ဇူလိုင် ၅ ရက် ၂၀၂၅

ဇွန်လ payroll မှာ အလုပ်အကိုင်အသစ်ပေါင်း ၁.၄၇သိန်း တိုးတက်ခဲ့ပြီး အဲဒါဟာ ခန့်မှန်းချက်ထက် ၃၀% ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်လက်မဲ့နှုန်းမှာလည်း ခန့်မှန်းခြေ ၄.၃% ထက်လျော့ပြီး ၄.၁% ဖြစ်ခဲ့သလို tariff က ဝင်ငွေတွေလည်း ၈၀ဘီလီယံကျော် ဝင်နေ/မှာပါ။ အီရန်က နျူဆိုက်တွေကို ဗုံးကြဲပြီးနောက်ပိုင်း အရင်က ထရမ့်ဖုံးခေါ်တာကို စောင့်ခိုင်းထားလို့ ဒီမိုခရက်တွေ အားရဝမ်းသာဖြစ်စေခဲ့တဲ့ ပူတင်တယောက် အခမ်းအနားတခုမှာ ပရိသတ်ကို စကားပြောနေချိန် မှာတောင် ထရမ့်ဖုံးခေါ်တယ်ဆိုတာနဲ့ ပြေးကိုင်ရတဲ့အဖြစ်ပါပဲ။ ရှီတယောက်လည်း သူသိပ်မျှော်လင့်ထားခဲ့ပြီး ဘယ်တုန်းကမှ တက်ဖို့မပျက်ခဲ့တဲ့ BRICS ကို မတက်နိုင်တော့တဲ့အထိပါ။ နေတိုးနိုင်ငံတွေကလည်း GDPရဲ့ ၅% ထည့်ဝင်ဖို့ သဘောတူလိုက်တဲ့အပြင် ဒယ်ဒီလို့ပါ ခေါ်လိုက်သေးတာပါ။ ဆူပရင်းကုတ်မှာလည်း နိုင်ပွဲတွေဆက်ပြီး ထရမ့်အစိုးရရဲ့ ပေါ်လစီတွေအတွက် အရေးကြီးတဲ့ BBB လည်း အချိန်တိုအတွင်း အတည်ပြုနိုင်ခဲ့ပြီ ဆိုတော့ ထရမ့်ရဲ့ ရွှေခေတ်ကို ရောက်ပါပြီလို့ သုံးသပ်နေကြပါတယ်။

ဥပဒေ ဖြစ်သွားတဲ့ Big Beautiful Bill မှာ အဓိကပါတာတွေက ၂၀၁၇ အခွန်လျော့တာကို သက်တမ်း တိုးတိုးနေစရာမလိုတော့ပဲ​ အမြဲအတည်ဖြစ်အောင် လုပ်ဖို့ပါသလို တိုင်းပြည်လုံခြုံရေးအတွက် အရေးကြီးတဲ့ နယ်စပ်တံတိုင်းအပြီးကာဖို့၊ ရောက်လာပြီးဖြစ်တဲ့ ခိုးဝင်တွေကို ပြန်ပို့ဖို့က အရေးအကြီးဆုံးတွေလို့ ပြောနိုင်ပါတယ်။ အခွန်လျော့တာက စီးပွားရေးဖွံ့ဖြိုးဖို့ သော့ချက်ဖြစ်သလို တိုင်းပြည်လုံခြုံဖို့က ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တည်မြဲဖို့ အခရာကျပါတယ်။ ဒီမိုခရက်တွေက နိုင်ငံတနိုင်ငံစာလောက်ရှိတဲ့ လူသန်းပေါင်းများစွာကို အတင်းကာရော သွင်းခဲ့တာရယ်၊ အဲဒီလူတွေကို ပြည်သူ့ဘဏ္ဍာအလွဲသုံးပြီး နေစားငြိမ်းနဲ့ သူတို့ပို့ချင်တဲ့နေရာတွေကို ပို့ခဲ့တာက သူတို့ကို မဲပေးမယ့် မဲဆန္ဒနယ် တိုးအောင်လို့ရယ်၊ နီစပြုတဲ့နေရာတွေ ပြာလာအောင်လို့ရယ်၊ ရရင် မိုးခဲဖို့ရယ် စတာတွေကြောင့်ပါ။

