သမ္မတထရမ့်က လှိုင်းအကြီးစားလာမယ်လို့ ပြောထားသလိုပဲ အစ္စရေးလေတပ်က အီရန်ထဲကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုလှိုင်းအသစ် စတင်လိုက်ပြီလို့ ကြေငြာသွားပါတယ်။ US ကလည်း B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဥ်တွေနဲ့ အီရန်တလွှားက IRGC command and control နေရာတွေ၊ လက်နက်တိုက်တွေ၊ ဒုံးကျည်တပ်ဆင်တဲ့ စက်ရုံတွေ စတဲ့ပစ်မှတ်တွေကို ဗုံးမိုးရွာပေးနေပါပြီ။ B-2 ကို သုံးရတဲ့အကြောင်းက အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်/တပ်ဆင်/သိုလှောင် စတဲ့နေရာတွေက သံကူ ကွန်ကရစ်လို အမာခံပစ္စည်းတွေနဲ့ ဆောက်ထားတာဖြစ်လို့ ထိုးဖောက်အားကောင်းပြီး အထဲရောက်မှ ပေါက်ကွဲစေတဲ့ bunker-buster ဗုံးတွေ သုံးရတာကြောင့်ဖြစ်ပါတယ်။
ဒါ့အပြင် ကန်လေတပ်က long-range subsonic jet-powered strategic bomber ဖြစ်တဲ့ ဗုံးပေါင်ချိန် ၇သောင်းအထိ တင်ဆောင်နိုင်ပြီး မိုင် ၈၈၀၀ ကို ဆီထပ်ဖြည့်စရာမလိုပဲ တိတ်တိတ် မြန်မြန် သွားနိုင်တဲ့ B-52 Stratofortress တွေပါ ထုတ်သုံးလာပါပြီ။ B-52 တွေကို မူလနာမည်နဲ့ သိပ်မသိကြပဲ Big Ugly Fat F-cker/Fella (BUFF) လို့ သိကြပါတယ်။ B-52 က ကိုယ်ပျောက်မဟုတ်တဲ့အတွက် လေကြောင်းကာကွယ်ရေးစနစ်တွေကို ဖြိုဖျက်ပြီးမှသာ ထုတ်သုံးကြတာဖြစ်လို့ အီရန်က အကာအကွယ်မဲ့သွားပြီလို့ ပြောလို့ရပါတယ်။ ခုထိ အမေရိကန်က ပစ်မှတ်ပေါင်း ၁၇၀၀ကျော်ကို ပစ်ခတ်ခဲ့ပြီး နောက်ထပ် ၃၀၀ ထပ်ထည့်ထားပါတယ်။ အီရန်မှာ ဒရုန်းပေါင်း ၈သောင်းလောက် ကျန်သေးပြီး တနေ့ကို ၄၀၀ ဆက်ထုတ်လုပ်နေဆဲပါ။
ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေ ကုန်သင်္ဘောတွေအပါအဝင် သင်္ဘော ၇၀၀လောက် ပိတ်မိနေတာဖြစ်လို့ သမ္မတထရမ့်က အမေရိကန်ရေတပ်အစောင့်အကြပ်နဲ့ အဆိုပါသင်္ဘောတွေ ထွက်ခွာနိုင်အောင် လုပ်ပေးဖို့နဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအတွက် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ ဖက်ဒရယ်က အာမခံထားပေးဖို့ အမိန့်ပေးထားကြောင်း သိရပါတယ်။ ခုလိုမရေရာတဲ့ အခြေအနေမှာ ပုဂ္ဂလိကအာမခံတွေက risk မယူရဲကြတဲ့အတွက် အစိုးရက အာမခံရောင်းပေးဖို့ ညွှန်ကြားထားတာပါ။ US Development Finance Corporation (DFC) က ရေကြောင်းကုန်သွယ်မှု (အထူးသဖြင့် စွမ်းအင်) အတွက် political risk insurance & guarantees ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးဖို့ ဖြစ်ပါတယ်။
