ဧပြီ ၇ ရက် ၂၀၂၅

EU, တိုင်ဝမ်အပါအဝငါ အမေရိကန်ကုန်စည်တွေအပေါ် tariff လုံးဝ ပယ်ဖျက်ပေးပါမယ်လို့ ကမ်းလှမ်းလာတဲ့ နိုင်ငံပေါင်း ၅၀ကျော်လာပါပြီ။ ထရမ့်ကတော့ အမေရိကန်နဲ့ ကုန်သွယ်မှုမှာ ပိုငွေပြနေတဲ့ နိုင်ငံတွေအနေနဲ့ ပိုပြီးမျှတ ဘက်ညီတဲ့ ကုန်သွယ်မှုမျိုး ဖြစ်လာစေရန် အာရုံစိုက်ဖို့ ပြောသွားပါတယ်။ ဆိုလိုတာက အမေရိကန်ထုတ်/ထွက်ကုန်တွေကို များများပြန်ဝယ်ပေးခြင်းဖြင့် ကုန်သွယ်မှု ဘက်ညီလာစေဖို့ပါ။ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေရဲ့ စီးပွားရေးဟာ ပြည်ပပို့ကုန်အပေါ် အလွန်အမင်း မှီတည်နေတဲ့အပြင် ပို့ကုန်အများစုဟာ ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ကြတာလည်းမဟုတ်၊ ပြိုင်ဖက်မရှိတဲ့ ရောင်းကုန်မျိုးတွေ ထုတ်လုပ်နေတာလည်း မဟုတ်ကြတဲ့အတွက် reciprocal tariff ရဲ့ ရိုက်ခတ်မှုကို အကြီးအကျယ် ခံစားကြရမှာ ဖြစ်ပါတယ်။ ဒါကိုတွက်မိကြလို့လည်း အမေရိကန်အပေါ် tariff လုံးဝ ပယ်ဖျက်ပေးဖို့ ချက်ချင်း ကမ်းလှမ်းလာကြတာပါ။ တရုတ်က reciprocal tariff ကို လက်တုန့်ပြန်ပြီး အမေရိကန်ကုန်စည်တွေ အပေါ် ၃၄% ထပ်ကောက်မယ်ဆိုတာကို မရုတ်သိမ်းရင် ထရမ့်က နောက်ထပ် ၅၀% ထပ်ချမယ်လို့ ရာဇသံပေးထားပါတယ်။

တရုတ်လိုနိုင်ငံမျိုးက ကုန်သွယ်မှုကရလာတဲ့ ပိုက်ဆံတွေနဲ့ အာဏာရှင်တွေလုပ်ထုံးအတိုင်း သူတို့ ကြိုးကိုင်ချင်တဲ့နိုင်ငံက ခြတွေကိုခွံ့၊ အမေရိကန် တက္ကသိုလ်တွေမှာ ပြည်ဖျက်မယ့် မျိုးဆက်တွေကို မွေးထုတ်ပေးဖို့ ထောက်ပံ့၊ လူငယ်တွေကို ဆေးလွန်သေအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်း၊ မီဒီညာတွေကို သိမ်းသွင်း၊ ဆူပူတာ ဆန္ဒပြတာတွေ ဖြစ်အောင် အကွက်ချ၊ နည်းပညာခိုး၊ စစ်ရေးလျို့ဝှက်ချက်တွေခိုး၊ မြေတွေဝယ်နဲ့ အမေရိကန်ကို တသက်လုံး နာလံမထူတော့အောင် ဆယ်စုနှစ်ပေါင်းများစွာ အကွက်ချ လုပ်နေတာပါ။ မြန်မာအပါအဝင် တခြားနိုင်ငံတွေကို ကြွေးမြီထောင်ချောက် လုပ်နေနိုင်တာ၊ အနိုင်ကျင့် နေနိုင်တာလည်း အမေရိကန်နဲ့ တဖက်စောင်းနင်းကုန်သွယ်မှုကြောင့် ရရှိလာတဲ့ အမြတ်တွေထဲကပါပဲ။ tariff စရတာလည်း တရုတ်နဲ့ တရုတ်ဒေါက်တိုင်တွေကို ဖြိုဖို့က အဓိကဆိုတော့ tariff ကြောင့်ထရမ့်ကို ဆဲနေတဲ့သူတွေက တရုတ်ဇောင်းထတာကို မျှော်နေကြတာလားလို့ မေးရမလို ဖြစ်နေပါတယ်။

