အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အရေးပါတဲ့နိုင်ငံတခုဖြစ်တဲ့ UK နဲ့ ဗွေဆော်ဦးသဘောတူညီချက် ရလိုက်တာက နက်ရှိုင်းတဲ့ဆက်ဆံရေးရှိခဲ့တဲ့ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမှာပါ။ အရင်က UK က US အပေါ် မြင်သာတဲ့tariff ဆိုတာထက် အမေရိကန်ပစ္စည်းတွေကို ဝယ်ဖို့ မဖြစ်နိုင်အောင်ရေးထားတဲ့ စည်းမျဥ်းတွေနဲ့ ကြပ်ခဲ့တာပါ။ US က UK မှ သွင်းကုန်အများစုအပေါ် ၁၀% နဲ့ စတီးနဲ့ အလူမီနမ်အပေါ် ၂၅% စည်းကြပ်ထားပါတယ်။ စတီးနဲ့ ကားတွေအပေါ် tariff လျော့ချပေးတာကို တုန့်ပြန်တဲ့အနေနဲ့ ဥဒက အမေရိကန် နည်းပညာသွင်းကုန်တွေအပေါ် digital tax ကောက်တာကို လျော့ပေးသွားမှာဖြစ်သလို အီသနော၊ အသားနဲ့ လယ်ယာထွက်ကုန်တွေအပါအဝင် အမေရိကန်ကုန်စည်တွေအတွက် ဈေးကွက် ဖွင့်ပေးဖို့လည်း ပါဝင်ပါတယ်။ အသေးစိတ်သိချင်ရင် အိမ်ဖြူဝက်ဘ်ဆိုက်မှာ သွားကြည့်ပါ။ Wall Street Journal နဲ့ ပညာရှင်တွေက ကုန်သွယ်ရေးသဘောတူညီချက် ရရှိအောင် ညှိဖို့ ၁၈လ (သို့) နှစ်ချီကြာနိုင်မယ်လို့ မှန်းကြတာကို အမြဲတမ်း target ထက်စောပြီးစီး၊ မှန်းတာထက် လျော့သုံးတဲ့ သမိုင်းရှိတဲ့ထရမ့်က ၁လစွန်းစွန်းအတွင်း လုပ်ပြလိုက်တာပါ။
ဒီနေ့မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent ဦးဆောင်တဲ့အဖွဲ့နဲ့ တရုပ်ကိုယ်စားလှယ်တွေ ဆွစ်ဇာလန်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ သမ္မတထရမ့်က truth ပို့စ်ထဲမှာ တရုပ်နဲ့ ဆွေးနွေးမှု ကောင်းမွန်ကြောင်း၊ အကြောင်းအရာအများကြီး ဆွေးနွေးသဘောတူညီခဲ့ကြကြောင်း၊ ရင်းရင်းနှီးနှီးနဲ့ အပြုသဘောဆောင်ကြောင်း၊ နှစ်နိုင်ငံလုံးအကျိုးအတွက် တရုပ်ဈေးကွက်ကို ဖွင့်ပေးတာကို မြင်ချင်ကြောင်း၊ ဒါက တိုးတက်မှုကြီးဖြစ်ကြောင်း ဒီနေ့ရေးသားသွားပါတယ်။ မနေ့က စကော့နဲ့အဖွဲ့ကို ထရမ့်က ဘယ်လောက်လျော့မယ်လို့ အမှာစကား/ ညွှန်ကြားချက်ပေးလိုက်သေးလားဆိုတော့ ထရမ့်က ၈၀%၊ ဒါပေမယ့် တရုပ်နဲ့ ကုန်သွယ်တိုင်း ငါတို့နစ်နာနေတာဆိုတော့ တရုပ်က ကုန်သွယ်ဖို့ မကြိုးစားရင် ငါတို့မှာ နစ်နာစရာ မရှိဘူးလို့ ပြောသွားပါတယ်။
