ဒီနေ့က တားရစ်ဖ်တွေ စတင်အသက်ဝင်တဲ့နေ့ဖြစ်သလို ပြီးခဲ့တဲ့လအတွက် အလုပ်အကိုင် နံပါတ်တွေ ထွက်တဲ့နေ့လည်း ဖြစ်ပါတယ်။ မက္ကဆီကိုကို လက်ရှိ ၂၅%အတိုင်း ရက်၉၀ ထပ်တိုးပေးလိုက်ပြီး ကနေဒါကိုတော့ အမေရိကန်ထဲကို ဖန်တနိုင်းတွေ ခိုးသွင်းနေတာကို ဘာအဟန့်အတားမှ မလုပ်ခဲ့လို့ လက်ရှိနှုန်းထက် ၁၀%တိုးပြီး ၃၅% ချမှတ်လိုက်ပါတယ်။ အီးယူ ၁၅%၊ ယူကေ ၁၀%၊ အိန္ဒိယ ၂၅%၊ ဂျပန် ၁၅%၊ တကိုရီးယား ၁၅% ဆွစ်ဇာလန် ၃၉%၊ တိုင်ဝမ် ၂၀%နဲ့ တရုပ်ကတော့ ဒီလ ၁၂ရက်မတိုင်ခင် သဘောတူညီမှုရအောင် တတိယအကြိမ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပိုကောင်းတာက အဲဒီတဲရစ်ဖ်တွေကနေ နိုင်ငံအတွက် ပိုက်ဆံတွေ လှိမ့်ဝင်လာရုံမက အမေရိကန်ကုန်စည်တွေ သူတို့ဆီမှာရောင်းဖို့ အရင်တုန်းက ကြပ်ထား တစ်ထားတာတွေ တဲရစ်ဖ်တွေကို နိုင်ငံအများစုက ဖယ်ပေးလိုက်ကြတာပါပဲ။
ဂျူလိုင်လမှာ အလုပ်အကိုင် ၇၃,၀၀၀ တိုးလာတယ်လို့ လေဘာစာရင်းအင်းဌာနက ထုတ်ပြန်ခဲ့ပြီး မေနဲ့ ဇွန်လက နံပါတ်တွေကို အများကြီးပြန်ဖျက်သွားပါတယ်။ အလုပ်လက်မဲ့နှုန်းက ခန့်မှန်းထားတဲ့အတိုင်း ၄.၂% ကို အနည်းငယ်ပြန်တက်ခဲ့ပါတယ်။ စတော့မားကက် Dow Jones က အလုပ်အကိုင် ၁သိန်းတိုးမယ်လို့ မှန်းထားတာကို မပြည့်တဲ့အတွက် စတော့မားကက် ရဲရဲတောက်သွားခဲ့ပါတယ်။ မေနဲ့ ဇွန်လတွေမှာ ကြေငြာခဲ့တဲ့ အလုပ်အကိုင်နံပါတ်တွေကနေ ၂သိန်းခွဲကျော် ပြန်လျော့လိုက်တာကလည်း စတော့မားကက် လန့်ကျတဲ့အချက်တခုပါပဲ။ အော်တိုပန်/ဘိုင်ဒန်လက်ထက်တုန်းက ရကပအတွက် အရေးကြီးတဲ့အချိန်ဆိုရင် နံပါတ်တွေ ညွန့်နေအောင်ပြပြီး နောက်မှ တိတ်တိတ်လေးပြန်လျော့ခဲ့တာက စီစီပီတို့လို အာဏာရှင်တွေလုပ်နေတဲ့အတိုင်းပါပဲ။ ၂လအတွင်း ၂သိန်းခွဲကျော်ကွာတယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တာပါ။ အဲဒါကြောင့် ထရမ့်က ဘိုင်ဒန်ခန့်ထားခဲ့တဲ့ လေဘာစာရင်းအင်းဌာန အကြီးအကဲ အဲရစ်ကာ မက်အန်တာဖာကို အလုပ်ဖြုတ်ပစ်ဖို့ ပြောနေပါပြီ။ သူ့ရာထူးသက်တမ်းက ၂၀၂၈နှစ်ဆန်းမှ ကုန်မှာဖြစ်ပေမယ့် ဖက်ဒရယ်ဥပဒေအရ သမ္မတမှာ ဖြုတ်ပိုင်ခွင့်ရှိပါတယ်။