ကမ္ဘာပေါ်က အမေရိကန်စစ်စခန်းတွေမှာ တရုတ်ပိုင် လက်လီဆိုင် ၈၀လောက် ရှိနေပြီလို့ ရီပါဘလစ်ကန်အမတ်သစ်လေး Patt Harrigan က ဆိုပါတယ်။ အဲဒီဆိုင်တွေက အရင်က အမေရိကန်ပိုင် GNC ဆိုင်တွေဖြစ်ပေမယ့် ဒေဝါလီခံပြီးနောက် တရုတ်ပိုင် Harbin Pharmaceutical Group က ဝယ်သွားပြီး ကာ/ဝန်ရဲ့ ထိန်းကွပ်မှုအောက်မှာ မရှိပါဘူး။ စစ်သားကအစ ရာထူးကြီးပိုင်းတွေအထိ နေ့စဥ် ဝင်ထွက်သွားလာပြီး အိုင်ဒီပြ၊ ခရက်ဒစ်ကဒ်သုံး၊ လိပ်စာ၊ ဖုံး၊ email တွေ၊ တချို့တွေရဲ့ ကျန်းမာရေးအချက်အလက်တွေကိုပါ သိနိုင်နေတဲ့ ဆိုင်တွေက ကိုယ့်တိုင်းပြည်ကို အကျဆုံးစေချင်ဆုံးသူတွေလက်ထဲမှာ ရှိနေတာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။

ပြည်တွင်းစီးပွားရေးကို အလိမ်အညာနံပါတ်တွေ၊ တင်းကြပ်တဲ့ သတင်းထိန်းချုပ်မှုတွေနဲ့ ဟန်ကိုယ့်ဖို့ လုပ်နေရတဲ့ တရုတ်အစိုးရက reciprocal tariff ကြောင့် အထိနာရင် သူဒုက္ခပေးနေတဲ့ နိုင်ငံတွေ အသက်ရှုချောင်ဖို့ မျှော်လင့်ပါတယ်။ ခုတောင် ကချင်မြေက မြေရှားကြောကြီးကို စကစလက်ကနေ KIA က ထိန်းချုပ်လိုက်နိုင်ပြီဖြစ်လို့ တရုတ်က ဆက်လုပ်ချင်တယ်ဆိုရင် KIA နဲ့ ညှိရတော့မှာပါ။ တရုတ်က သူ့ရဲ့ wind turbine, EV ကားတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ်တဲ့ မြေရှားကို ရချင်ရင် စကစ နောက်ကနေ ပံ့ပိုးနေတာတွေကို စွန့်လွှတ်ဖို့ ဖြစ်လာနိုင်မလား စောင့်ကြည့်ရပါမယ်။ အိန္ဒိယကလည်း ကချင်မြေက မြေရှားထုတ်ဖို့ စိတ်ဝင်စားလာပြီး ကချင်ကိုလာဆွေးနွေးပြီ ဆိုတော့ မြန်မာပြည်သူ တွေအတွက် ကောင်းဖို့ ဖြစ်လာနိုင်တာပါပဲ။