တရုပ်ကို သူတို့မျှော်လင့်နေတဲ့ ဥရောပက ၆၇% tariff ချလိုက်ပြီး ရှီကိုယ်တိုင်သွားပြီး အမေရိကန်ကို တဖက်လှည့်နဲ့ တရုပ်ကုန်တွေသွင်းဖို့ ညှိခဲ့တဲ့ ဗီယက်နမ်တို့ မလေးရှားတို့က country of origin သတ်မှတ်ပေးတာကို လူသိရှင်ကြား ကြတ်မတ်လိုက်တဲ့အတွက် အရင်တခါကလို နောက်ဖေးပေါက်က မျက်နှာဖုံးစွပ်ပြီး ဝင်ဖို့လည်း မလွယ်တော့ပါဘူး။ စကော့ကတော့ မညှိနှိုင်းခင် တင်းမာနေတာတွေ လျော့ကျသွားဖို့က အဓိကလို့ ပြောထားပါတယ်။ ဘယ်တုန်းကမှ အမှန်မပြော၊ လုပ်မယ်ပြောပြီး မလုပ်တာတွေက သမိုင်းနဲ့အပြည့်ဆိုတာကိုတော့ အမေရိကန်အဖွဲ့က သဘောပေါက်ထားပြီးဖြစ်လို့ သတိတော့ ထားကြပါလိမ့်မယ်။
တကယ်တော့ တရုပ်ပြည်နဲ့ ကုန်သွယ်မှုတဖက်စောင်းနင်းဖြစ်နေတယ်ဆိုတာ ကုန်သွယ်မှု မြတ်/မမြတ် ဆိုတာထက် အများကြီး ပိုပါတယ်။ တချို့လုပ်ငန်းတွေမှာ ထောင်သားတွေကို အဓမ္မ ခိုင်းတာမျိုးတွေ၊ အော်ဒါမရလို့ ထုတ်လုပ်ရေးရပ်ထားရရင် အလုပ်သမားတွေက ပိုက်ဆံမရပေမယ့် အလုပ်လည်း ဖြုတ်ပစ်လို့ မရအောင် အစိုးရက ထိန်းချုပ်ထားတာတွေ ရှိနေပါတယ်။ အလုပ်ပေးမဖြုတ်တာက အလုပ်လက်မဲ့ဒေတာတွေ ရုပ်ဆိုးမှာစိုးလို့ပါ။ ဒါတွေက အမေရိကန်ကို မထိခိုက်ပေမယ့် လူ့အခွင့်အရေးအရ မလုပ်သင့်တာပါ။ လုပ်ခမရတဲ့သူတွေက ကြာလာတော့ တောင့်မခံနိုင်တော့ပဲ ဆန္ဒပြကုန်ကြပြီလို့ သတင်းတွေမှာ တွေ့ရပါတယ်။
အမေရိကန်ကို အကြီးအကျယ် ထိခိုက်စေတာက နည်းပညာခိုးယူတဲ့ကိစ္စပါ။ ၂၀၀၁ကစတွက်ရင် ၅ထရီလီယံဖိုးလောက်တောင် ရှိပြီလို့ ဆိုကြပါတယ်။ သူတို့ကို မူပိုင်ခွင့်နဲ့ တရားသွားစွဲရင် တရုပ်တရားရုံးတွေက လက်မခံပါဘူး။ အဲဒါက သူတို့ရဲ့ အသားကျနေတဲ့ ယဥ်ကျေးမှုလိုကို ဖြစ်နေတော့တာပါ။ အချိန်တွေ ပိုက်ဆံတွေ လုပ်အားတွေ ဉာဏအားတွေ အများကြီး စိုက်ထုတ်ပြီး ဖန်တီးထားရတဲ့သူတွေအတွက် တရားမျှတမှုက ဘယ်မှာပါလဲ။
ဒါတင်မကပါဘူး၊ ဟွားဝေလို နိုင်ငံတကာကိုပေါက်တဲ့ တရုပ်ကုမ္ပဏီတွေကို တရုပ်အစိုးရက အတိုးနဲနဲနဲ့ ငွေလုံးငွေရင်း ချေးပေးတာတွေ၊ ဈေးချိုချိုနဲ့ မြေဝယ်စက်ရုံ/ရုံးဆောက်နိုင်အောင် ချပေးတာတွေ၊ အခွန်သက်သာခွင့် ပေးတာတွေက တခြားနိုင်ငံက ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ယှဥ်တဲ့အခါ မတရားကို အားသာနေတော့တာပါ။
