မေ ၅ ရက် ၂၀၂၅

ဒီကနေ့ သမ္မတထရမ့်က ဝဟပိုးလိုမျိုး သဘာဝအတိုင်းဆို လူကိုမကူးနိုင်၊ ကူးရင်လည်း မများ၊ မပြင်း၊ မသေနိုင်တဲ့ ပိုးမျိုးကို လူအချင်းချင်း ကူးလွယ်အောင်၊ သေလောက်တဲ့အထိ ထိချက်ပြင်းအောင်၊ သုတေသနပြု ထုတ်လုပ်တဲ့ တရုပ်၊ အီရန်၊ ယူကရိန်းအပါအဝင် နိုင်ငံတွေမှာရှိတဲ့ Gain of function သုတေသနလုပ်ငန်းတွေကို ဖက်ဒရယ်အစိုးရက ပိုက်ဆံမပေးတော့ဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလုပ်ငန်းတွေကို အိုဘမလက်ထက်ကတည်းက NIH က ဖောက်ချီတို့နဲ့ ဂလိုဘယ်လစ်တွေ၊ အာဏာရှင်တွေပူးပေါင်းကာ ပြည်သူ့ဘဏ္ဍာသန်းပေါင်းများစွာအကုန်ခံပြီး စမ်းသပ်နေခဲ့ကြတာပါ။ ဒီ funding တွေဟာ NIH အောက်က NIAID ကနေ USAID၊ အဲဒီကနေ ဘိုင်ဒန့်သားမက်ရှယ်ယာပါတဲ့ Eco Health Alliance ကတဆင့် biosafety ဥပဒေတွေ မတင်းကျပ်တဲ့ အာဏာရှင်နိုင်ငံ တွေက lab တွေကို သွားတာဖြစ်ပါတယ်။ အဲဒါကိုကြည့်ရင် ဒီမိုကရက်တွေက ဘာလို့ တရုပ်တို့ အီရန်တို့လို အမေရိကန်အကျိုးစီးပွား ပျက်စီးစေချင်သူတွေနဲ့ အမြဲတဖက်တည်း ရှိနေတယ်ဆိုတာနဲ့ သူတို့အာဏာရဖို့ သန်းချီတဲ့ ပြည်သူ့/ လူ့အသက်တွေ စတေးဖို့ ဝန်မလေးတာ သိနိုင်မှာပါ။

ထရမ့်အစိုးရက တိုင်းပြည်မှာ တရားမဝင်နေထိုင်တဲ့သူတွေ CBP Home App ကနေ ကိုယ့်ဖာသာကိုယ် ပြန်ဖို့ စာရင်းသွားပေးထားပြီး ပြန်ဖို့ ကြိုးစားနေတာ တွေ့ရရင် လောလောလတ်လတ်ဖမ်းပြီး ထောင်ချ/ ပြန်ပို့မယ့် စာရင်းထဲမထည့်မယ့်အပြင် ပြန်ဖို့အတွက် $ ၁ထောင်နဲ့ လေယာဥ်စရိတ် ထောက်ပံ့မယ်လို့ ဆိုပါတယ်။ အပြင်မှာ လိုက်ဖမ်းပြီး ထောင်ထဲထည့်၊ ပြန်ပို့တာက တဦးကို ၁၇,၀၀၀ လောက် ကုန်ကျတဲ့အတွက် အခုလို ပိုက်ဆံယူပြီး ကိုယ့်ဖာသာကိုယ်ပြန်ကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။