ဥရောပဆိုရင်လည်း အမေရိကန်ထွက်ကုန်တွေကို tariff တွေ ကန့်သတ်ပိတ်ပင်မှုတွေ မလုပ်ခဲ့ရင် innovation ရော ဈေးကွက်လွတ်လပ်မှုရော ဈေးနှုန်းရောမှာ အမေရိကန်ကို ယှဥ်ပြိုင်ဖို့ လုံးဝ မလွယ်တာကြောင့် သူတို့အစိုးရအဆက်ဆက်ရဲ့ လက်ဝဲယိမ်းပေါ်လစီတွေ အလုပ်မဖြစ်တာ ပေါ်သွားတော့မှာပါ။ ထရမ့်ကောင်းမှုနဲ့ ဥရောပသူ/သားတွေ အမြင်မှန်ရကြဖို့ မျှော်လင့်ပါတယ်။ မုန်းနေရုံ၊ ဆဲနေရုံနဲ့ တိုင်းပြည်စီးပွားရေး ကောင်းလာမှာမဟုတ်တာကို ဆက်စပ်စဥ်းစားနိုင်တဲ့ ပြည်သူအများနဲ့ အမျှော်အမြင်ရော စေတနာပါရှိတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာစေချင်ပါတယ်။

ဒါတွေပြောနေတာ တရုတ်လူမျိုးနဲ့ နိုင်ငံကို မုန်းလို့ မဟုတ်သလို ဥရောပနိုင်ငံတွေ အာရှနိုင်ငံတွေကို အထင်သေးတာမဟုတ်ပဲ အဲဒီက ပြည်သူတွေ အခက်တွေ့မှာကိုလည်း ဝမ်းသာနေတာ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်ရဲ့ economic model တွေဟာ sustainable မဖြစ်မှန်း သဘောပေါက်လာရင် ပါးနပ်တဲ့ ခေါင်းဆောင်က ကိုယ့်တိုင်းပြည်ရဲ့ အားနည်းချက် အားသာချက်တွေပေါ် မူတည်ပြီး အကောင်းဆုံး economic model ဖြစ်အောင် တည်ဆောက်လာရမှာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာဖို့ entrepreneur mindset နဲ့ စီးပွားရေးလွတ်လပ်မှုက အရေးပါလာပါပြီ။ ဗဟိုချုပ်ကိုင်တဲ့စနစ်မျိုးတွေနဲ့ သမားရိုးကျ  နိုင်ငံရေးသမားတွေ အောင်မြင်ဖို့ မလွယ်ပါဘူး။

ထရမ့်တို့ ဆွဲထုတ်လိုက်မှ ကမ္ဘာ့နိုင်ငံအတော်များများ အမေရိကန်အပေါ် မမျှတတဲ့ ကုန်သွယ်မှု စည်းမျဥ်းတွေထားတာ ပေါ်သွားပါတော့တယ်။ မဟာမိတ်တွေ၊ အမေရိကန်ကာကွယ်မှုအောက်မှာ ငြိမ့်နေတဲ့ နိုင်ငံတွေတောင် အမေရိကန်နဲ့ ကုန်သွယ်ရာမှာ တဖက်စောင်းနင်း အသာရချင်သလောက် ကမ္ဘာမှာ တခုခုဖြစ်ရင်တော့ တကမ္ဘာလုံးနဲ့ ပြည်တွင်းခြတွေ ဝိုင်းသွေးစုတ်တာခံရလို့ ကြွေးပိနေတဲ့ အမေရိကန်ပြည်သူတွေကိုပဲ တာဝန်ယူစေချင်ကြတာဆိုတော့ အင်မတန်မှ ကူညီချင် ပေးကမ်းချင်စိတ် ရှိကြတဲ့ အမေရိကန် အများစု စိတ်ပျက်လာကြတဲ့အထိပါပဲ။ ခုအချိန်မှာ အမေရိကန် ၆သန်းက အိမ်အကြွေးဆပ်ဖို့ အလျင်မမီ ဖြစ်နေကြပါတယ်။ အရင်အစိုးရတွေကတော့ ကိုယ့်အိတ် ဖောင်းဖို့ပဲ ကြည့်ကြတာဆိုတော့ ပြည်သူနဲ့ တိုင်းပြည်ဘာဖြစ်ဖြစ် အရေးမထားခဲ့ပါဘူး။