BBB ကြောင့် ကလေး ၂ဦးရှိတဲ့ အလယ်အလတ်ဝင်ငွေရှိမိသားစုတခုဟာ တနှစ်ကို ၉,၂၀၀-၁၆,၀၀၀ ပိုထွက်လာမှာဖြစ်ပါတယ်။ အဲဒီ BBB မှာပါတဲ့တချို့က

  • SS ခံစားခွင့် ရယူနေတဲ့လူတွေထဲက ၉၀% ဟာ အဲဒီခံစားခွင့်ပေါ်မှာ ဖက်ဒရယ်ဝင်ငွေခွန် ပေးဆောင်စရာ မလိုတော့ပါဘူး။ ပြည်နယ်ဝင်ငွေခွန်၊ မြို့ဝင်ငွေခွန်(ရှိလျင်) နဲ့ SS တို့ အိုနာစာ စုဆောင်းငွေတို့အတွက် ဖြတ်တာတွေကတော့ ရှိဦးမှာပါ။
  • Tip ဝင်ငွေနဲ့ အချိန်ပိုဆင်းတဲ့ဝင်ငွေတွေအပေါ်မှာ ဖက်ဒရယ်ဝင်ငွေခွန်ကောက်ခံမှု ကင်းလွတ်တော့မှာပါ။ တနှစ်ဝင်ငွေ ၃သိန်းအောက်ဝင်တဲ့မိသားစု (တဦးတည်း <တသိန်းခွဲ) မှာ tip က ၂၅,၀၀၀ထိ ကင်းလွတ်ပြီး overtime က ၁၂,၅၀၀-၂၅,၀၀၀ထိ ကင်းလွတ်မှာပါ။
  • BBB ကြောင့် ၂၀၂၇မှာ တနှစ်ဝင်ငွေ တသောင်းခွဲအောက် ဝင်တဲ့သူတွေဟာ ဖက်ဒရယ်ခွန် ၁၆.၄%၊ တသောင်းခွဲက သုံးသောင်းကြား ၂၇.၁%၊ ၃-၄သောင်း ၉.၅%၊ ၄-၅သောင်း ၇.၂%၊ ၅-၆သောင်း ၅.၆%၊ ၆-၈သောင်း ၄.၆%၊ ၈သောင်း-၁သိန်း ၄.၄%၊ ၁-၁.၅သိန်း ၄.၂%၊ ၁.၅-၂သိန်း ၄.၁%၊ ၂-၅သိန်း ၃.၅%၊ ၅သိန်း-၁သန်း ၂.၇% စသဖြင့် အသီးသီး သက်သာကြမှာ ဖြစ်ပါတယ်။
  • BBB မှာ မက်ဒီကဲနဲ့ လူမှုဖူလုံရေးအစီအစဥ်တွေကို လုံးဝမထိသလို မက်ဒီကိတ် ခံစားခွင့်ရှိတဲ့ ကိုယ်ဝန်သည်တွေ၊ ကလေးတွေ၊ လူအိုတွေ၊ မစွမ်းမသန်တွေ၊ ဝင်ငွေနည်းတွေအတွက် လုံးဝမဖြတ်ပဲ တရားမဝင်နေထိုင်သူတွေ ကိုသာ ရှင်းထုတ်ပြစ်မှာဖြစ်ပြီး အလုပ်လုပ်နိုင်သူတွေ အလုပ်လုပ်ကြစေခြင်းဖြင့် အလုပ်က ကျန်းမာရေးအာမခံ ရစေဖို့ လုပ်ဆာင်သွားမှာပါ။ ဒါကြောင့် ဒီမိုခရက်တွေပြောနေတဲ့ BBB ကြောင့် လူတွေသေမယ်ဆိုတာ မဟုတ်ပါဘူး။
  • Planned Parenthood ကို ပြည်သူ့ဘဏ္ဍာထဲက တနှစ်မပေးဖို့ပါတဲ့အတွက် အဲဒီတနှစ်က ကလေးတွေအတွက် ကံကောင်းတဲ့တနှစ်ဖြစ်လာမှာပါ။
  • ဖက်ဒရယ်အခွန်ဆောင်တဲ့အခါ The state and local tax deduction (SALT) နှုတ်ပိုင်ခွင့်ကို ၁သောင်းကနေ ၄သောင်းအထိ တိုးပေးလိုက်ပြီး ၂၀၂၉အထိ ၁%စီ ထပ်တိုးပေးမှာဖြစ်ပါတယ်။ ဒါက အခွန်နှုန်းမြင့်မားလွန်းတဲ့ ကာလီဖိုးနီးယားတို့ နယူးယောက်တို့လို အပြာပြည်နယ်တွေမှာ နေသူတွေကို အတော်အသက်ရှုချောင်စေမှာပါ။