သမ္မတထရမ့်က အိုးမဲ့အိမ်မဲ့တွေမှာ စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုနဲ့ အများပြည်သူကို အန္တရာယ်ပေးနိုင်လောက်အောင် ပရမ်းပတာအမူအကျင့်ရှိသူတွေကို စိတ်ကျန်းမာရေး ဆေးရုံတွေမှာပဲထားဖို့ အမိန့်ထုတ်လိုက်ပါတယ်။ အရင်က အဲဒီလိုထားခဲ့ကြပေမယ့် ၁၉၆၀နောက်ပိုင်း ဥရောပမှာ စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေကို ဆေးရုံမှာထားတဲ့အလေ့တွေကို ဖျက်ပစ်ဖို့ လှုပ်ရှားမှုက အမေရိကန်ကို ကူးစက်လာခဲ့သလို လူမျိုးရေးအကြောင်းပြပြီး စိတ်ကျန်းမာရေး ဆေးရုံမှာထားတာတွေကို ဖျက်သိမ်းခဲ့ကြလို့ လမ်းပေါ်မှာ အိုးမဲ့အိမ်မဲ့တွေ ပိုများလာတဲ့အပြင် ပြည်သူတွေပါ အန္တရာယ်ရှိလာတာဖြစ်ပါတယ်။
အတန်းကျောင်းတွေမှာလုပ်တဲ့ The Presidential Fitness test က ၁၉၆၆မှာစတင်ခဲ့ပြီး ၂၀၁၂ အိုဘမလက်ထက်မှာ ဖျက်သိမ်းခဲ့တာပါ။ အဲဒီ test မှာ ထိုင်ထ ၁မိနစ်၊ pull-up ဘားခို ဘားဆွဲ၊ အမှတ်၂ခုကြား အသွားအပြန်ပြေးတဲ့ shuttle run, ခြေဆန့်ထိုင်ပြီး လက်နဲ့ကုန်းထိတဲ့ Sit & Reach, ၁မိုင်ပြေး စတာတွေပါဝင်ပါတယ်။ ဖျက်သိမ်းခဲ့တဲ့ရလာဒ်က ကလေးတွေဟာ မကျန်းမာတာ များလာတဲ့အပြင် ပျင်းတဲ့အကျင့်ပါ စွဲပါလာပြီး တပ်ထဲဝင်နိုင်လောက်အောင် ကျန်းမာတဲ့သူ တော်တော်နည်းသွားတာပါပဲ။ ဖျက်သိမ်းတဲ့ ရည်ရွယ်ချက်က ကောင်းစေချင်လို့လား ဆိုးစေချင်လို့လားဆိုတာ တော်ရုံအသိဉာဏ်နဲ့ သိနိုင်ပါတယ်။ အခုအဲဒီ test ကို ပြန်အသက်သွင်းပြီး HHS ရဲ့ ကြီးကြပ်မှုအောက်မှာ ထားဖို့နဲ့ ကလေးတွေ တက်ကြွစိတ်ဝင်စားလာစေဖို့အတွက် Presidential Fitness Award ကိုပါ ထည့်သွင်းပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနှစ်စာသင်နှစ်ကစပြီ. အစိုးရကျောင်းတွေမှာ အင်္ဂလိပ်စာကိုပဲ အဓိကထား သင်ကြားသွားဖို့ သမ္မတအမိန့်ကို တရားရေးဌာနက အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ Hispanic တွေက အမေရိကန်လူဦးရေရဲ့ ၁၉.