။