စစ်ဆင်ရေးဒုတိယနေ့က ရှင်းလင်းခံရတယ်လို့ သတင်းထွက်လာတဲ့ အလီခါမေနီရဲ့ အကြီးဆုံးသား အသက် ၅၆နှစ်ရှိ Mojtaba Khamenei ကို အီရန်ရဲ့ ဆူပရင်းမ်လီဒါအဖြစ် ရွေးချယ်ထားတယ်လို့ နယူးယောက်ပို့စ်က အစ္စရေးမီဒီယာတွေကို ကိုးကားပြီးတင်ပြထားပါတယ်။ အီရန်ဘက်က တရားဝင် မကြေငြာသေးပါဘူး။ အီရန်က ရှားမင်းဆက်ကို ဖြုတ်ချထားတာဖြစ်တော့ နန်းဆက်လိုမျိုး ဖခင်ရဲ့ အရိုက်အရာကိူ သားက ဆက်ခံတယ်ဆိုတာ မူအားဖြင့်လက်မခံထားပေမယ့် အာဏာရှင်နိုင်ငံမှာ နောက်ကျောလုံဖို့အတွက် ယုံကြည်မှုက အရေးကြီးတာရယ် ဖားချင်တာရယ် ကြောက်တာရယ်ကြောင့် ဒီပုံစံ ဝင်သွားကြတာပါပဲ။ (တကယ်သေတာဆိုရင် ခန့်ဖို့မဖြစ်နိုင်ပေမယ့် ခါမေနီထောက်ခံသူတွေရဲ့ အားကို စုစည်းဖို့အတွက် မျက်လှည့်ပြထားတာလည်း ဖြစ်နိုင်ပါတယ်။)
အဲဒီမတိုင်ခင်ကသတင်းမှာ အစ္စရေးတပ်တွေက အယာတိုလာအသစ်ကို မဲပေး ရွေးချယ်နေတဲ့ တီဟီရန်တောင်ပိုင်းက ဆူပရင်းမ်ကောင်စီရှိရာ အဆောက်အဦကို တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုမှာ မဲရေနေတဲ့ အရာရှိ အတော်များများ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သူတို့က ထိပ်ပိုင်းအရာရှိတွေ မူလာတွေတော့ မဟုတ်ကြပါဘူး။ မနေ့က အသတ်ခံရတဲ့ထဲမှာ အီရန်ယာယီကာဝန် ဗိုလ်ချုပ်ကြီး Majid ibn al-Reza ပါဝင်သွားပြီး လက်ဘနွန်က Muslim Brotherhood ရုံးချုပ်လည်း ဖျက်ဆီးခံလိုက်ရပါပြီ။
အယာတိုလာရဲ့ လက်ထောက်တဦးဖြစ်တဲ့ Dr. Abdul Majid Hakeem Ilahi ဟာ အမေရိကန်နဲ့ စကားပြောဖို့ အဆင်သင့်ရှိနေကြောင်း၊ ဒါပေမယ့် သူတို့ကို ဘာမလုပ်ရ ညာမလုပ်ရဆိုတဲ့ စည်းကမ်းချက်တွေ ထားပြီးမှ စကားပြောမယ်ဆိုရင် လက်မခံနိုင်ကြောင်း၊ သူတို့ဟာ အခြားနိုင်ငံတွေရော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ လိုက်လျောညီထွေရှိချင်ပါကြောင်း၊ အခုလည်း ကိုယ့်ကိုယ်ကို ကာကွယ်နေတာသာဖြစ်ကြောင်းပြောသွားပါတယ်။