တရုပ်ပြည်မှာ ၁၉၅၀-၂၀၁၅အထိ တည်ရှိခဲ့တဲ့ တအိမ်ထောင် ကလေးတယောက်ပေါ်လစီကြောင့် လူငယ်တဦးဟာ အဖိုးအဖွား ၂စုံနဲ့ မိဘ ပေါင်း ၆ဦးတို့ကို ထောက်ပံ့ဖို့ တာဝန်ရှိလာပါတယ်။ တရုပ် ကျန်းမာရေးစနစ်က မြို့ကြီးတွေမှာပဲ စုံလင်ပြည့်စုံတဲ့အပြင် ကုန်ကျစားရိတ်ရဲ့ ၇၀% လောက်ကိုပဲ အစိုးရကပေးတော့ ကျန်တာကို ကိုယ်ကပေးနိုင်ဖို့ စုဆောင်းထားရပါတယ်။ စတော့မားကက်မှာ ရင်းနှီးထားဖို့ကျတော့ အမြတ်ဆုံးတွေက အစိုးရနဲ့ဖက်စပ်တွေဆိုတော့ ပြည်သူတွေပိုင်ဆိုင်ခွင့်မရှိသလို အမေရိကန် စတော့ ဈေးကွက်မှာ လာရောင်းနေတဲ့ အလီဘာဘာ၊ ဂျေဒီ၊ ဘိုင်ဒူး၊ တန်းဆန့် စတာတွေတောင် မကြာသေးမီကမှ ဟောင်ကောင်စတော့မားကက်ကနေတဆင့်မှ ဝယ်ခွင့်ရကြတာပါ။ အဲဒီတော့ သူတို့လုပ်လို့ရတာက အိမ်/တိုက်ခန်း ဝယ်ထားတာ (သို့) ဘဏ်မှာငွေစုတာလောက်ပါပဲ။
ဘဏ်တွေ ကျပြန်တော့လည်း မြို့ကြီးနေသူမဟုတ်ရင် ဒေသန္တရဘဏ်တွေမှာပဲ ထားကြရပါတယ်။ အဲဒီဘဏ်တွေက ဘဏ်အပ်ငွေတွေ တိုးပွားအောင် ရင်းနှီးမြှုပ်နှံချင်ပြန်တော့ ပြည်နယ်တွင်းက ထွက်ခွင့် မရှိပြန်တဲ့အတွက် ကိုယ့်ဒေသမှာပဲ ဆောက်လုပ်ရေးပရောဂျက်တွေ လုပ်ကြပါတယ်။ လမ်းတွေ၊ တံတားတွေ၊ ရထားလမ်းတွေ၊ အိမ်ယာစီမံကိန်းတွေ အစုံပါပဲ။ ဈေးကွက် လိုအပ်ချက်အရ ဆောက်တာမဟုတ်သလို ဒေသန္တရအလုပ်အကိုင်သစ်တွေ ဖန်တီးမပေးနိုင်တာရယ် ကျုံ့ဝင်လာတဲ့ လူဦးရေရယ်ကြောင့် ဆောက်ထားတဲ့ လမ်း၊ တံတားတွေ သုံးမယ့်သူမရှိ၊ အိမ်ယာတွေ မြို့သစ်တွေလည်း နေတဲ့သူမရှိပြန်တော့ အိမ်ဝယ်မိတဲ့ ပြည်သူတွေ ဒုက္ခရောက် ပြန်ပါတယ်။ တချို့နေရာတွေမှာဆို ဗဟိုအစိုးရကို နံပါတ်တွေ ပြလို့ကောင်းအောင် မလိုအပ်ပဲ လမ်းတံတားတွေ ဖျက်ပြီး အသစ်ပြန်ဆောက်ကြတာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။ ဒါတွေ မလုပ်ပြန်ရင်လည်း ဒေသ GDP နံပါတ်ကောင်းကောင်း အထက်ကို မပြနိုင်ရင် အထောင်းခံရဦးမယ်လေ။