ခြံ/အိမ်မရှင်းပဲ ၄နှစ်ပြစ်ထားရင် ပထမဆုံးပြန်ရှင်းတဲ့အခါ လုပ်စရာအများကြီး ဖြစ်နေတဲ့အတွက် ပိုက်ဆံ/အချိန်/လုပ်အားစတဲ့ ရင်းမြစ်တွေ ပိုသုံးရတာ ထုံးစံပါပဲ။ အခွန်လျော့လို့ ဝင်ငွေ နဲသွားပေမယ့် သွက်လာတဲ့ စီးပွားရေးက လျော့သမျှထက် အများကြီးပိုအောင် ပြန်တက်တာ အကြိမ်ကြိမ် ကြုံခဲ့ဖူးပြီးသားပါ။ နယ်စပ်လုံဖို့ ကာကွယ်ရေးအဆင့်မြင့်ဖို့၊ စီးပွားရေးကောင်းဖို့ သုံးစရာတွေ အများကြီးရှိပေမယ့် ယိုပေါက်တွေ ပိတ်ပစ်နိုင်ခဲ့လို့ သုံးသလောက်က တိုင်းပြည်အတွက် အသားတင် အကျိုးရှိစေမှာပါ။  

၉၁% သောရီပါဘလစ်ကန်တွေဟာ သူတို့ကိုယ်သူတို့ နိုင်ငံချစ်စိတ်ရှိသူလို့ ယူဆကြပြီး ၅၀% သော ဒီမိုကရက်တွေက သူတို့ကိုယ်သူတို့ နိုင်ငံချစ်သူတွေလို့ ထင်မြင်ကြတယ်လို့ နယူးဂျာစီက National Research အဖွဲ့က စစ်တမ်းမှာ တွေ့ရှိထားပါတယ်။ ဒီမိုခရက်တွေက အမေရိကန်အလံကို ရှက်ကြ ရွံ့ကြသလောက် တခြားနိုင်ငံ/အာဂျင်ဒါအလံတွေကို အမြတ်တနိုး တန်ဖိုးထားကြတာ မြင်နေရတော့ ၅၀%ဆိုတာတောင် များနေနိုင်ပါသေးတယ်။ အခု ဇူလိုင် ၄မှာလည်း ထရမ့်ကိုမုန်းတာ အကြောင်းပြပြီး တနိုင်ငံလုံးက သူတို့လွှမ်းတဲ့မြို့တွေမှာ မီးပန်းမဖောက်ဘူး၊ အလံမထောင်ဘူးဆိုတဲ့ ကမ်ပိန်း လုပ်နေပါတယ်။ လွတ်လပ်ရေးပွဲလုပ်တာ၊ အလံထောင်တာနဲ့ ထရမ့်ကို ဆန့်ကျင်တာကို တထပ်တည်း ယူကြတဲ့သဘောက ထရမ့်ဟာ တိုင်းပြည်အတွက်လုပ်သူဖြစ်ပြီး သူတို့ဟာ ရန်သူဘက်သားတွေ ဖြစ်တာကို ဝန်ခံနေသလိုပါပဲ။

စင်္ကာပူကို ခိုးဝင်ရင် ထောင် ၆လနဲ့ ၆ထောင်၊ အခန့်မသင့်ရင် ကြိမ်ဒဏ်ပါထိနိုင်၊ ရုရှားကို ခိုးဝင်ရင် အလုပ်ကြမ်း + ထောင်ဒဏ် ၂နှစ်နဲ့ ရူဘယ် ၂သိန်း၊ မြောက်ကိုရီးယားကို ခိုးဝင်ရင် သေဒဏ်၊​ အိန္ဒိယက ၅နှစ်နဲ့ ရူပီး ၅သိန်း၊ ပါကစ္စတန်က ၁၀နှစ်၊ မလေးရှားက ၅နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ရင်းဂစ် ၁သောင်းအထိ၊ ကံမကောင်းရင် ကြိမ် ၆ချက်အထိ ချမှာလေ။ အမေရိကန်၊ ကနေဒါနဲ့ ဥရောပကျမှပဲ လူဆိုးရော သူခိုးရော ဥပဒေမဲ့ ဝင်ချင်တိုင်းဝင်ပြီး နေ၊ စား၊ ဆေး၊ ကျောင်း အကုန် စားရိတ်ငြိမ်း ပေးရမယ်၊ မပေးတဲ့သူက စာနာစိတ်မရှိဘူးဆိုတာမျိုးကို တိုင်းပြည်ချစ်တဲ့သူတွေက လုပ်ပါ့မလား။