ထရမ့်က tariff မစခင် ပြည်သူအတွက် လောင်စာနဲ့ အခြေခံ စားကုန် ဈေးကျအောင် လုပ်ပေးထားပြီး အလုပ်အကိုင်တွေ ဆက်တိုက် ဖန်တီးပေးနေတာ ဖြစ်လို့ အမေရိကန်တွေအတွက် ခြိမ့်ခြိမ့်သဲ ဆန္ဒထွက်ပြရလောက်တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ရှေ့နှစ်က ကြားဖြတ်ရကပနှစ်ဖြစ်တဲ့အတွက် အဲဒီမတိုင်ခင် စတော့မားကက် ပြန်ကောင်းလာမယ့် အခြေအနေမျိုး ဖြစ်လာအောင် ထရမ့်တို့က အစွမ်းကုန်ကြိုးစားမယ်လို့ မျှော်လင့်ရပါတယ်။ တခုရှိတာက တဖက်မှာ အာဏာအတွက် တကမ္ဘာလုံးကို ကဗပိုးဖြန့်ပြီး လူသန်းချီသေလောက်အောင် ယုတ်တတ်တဲ့ ဆန့်ကျင်ဘက်အုပ်စုတွေ ရှိနေတော့ သင်းတို့ထောင်ချောက်တွေထဲကို ပြည်သူတွေ မဝင်မိကြဖို့ လိုပါတယ်။ လောင်စာဈေး ၄နှစ်အတွင်း အနိမ့်ဆုံးဖြစ်လာတာက တကမ္ဘာလုံးက ကုန်ဈေးနှုန်းတွေအပေါ် အပြုသဘော သက်ရောက်မှုရှိလာမှာဖြစ်လို့ မြန်မာပြည်သူတွေအပါအဝင် ကမ္ဘာ့ပြည်သူအများ ကြိုဆိုရမယ့်ကိစ္စပါ။

ဒီမိုကရက်နဲ့ မီဒီညာရှူးတိုက်ပေးနေတဲ့ အီလွန်မုန်းတီးရေးကလည်း ဘာမှကို အဓိပ္ပါယ်မရှိတာပါ။ အီလွန်က တိုင်းပြည်နဲ့ ပြည်သူအတွက် အများကြီး ကောင်းကျိုးပြုနေတဲ့သူဖြစ်ပြီး တက်စ်လာက လက်ဝဲတွေ ဒီမိုကရက်တွေ သိပ်အလေးထားတဲ့ ကလိုင်းမိတ်ချိန့်အတွက်လည်းကောင်း၊ ပြည်တွင်းဖြစ် လည်းဖြစ်၊ ပြည်သူတွေအများကြီးကို အလုပ်ပေးထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ လုံခြုံရေး၊ နည်းပညာ၊ ကမ္ဘာ့ဆက်သွယ်ရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ အကျိုးပြုတဲ့သူ၊ တိုင်းပြည်ရဲ့ ယိုပေါက်၊ ခိုးပေါက်တွေကို အမုန်းခံ၊ အချိန်ကုန်ခံပြီး ရှာပေး ပိတ်ပေးနေတဲ့သူဖြစ်တော့ သူခိုးတွေကို မမုန်းပဲ သူခိုးဖမ်းပေးတဲ့သူကို မုန်းတယ်ဆိုတာ ခြတွေထဲ့တဲ့ဂျင်း မိနေတာပဲ ဖြစ်မှာပါ။