မီရှီဂန်က ဒီမိုကရက်အမတ် အိန္ဒိယဖွား Shri Thanedar ဟာ သမ္မတထရမ့်ကို impeach လုပ်မယ်လို့ စတန့်ထွင်ခဲ့တာဟာ ထရမ့်ကြောင့်မဟုတ်ပဲ သူ့ရဲ့ ကမ်ပိန်းအကြွေး ၈သိန်းကို ဆပ်နိုင်ဖို့ ထရမ့်မုန်းသူ TDS ဝေဒနာရှင်တွေရဲ့ အလှုငွေတွေကို မျှော်ကိုးပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ ရီပါဘလစ်ကန်ကြီးစိုးတဲ့ လွှတ်တော်မှာ ရီပါဘလစ်ကန်သမ္မတကို impeach လုပ်ဖို့ဆိုတာ အဓိပ္ပါယ်မရှိပေမယ့် အားလုံးက အနာကိုယ်စီအပြည့်နဲ့မို့ အဝေဖန်မခံနိုင်ကြတော့ ဘယ်ဒီမိုကရက် ကမှ ထောက်မပြကြပါဘူး။ Shri ဟာ သူ့ရဲ့ ဆေးစမ်းသပ်တဲ့ဓါတ်ခွဲခန်းကို ၂၀၁၀ ဧပြီမှာ ဒေဝါလီခံတုန်းက ဆေးစမ်းသပ်ခံ Beagle ခွေး ၁၁၃ကောင်ကို စွန့်ပစ်ခံ ဓါတ်ခွဲခန်းထဲမှာ ဒီတိုင်းပစ်ထားခဲ့ပါတယ်။ ဝန်ထမ်းဟောင်းတွေက ခြံစည်းရိုး ကျော်ပြီး ခွေးတွေကို အစာနဲ့ ရေသွားကျွေးနေခဲ့ပြီး ဇူလိုင်ကျမှ တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တွေက လာကယ်ထုတ်သွားရတာပါ။ ဒီကိစ္စမှာလည်း ရီပါဘလစ်ကန်သာဆိုရင် မီဒီညာနဲ့ ဒီမိုကရက်တွေက ပွက်ပွက်ညံအောင် အပုတ်ဝိုင်းချကြမှာဖြစ်ပေမယ့် ဒီမိုကရက်ကလုပ်တာ ဖြစ်နေတော့ အသာ မသိချင်ယောင်ဆောင်နေကြတာပါပဲ။

နောက်ဒီမိုကရက်တဦးဖြစ်တဲ့ မက်ဆာချူးဆက်ကအမတ် Chris Flanagan ဟာ အရင်အလုပ်ရှင်ဆီက $36,000 ကို ဘုန်းပြီး သူ့ကမ်ပိန်းအသုံးစားရိတ်၊ အဝတ်အစားနဲ့ ခရက်ဒစ်ကဒ်ကြွေးတွေ ပေးချေရာမှာ သုံးစွဲခဲ့မှုနဲ့ သောက်ြာနေ့က အဖမ်းခံခဲ့ရပါတယ်။ ကြာသာပတေးနေ့ကလည်း ဘော်စတွန်မြို့က နာမည်ကြီး လက်ဝဲတဦးဖြစ်တဲ့ မြို့ကောင်စီဝင် Tania Fernandes Anderson ဟာ သူ့ရဲ့ အကြွေးတွေကို ဆပ်နိုင်ဖို့ လာဘ်ပေးလာဘ်ယူဖို့ စီစဥ်ခဲ့ကြောင်း ဝန်ခံအပြီး ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ သူက မြို့ကောင်စီမှာ ပထမဆုံးထမ်းဆောင်ရတဲ့ တရားမဝင် နေထိုင်သူ ဖြစ်ပါတယ်။

နယူးယောက်မြို့ကြီးက အထင်ကရတရုပ်စီးပွားရေးသမားတဦးဖြစ်တဲ့ ဂရင်းကဒ်ကိုင်ဆောင်ထားသူ Quanzhong An ဟာ လက်ရှိ အမေရိကန်မှာ နေထိုင်ပြီး တရုပ်အစိုးရကို ဆန့်ကျင်ခဲ့သူတဦးဖြစ်တဲ့ Liu Shenxiang ကို တရုပ်အစိုးရထံ ပြန်ပို့ဖို့ Operation Fox Hunt အစီအစဥ်မှာ နှစ်အတော်ကြာ ပါဝင် ဆောင်ရွက်မှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ထောင် လ၂၀ ကျခံရမှာဖြစ်ပါတယ်။ အမေရိကန် တရားရေးဌာနက ဒီအစီအစဥ်ဟာ နယ်ခြားကျော်ဖိနှိပ်ခြင်းဖြင့် အတိုက်အခံတွေကို ကြောက်လန့်စေဖို့၊ ဝေဖန်သူတွေကို ပါးစပ်ပိတ်ဖို့နဲ့ နိုင်ငံတကာ ဥပဒေစံနှုန်းတွေကို ရှောင်တိမ်းဖို့လုပ်နေတာလို့ အကြိမ်ကြိမ် ဝေဖန်ထားပါတယ်။ An ဟာ ထောင်ဒဏ်အပြင် Liu ကို ၁.၃သန်းနီးပါး ပေးလျော်ဖို့နဲ့ ၅သန်းကျော်သော ပိုင်ဆိုင်မှုတွေ သိမ်းပိုက်ခံရဖို့အပြင် ပြန်ပို့ခံရဖို့ပါ ရှိနေပါတယ်။ An က ရှန်ဒုံပြည်နယ် နိုင်ငံရေးအတိုင်ပင်ခံရာထူးအပါအဝင် စီစီပီနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတွေ ရှိနေပေမယ့် foreign agent အဖြစ် မှတ်ပုံတင်ထားခြင်း မရှိပါဘူး။