တက္ကဆက်စ်က ဆေးရုံတွေမှာ ၃လအတွင်း တရားမဝင်နေထိုင်သူ တသိန်းကျော် တက်ရောက်ခဲ့ပြီး ပြည်သူ့အခွန်ထဲက ၃၂၉သန်း သုံးစွဲခဲ့ရပါတယ်။ အာမခံ မရှိသူတွေအတွက် တနှစ်ကို ၃.၁ဘီလီယံ ကုန်ကျနေတာပါ။ ဂါဗာနာက ဆေးရုံတက်သူတွေရဲ့ immigration status ကို စစ်ကိုစစ်ရမယ်လို့ အမိန့်ထုတ်ထားလို့ သိရတာပါ။ နယူးယောက်တို့ ကာလီဖိုးနီးယားတို့လို အပြာ ပြည်နယ်တွေမှာဆိုရင် မေးပိုင်ခွင့်ကို မပေးထားပါဘူး။

ရီပါဘလစ်ကန်အမတ် မာဂျရီတေလာဂရင်းက တရားမဝင်နေထိုင်သူတွေကို census ထဲကနေ ထုတ်ပစ်မယ့်ဥပဒေကြမ်းကို တင်သွင်းဖို့ လုပ်နေပါတယ်။ လက်ရှိဥပဒေအရ တိုင်းပြည်ထဲမှာ ရှိသမျှလူတွေကို ထည့်သွင်းရေတွက်တဲ့အတွက် အဆိုပါဥပဒေကြမ်း အတည်ဖြစ်သွားရင် census အသစ် ချက်ချင်းထပ်လုပ်ရမှာဖြစ်ပါတယ်။ အဆိုပါအစီအစဥ်ကို သမ္မတထရမ့်ကလည်း ထောက်ခံထားပါတယ်။ ကာလီဖိုးနီးယားက တရားမဝင်တွေ အကုန်သာပြန်ပို့လိုက်ရင် အောက်လွှတ်တော်အမတ် ၃နေရာနဲ့ သမ္မတရကပအတွက် electoral vote ၂နေရာ လျော့သွားမှာပါ။

ဟောလီဝုဒ်မှာ လက်ဝဲဝုခ်တွေ စိုးမိုးလာတာနဲ့ အမေရိကန်ရုပ်ရှင်အရည်အသွေး ကျလာတာရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို ထရမ့်တရားရေးဌာနက စုံစမ်းရင်း တွေ့ရှိလာတာက အကယ်ဒမီဆုအတွက် ဇကာတင်မှာဝင်ဖို့ဆိုရင် အဓိကဇတ်ဆောင် (သို့) အဓိကဇတ်ပို့က လူနည်းစုက (လူဖြူမဟုတ်) ဖြစ်ရမယ်ဆိုတာ တချက်ပါပါတယ်။ နောက်တချက်က ဇတ်ကားထဲမှာ အရံတို့ ဖြတ်လျောက်တို့လို အထွေထွေသမားတွေရဲ့ ၃၀%က မိန်းမ၊ လူဖြူမဟုတ်သောလူမျိုး၊ LGBTQ+ ၊ စိတ်/ကိုယ်မသန်စွမ်းသူ၊ နားမကြားသူ စတာတွေ ပါဝင်ရမယ်ဆိုတဲ့ထိ တင်းကြပ်လာပါတယ်။ ဇတ်အိမ်ကျောရိုးကလည်း မိန်းမ၊ လူနည်းစု၊ ဂေးဘာညာ၊ မသန်စွမ်း၊ နားမကြား စတဲ့အုပ်စုတွေနဲ့ ပတ်သက်တာ ဖြစ်ရပါဦးမယ်။ ဦးဆောင်သူပိုင်းကလည်း တဖွဲ့လုံးကို လူမျိုးစုံပါဝင်အောင် ဖန်တီးဖို့၊ အလုပ်သင်တွေကို ပိုက်ဆံပေးဖို့တို့ ပါသလို မားကက်တင်းကလည်း လူနည်းစုတွေကြားကို ရောက်ဖို့ အရင်းအမြစ်တွေပိုသုံးဖို့ ပါဝင်ပါတယ်။ အနုပညာတို့ ပညာပေးတို့ လူသားကောင်းကျိုးတို့ ဘယ်နားမှာမှ မပါပါဘူး။ အဲဒါတွေ ရှင်းပစ်နိုင်မှ Make Hollywood Great Again ဖြစ်လာမှာပါ။