ဒါ့အပြင် အငတ်ဘေးဆိုက်ပြီး လူသန်း ၃၀လောက်သေခဲ့တာ နှစ်၆၀လောက်ပဲရှိသေးတာကို မမေ့ကြသေးတဲ့ တရုပ်တွေက ငွေပဲဖိစုကြတဲ့အတွက် တိုင်းပြည်ရဲ့ GDP မှာ ပြည်သူရဲ့ ဝယ်လိုအားက လာတာ ၃၈% ပဲရှိပါတယ်။ အမေရိကန်GDPမှာ ပြည်သူရဲ့ ဝယ်လိုအားက ၆၈% ပါပါတယ်။ ကမ္ဘာ့ပျှမ်းမျှက ၅၆% ပါ။ တိုင်းပြည်စီးပွားရေးယန္တယား လည်ပတ်နေဖို့နဲ့ GDP တက်ဖို့က ငွေဟာ သေနေလို့ မရပါဘူး၊ လက်ပြောင်းနေလေ ကောင်းလေပါပဲ။ တရုပ်မှာက ကမ္ဘာကို ကြွားထားတဲ့အတိုင်း GDP အမြင့်ကြီးပြဖို့ ပို့ကုန်ကိုပဲ ဦးစားပေးပြီး အဆမတန် များများ မြန်မြန် ထုတ်ပါတယ်။ များများထုတ်ရင် တခုချင်းစီ ဈေးသက်သာလာတော့ ဈေးကွက်ဝေစုကြီးကြီးလာပါတယ်။ ဆိုးတာက ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးမှုကို သူများရဲ့ ဝယ်လိုအားနဲ့ သွားချိတ်ထားလိုက်တော့ သူများအပေါ် အလွန်အမင်း မှီခိုရတဲ့အခြေအနေ ဖြစ်သွားပြန်ပါတယ်။ အရမ်းကာရော ထုတ်ထားတာတွေအတွက် ဈေးကွက်မရှိရင် ရသလောက်နဲ့ ချရောင်းရပြန်ပါတယ်။
ယေဘုယျအားဖြင့် တရုပ်တွေက သူတို့ဝင်ငွေရဲ့ ၄၀% လောက်ကို စုဆောင်းကြပြီး အမေရိကန်တွေက ၁၀% လောက်ပဲ စုကြပါတယ်။ ဝင်ငွေကောင်းတဲ့ တရုပ်လူငယ်လူလတ်တွေက ပိုသုံးလာကြပေမယ့် လူလတ်ပိုင်းဖြစ်သွားရင် အလုပ်ရဖို့ ခဲယဥ်းလာတာနဲ့ တိုင်းပြည်စီးပွားရေးက မရေရာနေတာနဲ့ဆိုတော့ လောလောဆယ် ဈေးဝယ်စင်တာတွေမှာ ခြောက်ကပ်နေတယ်လို့ ဆိုကြပါတယ်။ အမေရိကန်တွေရဲ့ ဝင်ငွေဟာ 401K အငြိမ်းစား စုဆောင်းငွေ ဖြတ်ပြီးသား အပြင် အဲဒီငွေက အမေရိကန်က အကြီးဆုံး စတော့ index fund တွေမှာ မြှုပ်နှံထားကြတဲ့အတွက် ၆၀%သော အမေရိကန်တွေက စတော့ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ အလုပ်ရှင်က ထပ်ထည့်ပေးတာ အပြင် စတော့ မားကက်က တနှစ်ကို အနည်းဆုံး ၁၀% မြတ်ရင်တောင် ဘဏ်တိုးထက် အများကြီး သာနေပါပြီ။ ကိုယ့်ဖာသာကိုယ် ထပ်ဝယ်ထားကြသူတွေကတော့ အများကြီးပိုမြတ်နိုင်ပါတယ်။
တရုပ်ပြည်မှာ စိုက်ပျိုးမြေက မြန်မာပြည်ထက် ၁၀ဆနီးပါးရှိပေမယ့် မိုးခေါင်/ ရေလွှမ်းကြောင့် ၆၀%လောက်ပဲ အလုပ်ဖြစ်တာရယ်၊ လူဦးရေက ၂၈ ဆဖြစ်နေတာရယ်ကြောင့် ပြည်တွင်း စားသုံးမှုရဲ့ ၄၀% လောက်က ပြည်ပကနေ သွင်းကိုသွင်းရပါတယ်။