အရင်လကလည်း NYPD တပ်ကြပ်ကြီး Michael McMahon ဟာ တရုပ်စီစီပီအတွက် အလုပ်လုပ်ပေးခဲ့တာ ပေါ်သွားလို့ ထောင် ၁၈လ ကျခံရမှာ ဖြစ်ပါတယ်။ သူဟာ စီစီပီကို ဆန့်ကျင်တဲ့ အမေရိကန်မှာ နေထိုင်သူတွေကို အတင်းအကြပ် တရုပ်ပြည်ပြန်ပို့တဲ့ Operation Fox Hunt အစီအစဥ်မှာ ပါဝင်ဆောင်ရွက် ပေးနေတာပါ။ သူ့ရဲ့ အမှုတွဲတွေဖြစ်ကြတဲ့ East Elmhurst မှာနေတဲ့ Ju Yong နဲ့ Brooklyn မှာနေတဲ့ Chong Yingqen တို့က ဇန်နဝါရီကတဲက ထောင်ကျခဲ့ပါတယ်။ Ju က နယူးဓျာစီမှာနေတဲ့ တရုပ်အရာရှိဟောင်း ဖြစ်ခဲ့တဲ့ Shu Jin နဲ့ မိသားစုကို ခြေရာခံဖို့ Michael ကို အလွတ်စုံထောက်အဖြစ် ၂၀၁၂ အစောပိုင်းက ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ Shu ကို စီစီပီက လာဘ်စားတယ်လို့ စွပ်စွဲထားပြီး တရုပ်ရဲ့ Transnational Repression Program အရ တရုပ်ပြည်ကို ပြန်ပို့ဖို့ ကြိုးပမ်းခဲ့တာပါ။

Shu မိသားစုက သူတို့လိပ်စာကို လူမသိအောင် သိုသိပ်ထားခဲ့လို့ Michael ကို ငှားပြီး ရှာခိုင်းခဲ့တာ ဖြစ်ပါတယ်။ Shu အကြောင်း သိရတော့ Michael က Ju နဲ့ တရုပ်စီစီပီ​ရဲတဦးကို သတင်းပို့ပြီး Shu နဲ့ ဆွေမျိုးတွေရှိရာ New Jersey မှာ စီစီပီက ညွှန်ကြားတဲ့အတိုင်း စောင့်ကြည့်သတင်းပို့နေခဲ့ပါတယ်။ ၂၀၁၇ ဧပြီမှာ Shu ရဲ့ အသက် ၈၂ရှိပြီဖြစ်တဲ့ မကျန်းမာတဲ့ဖခင်ကို တရုပ်ပြည်ကနေ ဆရာဝန်နဲ့တကွ ခေါ်လာခဲ့တဲ့အချိန်မှာ Shu လိပ်စာကို Shu ဖခင်နဲ့ အတူလိုက်လာတဲ့ Michael က သိရှိသွားခဲ့တာပါ။ ရသမျှသတင်းကို စီစီပီဆီပို့နေခဲ့ပြီး ၂၀၁၈ စက်တင်ဘာ ၄ ရက်မှာ Jen နဲ့နောက်တဦးက Michael ပေးတဲ့ လိပ်စာကို သွားရောက်ကာ အိမ်ထဲအတင်းဝင်ဖို့ ကြိုးစားကြပါတယ်။ ဝင်လို့မရတဲ့အဆုံး အိမ်ရှေ့တံခါးမှာ Shu အဖမ်းခံပြီး တရုပ်ပြည်မှာ ၁၀နှစ် ထောင်ဒဏ် ကျခံမယ်ဆိုရင် မိန်းမနဲ့ ကလေးကို ချမ်းသာပေးမယ်လို့ စာရေးထားခဲ့ပါတယ်။ Michael က  အဖမ်းခံရတော့မှ သူက Shu တကယ်ပဲ ငွေအလွဲသုံးစားလုပ်ခဲ့တယ်ထင်လို့ အဲဒီလူတွေကို ကူညီပေးခဲ့တာလို့ အစစ်ခံပါတယ်။ အမေရိကန်လို လွတ်လပ်မှုအားပေးတဲ့နိုင်ငံမှာ အခုလို အာဏာရှင်နိုင်ငံတွေရဲ့ ဖိနှိပ်တဲ့လုပ်ရပ်တွေ လာလုပ်တာဟာ လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။

Leave a comment