၅% ပဲရှိပေမယ့် ကျောင်းတိုင်း အစိုးရဌာနတိုင်းမှာ စပိန်စကားကို ထည့်ပေးနေရတာက အကုန်အကျများတဲ့အပြင် Hispanic အပါအဝင် လူမျိုးစုံအမေရိကန်အများစုနဲ့ ကလေးတွေရဲ့ အင်္ဂလိပ်စာကျွမ်းကျင်ဖို့ကိုတောင် အများကြီးလုပ်ကြရဦးမှာဖြစ်တဲ့အတွက် ရှိသမျှ ရင်းမြစ်တွေကို အဲဒီဘက်ကို ဇောင်းပေးဖို့ စီစဥ်လိုက်တဲ့သဘောပါပဲ။ မြန်မာတွေ ထိုင်း၊ မလေး၊ ဂျပန်၊ ကိုရီးယား၊ ဂျာမဏီ ဘယ်ကိုပဲ နှစ်ရှည်လများသွားသွား ဒေသန္တရဘာသာကို အရင်လေ့လာပြီးမှ သွားကြတာမျိုးပါပဲ။ သူများနိုင်ငံသွားပြီး မင်းတို့စကား ငါမပြောဘူး၊ ငါ့စကားပဲပြောမယ်၊ မင်းတို့ဘက်က အဆင်ပြေအောင် လုပ်ပေးလို့ တောင်းဆိုလို့ မရကောင်းပါဘူး။ အမေရိကန်က အင်္ဂလိပ်လိုပြောတာဆိုတော့ ကမ္ဘာမှာ အသုံးနဲတဲ့ ဘာသာစကားကို သင်ရတာထက်တော့ အများကြီးလွယ်မှာပါ။
ဖက်ဒရယ်ရီဆာ့ဗ်က အဆောက်အဦတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ ၂၀၂၁က ၁.၉ဘီလီယံဘတ်ဂျက်ဟာ ၂၀၂၄မှာ ၂.၅ဘီလီယံဖြစ်သွားပြီး ပြီးခဲ့တဲ့အပတ်က သမ္မတထရမ့် သွားရောက်စစ်ဆေးချိန်မှာ ၃.၁ဘီလီယံကုန်မယ်လို့ မှန်းထားတာတွေ့ခဲ့ရပါတယ်။ အဲဒါကို ဥက္ကဋ္ဌ ပေါင်းဝဲလ်က မသိနေတာကိုလည်း တွေ့လိုက်ရပါတယ်။ သာမာန်အဆောက်အဦ ပြုပြင်ထိန်းသိမ်းရုံ ဆိုတာထက် ကြီးကျယ်ခန်းနားလှတဲ့ ညစာစားပွဲ ခန်းမကြီးတွေ၊ ပုဂ္ဂလိကဓါတ်လှေကားတွေနဲ့ ခေါင်မိုးပန်းခြံတွေပါ ထပ်ထည့်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဈေးအကြီးဆုံးထဲက နေရာတခုဖြစ်တဲ့ ဆီလီကွန်ဗယ်လီက Apple Park ဆိုတဲ့ လူပေါင်း ၁၂၀၀၀ အနည်းလေး အလုပ်လုပ်နိုင်တဲ့ ပန်းသီးဌာနချုပ်သစ်ကို ဆောက်တာတောင် ၅ဘီလီယံပဲ ကုန်တာပါ။