Liberation Day နောက်ပိုင်း တရုပ်ပြည်မှာ ပို့ကုန်ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်သလောက် ဖြစ်သွားပြီး လူတွေက ရှိတဲ့ငွေတွေကို မသုံးပဲ ပိုစုလာတာက ဘဏ်တွေကို အကြပ်အတည်း တွေ့စေပြန်ပါတယ်။ ဘဏ်ဆိုတာ ငွေလာအပ်ရင် အတိုးပေးရပြီး အဲဒီလိုပေးနိုင်ဖို့ စီးပွားရေး လုပ်ငန်းတွေ၊ အိမ်ဝယ်၊ ကားဝယ် စတာတွေကို ငွေချေးပေးရပါတယ်။ အခုလိုအခြေအနေမှာ စီးပွားရေးတိုးချဲ့ဖို့/ စတင်ဖို့ ချေးမယ့်သူမရှိတော့သလို အိမ်/ကားဝယ်သူတွေ နည်းပါးသွားတဲ့အတွက် ဘဏ်တွေက ငွေစုသူတွေကို အရှုံးခံ အိပ်စိုက်ပြီး အတိုးပေးနေရတယ်လို့ သိရပါတယ်။
အာဏာရှင်နိုင်ငံက ပိုက်ဆံရှိလာရင် တကမ္ဘာလုံးကို အာဏာနဲ့ ထိန်းထားဖို့ ကြိုးစားတော့တာပါပဲ။ ဟားဗတ်လိုပဲ စတန်းဖို့တက္ကသိုလ်မှာ တရုပ်စီစီပီဩဇာခံတွေ ဘယ်လောက်တောင် စိမ့်ဝင်နေလဲဆိုရင် တရုပ်ပြည်က ကျောင်းသားတဦး ကျောင်းမှာ အတန်းထဲမှာဆွေးနွေးသွားတဲ့ အကြောင်းအရာက စီစီပီမကြိုက်တဲ့ ကိစ္စ ဖြစ်နေတဲ့အတွက် အဲဒီကျောင်းသားမိဘရဲ့အိမ်ကို တရုပ်အစိုးရလူတွေသွားပြီး ဘာလို့ဒီလိုတွေ သွားပြောနေတာလဲလို့ သတိပေးသလိုနဲ့ ခြိမ်းခြောက်ခဲ့တဲ့အထိပါပဲ။
ဒါတွေအကုန်လုံးက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အားလုံးကို အာဏာနဲ့ ထိန်းထားချင်တဲ့၊ အမှန်ကို လက်မခံချင်တဲ့ အာဏာရှင်စနစ်ရဲ့ ဖြစ်မြဲပြဿနာတွေပါ။ အာဏာရှင်နိုင်ငံတွေက ထုတ်ပြန်တဲ့ နံပါတ်တွေ သတင်းတွေဟာ အမှန်ဆိုတာထက် ဝါဒဖြန့် အယုံသွင်းတာတွေပဲ များပါတယ်။ ခုဆို ဘာနံပါတ်မှ မထုတ်ပြန်နေတာ ကဗနောက်ပိုင်းထဲကပါ။ လက်ဝဲ ကွန်မြူနစ်စနစ်မှာ ပြည်သူအားလုံး သာတူညီမျှဆိုတာ မမှန်သလို ဆင်းရဲသားပြည်သူအကျိုးကို အစိုးရက ကာကွယ်ပေးမယ်ဆိုတာလည်း စိတ်ကူးယဥ်သက်သက်ပါ။ သူတို့ဂရုစိုက်တာ အာဏာမြဲဖို့တခုပါပဲ။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်မှာ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်နဲ့အတူ လူတွေရဲ့ တီထွင် ဖန်တီးနိုင်မှုနဲ့ risk ယူလိုမှုတွေက ဈေးကွက်ရဲ့ လိုအပ်ချက်နဲ့ ထိန်းညှိသွားတဲ့အတွက် အစိုးရရဲ့ကဏ္ဍက နဲပါးပါတယ်။