နယူးယောက်မြို့ဝန်နေရာအတွက် ဒီမိုကရက်ကိုယ်စားလှယ် ဇိုရမ်မမ်ဒါနီဟာ ကောလိပ်ကျောင်း လျောက်တုန်းက လျောက်လွှာမှာ သူ့ကိုယ်သူ လူမည်းပါလို့ ဖြည့်ခဲ့တဲ့အပေါ် နယူးယောက်က လူမည်းတွေက ဒေါပွနေကြပါတယ်။ ဇိုရမ်ဟာ သူ့အလယ်နာမည်ကို လူမည်းတွေမှည့်လေ့ရှိတဲ့ ကွာမီလို့ ထည့်ခဲ့တာပါ။ သူလေးစားတဲ့သူတဦးကို ဂုဏ်ပြုတာလို့တော့ ဖာတာပါပဲ။ ဒီမိုခရက် ဆီနိတ်တာ အဲလစ်ဇဘက်ဝါရန်လိုပေါ့၊ လူဖြူအစစ်မကြီးက ဌာနလူနီပါလို့ လိမ်တာပါ။ DEI ခေတ်မှာ လူနည်းစုဖြစ်လေ အရွေးခံရဖို့များလေဖြစ်တာကို အခွင့်ကောင်းယူကြတာပါ။ ရေရှည်မှာ အလိမ်ပေါ်နိုင်တာကို မကြည့်တဲ့ တပွဲတိုးအချောင်သမားတွေရဲ့ အကျင့်ပါပဲ။

America PAC ကိုထောင်ခဲ့တဲ့ အီလွန်က America Party ကို ထောင်မယ်လို့ ကြေငြာလိုက်ပါတယ်။ ၂၀၂၅တုန်းက America PAC က ထရမ့်ကို ထောက်ခံခဲ့တာပါ။ အီလွန်ပါတီဖွဲ့မယ်ဆိုတာကို တုန့်ပြန်တဲ့ အနေနဲ့ DoGE ကြောင့် ပိုထွက်လာတဲ့ အသုံးစားရိတ်တွေကို ပြည်သူတွေဆီ အချိုးကျ ခွဲပေးလိုကြောင်း ပြောထားတဲ့ DoGE dividend guru လည်းဖြစ် အသက် ၃၀ပဲရှိသေးတဲ့ Arizona Capital ရဲ့ CEO လည်းဖြစ်တဲ့ James Fishback က Full Support for Donald (FSD) PAC ကို ဖွဲ့စည်းလိုက်ပါတယ်။ အီလွန်က သူမတူအောင် ထူးချွန်တဲ့ သိပ္ပံပညာရှင်တဦးဆိုပေမယ့် ၂၀၂၀တုန်းက EV ထုတ်လုပ်သူတွေအတွက် ကောင်းတာကလွဲရင် ဘာမူကောင်းကောင်းမှ မပြနိုင်တဲ့ ဒီမန်းရှာဘိုးအေကြီးကို မဲပေးခဲ့တာဆိုတော့ သူ့ရဲ့ နိုင်ငံရေးဟာ ခိုင်မာတဲ့ မူတွေအပေါ်မှာ မူတည်တယ်လို့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် ဒီမိုခရက်ကိုလည်း မကြိုက်၊ ထရမ့်ကိုမုန်းလို့ ရီပါဘလစ်ကန်လည်း မထောက်ခံနိုင် ဆိုသူတွေအတွက်တော့ ရွေးစရာတခု ဖြစ်လာနိုင်ပါတယ်။

Leave a comment