ထရမ့်က ဆောက်လုပ်ရေးလုပ်လာတဲ့သူဆိုတော့ ဘယ်လိုအဆောက်အဦ ဘယ်လိုပြင်ရင် ဘယ်လောက်ကုန်မယ်ဆိုတာလောက်တော့ ကောင်းကောင်းသိသလို မကုန်သင့်တာ ကုန်ရင်လည်း ငြိမ်မနေတတ်တဲ့သူဆိုတော့ ကိုယ်တိုင်ကို သွားစစ်ခဲ့တာပါ။ အဲဒါကို လူနည်းစုခေါင်းဆောင် ရှူးမားက သူများကျတော့ပြောတယ်၊ သူကျတော့ အိမ်ဖြူမှာ သန်း၂၀၀ကုန်ကျမယ့် လူ၆၅၀ဆန့် grand ball room ထည့်မယ်ဆိုတော့ မင်းတို့ကွန်ဂရက်စ်က မကန့်ကွက်ကြဘူးလားလို့ ထေ့ပါတယ်။ အိမ်ဖြူမှာက လူ၂၀၀ဆန့်တဲ့ခန်းမပဲရှိတာက သေးလွန်းနေတာကို သမ္မတအဆက်ဆက် ပြောခဲ့ကြပေမယ့် ဘယ်သူကမှ ပြဿနာဖြေရှင်းဖို့ မကြိုးစားခဲ့ကြပါဘူး။ ထရမ့်က အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေသူဆိုတော့ ပြည်ထောင်စု နှစ် ၂၅၀မွေးနေ့မတိုင်ခင် လက်ဆောင်အနေနဲ့ သူကိုယ်တိုင်ရော တခြားအလှူရှင်တွေပါ ဒီ ball room ကုန်ကျစရိတ်ကို ဝိုင်းဝန်းလှူဒါန်းကြမှာကို ရှူးမားမသိလိုက်ပါဘူး။
တကယ်တော့ မှန်းတာထက် အများကြီးပိုကြာ၊ အများကြီးပိုကုန်တာတွေက ဝါရှင်တန်/ နိုင်ငံရေး လောကမှာ အဆန်း မဟုတ်ပါဘူး။ ကာလီဖိုးနီးယားက ဟိုင်းစပိရထားလမ်းဆိုရင် ၂၀၀၈ကတည်းက ၃၃ဘီလီယံဘတ်ဂျက်နဲ့ စလိုက်တာ ခုထိ ဘာအကောင်အထည်မှ လောက်လောက်လားလား မပြနိုင်ပဲ ၁၂၈ ဘီလီယံ ကုန်ခဲ့ပြီးပါပြီ။ ပေးသမျှ ဇီးသီးဗန်း မှောက်ကုန်တာကြောင့် ထရမ့်က ထပ်မပေးတော့ လူဆိုးလို ပုံဖျက်ကြပြန်ပါတယ်။ စစ်မှုထမ်းဟောင်းဌာနမှာလည်း ဆေးမှတ်တမ်းတွေကို ကွန်ပြူတာ စနစ်နဲ့ ထားဖို့လုပ်တာက မှန်းခြေထက် ၃၃.၇ဘီလီယံ ပိုကုန်သွားသလို နယူးယောက်က LIRR ရထားလိုင်းတဖြတ်ကို ပြန်ဖော်တာက သန်း၄၀၀မှန်းတာကနေ ၁.၄ဘီလီယံ ကုန်ကျသွားပါတယ်။ လူတွေ ဘာကြောင့် အာဏာမက်ကြတယ်ဆိုတာ အဲဒါပါပဲ။ နည်းမျိုးစုံနဲ့ ခိုးလို့ရနေလို့ပါ။
အက်ဖ်ဘီအိုင်ဒါရိုက်တာ ကက်ရှ်ပတဲလ်က ထရမ့်-ရုရှားလုပ်ဇတ် ဘယ်ကစတယ်ဆိုတာနဲ့ ပတ်သက်တဲ့ ထောင်နဲ့ချီတဲ့ အထောက်အထား စာရွက်စာတမ်းတွေကို လျို့ဝှက်အခန်းထဲက ဖျက်ဆီးဖို့ထားလေ့ရှိတဲ့ ပုံးတွေထဲမှာ တွေ့ရှိခဲ့ပြီး ဆီးနိတ်တရားရေးကော်မီတီဥက္ကဋ္ဌ ချပ်ခ်ဂရပ်စ်လီထံ လွှဲပြောင်းပေးခဲ့ပြီး အဲဒီကနေမှ ပြည်သူကို ချပြမှာဖြစ်ပါတယ်။ တွေ့ရှိတဲ့ထဲမှာ ရုရှားပရုဘ်အတွက် စပယ်ရှယ်ကောင်ဆယ်လ် ဂျွန်ဒါဟမ်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာပါတဲ့ လျှို့ဝှက်နောက်ဆက်တွဲ ပါဝင်ပါတယ်။
