Foreign Aid and Economic Development

USAID အာဖရိကကို ပေးနေတာတွေကို ဆန့်ကျင်ပါတယ်လို့ Prospera Africa ကို ပူးတွဲတည်ထောင်သူ လုပ်ငန်းရှင် Magatte Wade က ဆိုပါတယ်။ Magatte က ကူညီတယ်ဆိုတာ ခဏပဲကောင်းတယ်၊ မဟုတ်ရင် ကြာလာတဲ့အခါ ပျင်းသွား၊ အစွမ်းအစတုန်းသွားလိမ့်မယ်၊ အဲလိုလည်း ဖြစ်လာနေပါတယ်၊ ဘာလို့လဲဆိုတော့ အထောက်အပံ့တွေ ရပ်သွားရင် နိုင်ငံခြားအထောက်အပံ့တွေနဲ့ ပတ်သက်ပြီး အသက်မွေးနေကြသူတွေက အလုပ်လက်မဲ့ဖြစ်ကုန်မှာပေါ့၊ aid တွေရှိနေမှ USAID နဲ့ဆက်တဲ့ ဝန်ထမ်းတွေက လစာကောင်း၊ အပျံစားရုံးခန်းတွေ၊ ပါတီတွေ၊ အကောင်းစားကားတွေ အခမဲ့ သဘောရှိ သုံးပြီး မော်ကြွားနေနိုင်မှာလေ၊ အဲဒါနဲ့ပဲ နာတာရှည်ရောဂါကြီးတခုလို ဖြစ်လာနေတာလို့ ဆိုပါတယ်။ welfare အထောက်အပံ့တွေလည်း ထိုနည်းတူပါပဲ၊ အဆင်မပြေတဲ့အခိုက်အတံ့လေးမှာ ပေးပြီး အမြန်ဆုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်စေတာပဲ ဖြစ်သင့်ပါတယ်။

Prospera Africa က အာဖရိကမှာ အထူးစီးပွားရေးဇုံတွေ သတ်မှတ်ပြီး အဲဒီဇုံတွေမှာ စီးပွားရေး လွတ်လွတ်လပ်လပ် လုပ်လို့ရအောင် နှောင်ဖွဲ့ချုပ်ဆိုင်းတဲ့ စည်းမျဥ်းတွေကို ဖယ်ရှားပေးပြီး လုပ်ငန်းတွေကို လွယ်လင့်တကူ ထူထောင်နိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားအစိုးရ/အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး supplier ရှာပေးတာ၊ ဈေးကွက်ရှာပေးတာ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ရှာပေးတာတွေလည်း လုပ်ပေးပါတယ်။ အဲဒါကမှ ဆင်းရဲတွင်းက တကယ်လွတ်မယ့်နည်း ဖြစ်တယ်လို့ ဆိုပါတယ်။ Prospera ကို တောင်အမေရိကတိုက် ဟွန်ဒူးရပ်စ် နိုင်ငံ Roatan ကျွန်းက မြို့လေးမှာ Libertarian သီအိုရီကို အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်နဲ့ စခဲ့တာပါ။ Zones for Employment and Economic Development (ZEDE) ၃ဇုံထဲက တဇုံပါ။ အဲဒါကို အာဖရိကမှာ ပုံတူလိုက်လုပ်တာ ဖြစ်ပါတယ်။

Libertarian မူတွေကို သိချင်ရင် နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဆရာကြီး Milton Friedman ရဲ့ စာအုပ်တွေ၊ ဗီဒီယိုတွေကို ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ ဆိုဗီယက်အောက်က ခွဲထွက်လာတဲ့ နိုင်ငံတွေထဲမှာ ဆရာကြီးရဲ့ မူတွေအတိုင်း လိုက်နာပြီး အဆင်ပြေနေတာ Estonia, Lithuania, Latvia, Georgia တို့က ထိပ်ဆုံးပါပဲ။ Estonia နဲ့ Lithuania တို့ဆိုရင် GDP per capita တဦးချင်း ကုန်ထုတ်လုပ်မှုမှာ ဒေါ်လာ ၃သောင်းကျော်ဖြစ်ပြီး ကမ္ဘာ့အဆင့် ၃၀ကျော်နဲ့ တောင်ကိုရီးယား၊ တိုင်ဝမ်၊ ဂျပန်တို့နောက်နားက ကပ်လိုက်နေပါပြီ။ စီးပွားရေးလွတ်လပ်မှု အညွှန်းကိန်းမှာ Estonia က ကမ္ဘာ့နံပါတ် ၈ ဖြစ်ပြီး Lithuania က ၁၆ပါ။ (စင်္ကာပူက ၁၊ US က ၂၇၊ မြန်မာက အောက်ဆုံးကနေပြန်ရေရင် ၁၉ပါ။)

Heritage Foundation က ပြုစုတဲ့ Index of Economic Freedom အမှတ်ပေးပုံမှာ Property Right ပိုင်ဆိုင်မှုကို ကာကွယ်ပေးမှု၊ အစိုးရရဲ့ ယုံကြည်ရမှု၊ တရားဥပဒေ/တရားစီရင်ရေးရဲ့ ထိရောက်မှု၊ အခွန်ဝန်ထုပ်ဝန်ပိုး၊ အစိုးရအသုံးစားရိတ်ကစလို့ လွတ်လပ်ခွင့်မျိုးစုံ၊ ကျန်းမာတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးစနစ် စတဲ့ အချက်ပေါင်းများစွာကို ထည့်စဥ်းစားတာပါ။ အနာဂတ်မြန်မာနိုင်ငံမှာလည်း တပြည်လုံးပဲဖြစ်ဖြစ် ပြည်နယ်အလိုက်ပဲ ဖြစ်ဖြစ်၊ ဇုံသတ်မှတ်ပြီးပဲဖြစ်ဖြစ် တကယ်လွတ်လပ်ပြီး ဥပဒေလည်း စိုးမိုးတဲ့ အခြေအနေသာ ဖန်တီးပေးနိုင်ရင် ဖွံ့ဖြိုးမှုက အလှမ်းမဝေးပါဘူးလို့ ပြောချင်ပါတယ်။

https://www.facebook.com/reel/579813055200042

Leave a comment