ပြီးခဲ့တဲ့ စနေတုန်းက မြို့အတော်များများမှာ ထရမ့်နဲ့ အီလွန်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တာတွေကို စီစဥ်ပေးခဲ့တာက မွှေနိုင်လွန်းသူကြီးထောက်ပံ့ထားတဲ့ Indivisible အုပ်စုကပဲ ဖြစ်ပါတယ်။ တက်စ်လာ ကို ဆန္ဒပြတာတွေကလည်း အဲဒီအုပ်စုကပါပဲ။ non-profit အဖြစ် မှတ်ပုံတင်ထားတဲ့ Indivisible project ကို ၂၀၁၆မှာ ထရမ့်နိုင်ပြီးကတဲက ထရမ့်အာဂျင်ဒါတွေကို ဆန့်ကျင်ဖို့ ဖွဲ့ထားတာပါ။ Non-profit တို့ NGO တို့ဆိုတာနဲ့ မြန်မာလိုတွေးပြီး ဇွတ်ကြည်ညိုဖို့ သင့်/ မသင့် စဥ်းစားစေချင်တာပါ။

ဒီ tariff ကိစ္စကြောင့် အမေရိကန်တွေမှာ ဘာပြဿနာမှ မရှိပဲ အလုံးစုံလှပသာယာနေတယ်လို့ မပြောပါဘူး။ နှစ်ပေါင်း ၄၀ကျော် ကပ်စွဲလာတဲ့ ရောဂါဆိုးကြီးကို ပျောက်အောင်ကုသဖို့ တီဗီကြည့်၊ ဂိမ်းဆော့၊ ချောကလက်တွေ စားပြီး ထိုင်ဆဲနေရုံနဲ့ မပျောက်နိုင်ပါဘူး။ ဆေးခါးသောက်တန်သောက်၊ ခွဲဖို့လိုရင်ခွဲ၊ လေ့ကျင့်ခန်း rehab လုပ်ရတာမျိုးတွေ ရှိမှာပါပဲ။ reciprocal tariff ကြောင့် status quo တွေ မရှိတော့ပဲ ပြောင်းလဲလာမယ့် new world order မှာ ဘယ်လိုအမြတ်ထွက်အောင် လုပ်နိုင်မလဲ ဆိုတာ တွေးနိုင်၊​ ဆွေးနွေးနိုင်၊ ဖြစ်အောင်လုပ်နိုင်တဲ့ နိုင်ငံ/ ခေါင်းဆောင်/ လုပ်ငန်းရှင်က အများထက် ပိုသာသွားမှာပါ။ ခိုးဖို့ ဘုန်းဖို့ပဲတတ်တဲ့ ခေါင်းဆောင်တွေနဲ့ အလုပ်မဖြစ်နိုင်ပါဘူး။

စတော့မားကက် ကျတယ်ဆိုတာက economic data တွေ မကောင်းရင် ကျတတ်သလိုပဲ ဘာတွေ ဖြစ်လာမယ်မှန်း မသိတဲ့အခြေအနေကြုံရင်လည်း လန့်ပြီး ကျတတ်ပါတယ်။ ခုကတော့ သက်ရောက်မှု ကြီးမှာဖြစ်တော့ အကျကြီးတာပါ။ ဒါပေမဲ့ ပက်ပက်စက်စက်ကျတယ်ဆိုတဲ့ တက်စ်လာစတော့တောင် လွန်ခဲ့တဲ့ ၆လဈေးထက် မြင့်နေပါသေးတယ်။ ချိန်ကြည့်နိုင်ဖို့ပါ။ စတော့ကို လာမယ့် လပိုင်းကနေ ၁-၂နှစ်အတွင်း ရောင်းစရာမလိုရင် မရောင်းခြင်း၊ ပိုက်ဆံရှိရင် ထပ်ဝယ်ခြင်း၊ တချိန်မှာ ကျိန်းသေ ပြန်တတ်မယ့် မားကက်ကို မစောင့်နိုင်/ မစောင့်ချင်ရင် အစိုးရရဲ့ ငွေတိုက်စာချုပ် bond တွေ ဝယ်ထားခြင်း စတာ တခုခုလုပ်ထားနိုင်ရင် ဒီလှိုင်းတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

Leave a comment