အရင်ကလျို့ဝှက်လုပ်ထားတာတွေကို ပြန်ဖွင့်ပြီးတဲ့နောက် ထွက်လာတာက ရုရှားဂိတ်အရှုပ်တော်ပုံမှာ ဆိုရော့စ်ကွန်ယက်က ထိပ်တန်းအရာရှိတယောက်က အဲဒီအရှုပ်တော်ပုံအစကတဲက ပါဝင်နေတယ် ဆိုတာပါ။ ဆီနိတ်တာဂရပ်စ်လေ ထုတ်ပြန်တဲ့ လျို့ဝှက်ဖိုင်ဟောင်းတွေကို Just the News က ရှာဖွေခဲ့ရာမှာ ဆိုရော့စ်ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖောင်ဒေးရှင်းက အရာရှိကြီးတဦးဖြစ်တဲ့ လီယိုနတ် ဘာနာဒိုနဲ့ သမ္မတရကပွဲဝင် ဟေလာရီကလင်တန်ရဲ့ နိုင်ငံခြားရေးပေါ်လစီအကြံပေး ဂျူလီယန်းစမစ်သ် တို့ဟာ ထရမ့်ကို ရုရှားအရှုပ်တော်ပုံဖန်တီးစွပ်စွဲတဲ့ကိစ္စမှာ ပါဝင်ခဲ့ပြီး အက်ဖ်ဘီအိုင်ကလည်း အကူအညီလိုရင်ပေးဖို့ အသင့်ပဲဆိုတာကို အသိအမှတ်ပြုထားတဲ့ စာလည်း ပါဝင်တာ တွေ့ခဲ့ရပါတယ်။
ထရမ့်နဲ့ ရုရှား ပတ်သက်တယ်ဆိုတဲ့ သက်သေအထောက်အထား ဘာတခုမှ မရှိသော်ငြားလည်း သူတို့ ဖန်တီးရသလောက်ကို အက်ဖ်ဘီအိုင်ရဲ့ လက်တံတွေဖြစ်တဲ့ ခရောက်စထရွိုက်နဲ့ သရက်ထ်ကွန်နက် ကုမ္ပဏီတွေကနေတဆင့် လက်ဝေခံသတင်းဌာနကြီးတွေဆီ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ရုရှားတွေက ဒီအန်စီကို ဟက်ခ်လုပ်ခဲ့တာ အမှန်ဖြစ်တော့ ထရမ့်ဘက်က ဝင်ကူတယ်ဆိုတာမျိုးကိုပါ ရောထဲ့ခဲ့ကြတာပါ။ တကယ်လို့သာ ရုရှားက ထရမ့်နိုင်စေချင်ရင် သူတို့တွေ့ရှိထားတဲ့ ဟေလာရီအကြောင်းတွေကို အမေရိကန်တွေသိအောင် ဖောက်ချရမှာဖြစ်ပါတယ်။ ဟေလာရီက ထရမ့်ကို အကောက်ကြံဖို့ ဂျူလီရဲ့ အိုင်ဒီယာကို လက်ခံအတည်ပြုလိုက်ခြင်းဖြင့် အဲဒီတုန်းက ဟော့ဖြစ်နေတဲ့ သူ့ရဲ့ အီးမေးဖျောက်ဖျက်မှု အရှုပ်တော်ပုံကနေ လူတွေကို အာရုံလွှဲနိုင်ဖို့လည်း မျှော်လင့်ထားတာပါ။