Ilahi ကို NDTV က သမ္မတထရမ့်က အိုမန်ကနေတဆင့် အီရန်ဘက်က စကားပြောဖို့ ကမ်းလှမ်းလာတာကို အတည်ပြုဖို့မေးရာမှာတော့ သူတို့က အရင်ကလည်း စကားပြောခဲ့တာ ဖြစ်တော့ ခုထပ်ပြောလည်း ထူးခြားမယ်လို့ မထင်ကြောင်း၊ အမေရိကန်ကိုလည်း ယုံကြည်မှုမရှိကြောင်း ပြောင်းပြောပြန်ပါတယ်။ Ilahi က မနေ့ကလည်း သူတို့က ခါမေနီကို လုံခြုံတဲ့နေရာကို ရွှေ့ဖို့ တိုက်တွန်းခဲ့ပေမယ့် ခါမေနီက ပြည်သူ သန်း၉၀လုံးကို လုံခြုံတဲ့နေရာရွှေ့ပြီးမှ သူရွှေ့မယ်လို့ ပြောခဲ့ကြောင်း ပြောပြီး မျက်ရည်ခြူခဲ့သူဖြစ်ပါတယ်။ ပြည်သူ့အသက် အဲဒီလောက် တန်ဖိုးထားရင် တလကျော်အတွင်း အပြစ်မဲ့ပြည်သူ ၃သောင်းကျော် သတ်တာတွေ ဖြစ်လာပါ့မလားဆိုတာ စဥ်းစားစရာပါ။
အီရန်ရဲ့ Quds Force Commander Esmail Qaani ကို မော့ဆက်နဲ့ဆက်နေနိုင်တယ်လို့ သံသယရှိမှုနဲ့ သူ့ရဲ့တပ်ကပဲ ကြိုးပေးကွက်မြက်ခံရတယ်လို့ သတင်းတွေ ထွက်နေပါတယ်၊ ဘယ်သတင်းဌာနကမှတော့ အတည်မပြုထားသေးပါဘူး။ ဗိုလ်မှူးချုပ်အစ္စမိုင်ကာနီက ဆိုလေမာနီကို ဆက်ခံသူ ဖြစ်သလို IRGC ရဲ့အမြင့်ဆုံး Quds Force ရဲ့ အကြီးအကဲဖြစ်ပါတယ်။ သံသယဝင်လာရတာက သူဟာ ခါမေနီအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ သုတ်သင်ရှင်းလင်းခံရတိုင်း သူက အဲဒီလူတွေနဲ့ အတူတူ ရှိခဲ့ပေမယ့် ကပ်သီပြီး လွတ်နေခဲ့လို့ ဖြစ်ပါတယ်။ ဒီသတင်းမှန်တယ်ဆိုရင်တော့ အထဲမှာ အတော်လေးခြောက်ခြားနေကြတဲ့ လက္ခဏာပါပဲ။
အီရန်တွေလုပ်သမျှ အစ္စရေးနဲ့ အမေရိကန်က သိနေတယ်ဆိုတာ အတွင်းလူတွေကြောင့်လည်း ဖြစ်နိုင်သလို မီးပွိုင့်တွေကြောင့်လည်း ဖြစ်နိုင်ကြောင်း Financial Times မှာ ဖော်ပြထားပါတယ်။ အာဏာရှင်တွေမှာ ကျောမလုံတဲ့ရောဂါရှိတဲ့အတွက် ပြည်သူဘာလုပ်လုပ် အကုန်သိနေအောင် ကြိုးစားကြတာပါ။ တရုတ်၊ အီရန် စတဲ့နိုင်ငံတွေမှာ မီးပွိုင့်တွေမှာတပ်ထားတဲ့ ကင်မရာတွေကနေ တမြို့လုံး၊ တပြည်လုံးက အရေးပါတဲ့ နေရာတိုင်းကို စောင့်ကြည့် နေကြတာဖြစ်လို့ တခုခုပုံမှန်မဟုတ်ရင် တန်းသိနိုင်သလို သူတို့သိချင်တဲ့ လူတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း လူက နောက်ယောင်ခံလိုက်နေစရာမလိုပဲ သိနိုင်နေတာဖြစ်ပါတယ်။
ပြဿနာက ဆော့ဖ်ဝဲနဲ့အလုပ်လုပ်တဲ့ စနစ်တွေတိုင်းဟာ ဟက်ခ်လုပ်လို့ရတဲ့အတွက် မော့ဆက်က နှစ်အတန်ကြာကတဲက တီဟီရန်ရဲ့ လမ်းတွေကို ကိုယ်နေနေကျနေရာလို ကောင်းကောင်းသိနေတာပါ။ မော့ဆက်ဟက်ခ်ထားတာကို အီရန်တွေ သိပုံမရပါဘူး။ အဆင့်မြင့် AI နဲ့ algorithm တွေကို အသုံးပြုပြီး ခါမေနီရဲ့ သက်တော်စောင့်တပ်တွေ၊ သူတို့လိပ်စာ၊ တာဝန်ချိန်၊ သွားနေကျလမ်း၊ ရပ်နေကျကားနေရာ၊ ခါမေနီအိမ်ဝန်းထဲ ဝင်ချိန်၊ ထွက်ချိန် အစရှိတဲ့ အချက်အလက်တွေကို အချိန်ယူစုဆောင်းနေခဲ့တာပါ။ အဲဒါကြောင့်လည်း စစ်ဆင်ရေးစစချင်း ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဝင်ရှင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူကို စောင့်ကြည့်ဖို့ ဘီလီယံနဲ့ချီ အကုန်ခံထားတဲ့စနစ်က အဆုံးမှာ သူတို့ အရှင်းခံရဖို့ဖြစ်နေတာပါ။
အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ စကားရှိပေမယ့် ထရမ့်လက်ထက် အမေရိကန်နဲ့ အစ္စရေးတပ်တွေဟာ တခြားနိုင်ငံစစ်တပ်တွေနဲ့ယှဥ်ရင် အရပ်သားထိခိုက်မှုကို တတ်နိုင်သလောက် အနည်းဆုံးဖြစ်အောင် သတိထားတိုက်ခိုက်ကြတာကို တွေ့ရမှာပါ။ လူ့အသက်ကို တန်ဖိုးမထားတဲ့ အာဏာရှင်တွေ အာဏာရှင်လမ်းကိုသွားချင်တဲ့ ကမ္ဘာ့ရွာသမားတွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ ထရမ့်တို့ ဘီဘီတို့အနေနဲ့ အပြစ်မဲ့အရပ်သားတွေထိခိုက်တာကို ထည့်မစဥ်းစားရင် ဒီထက်မြန်မြန် ပွဲသိမ်းလိုက်လို့ ရပါတယ်။ ဒါပေမယ့် အီရန်ကတော့ အကာအကွယ်မရှိတဲ့ အရပ်ဘက်ပစ်မှတ်တွေကို ရွေးပြီး ဦးတည်တိုက်ခိုက်လာပါတယ်။
အီရန်က ဆော်ဒီအရပ်ဖက်ပစ်မှတ်တွေကို ထိချင်ရာထိသဘောနဲ့ ဆက်လက်တိုက်ခိုက်နေခဲ့လို့ ဆော်ဒီက အီရန်ထဲကို ပတမဆုံးလေကြောင်းတိုက်ခိုက်မှုတွေ စတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ပထမဆုံးတိုက်ခိုက်ခံရတာက ရီယာ့ဒ်မြို့လယ်က အမေရိကန်သံရုံးဖြစ်ပြီး နောက်တခုက Ras Tanura ရေနံချက်စက်ရုံဖြစ်ပါတယ်။ ထရမ့်ပထမသက်တမ်းအတွင်းမှာ Abraham Accords နဲ့ အစ္စရေးကို EUCOM ကနေ အမေရိကန်ထိန်းချုပ်တဲ့ CENTCOM အောက်ကို ရွှေ့ပစ်ခဲ့ပြီး အစ္စရေးနဲ့ အာရပ်နိုင်ငံတွေ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ယခုအချိန်မှာ ပင်လယ်ကွေ့နိုင်ငံတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ လွယ်ကူလာတာပါ။ UAEကိုတော့ US လုပ် Patriot လေကြောင်းကာကွယ်ရေးစနစ်က အီရန်ဒုံးကျည် တထောင်ကျော်ကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
စပိန်က အီရန်ကို စစ်ဆင်နေတဲ့ အမေရိကန်တပ်တွေအတွက် သူတို့ရဲ့ စစ်စခန်းတွေကို ပေးသုံးဖို့ ငြင်းဆိုလိုက်တာကြောင့် အမေရိကန်တပ်နဲ့ ယာဥ်ယန္တရားတွေ စပိန်ကစခန်းတွေကို စွန့်ခွာလာကြပြီ ဖြစ်ပါတယ်။ သမ္မတထရမ့်က စပိန်မှာ ငါတို့လိုအပ်တာ ဘာမှမရှိလို့ ကုန်သွယ်ဘက်အဖြစ် မလိုအပ်ဘူး စပိန်နဲ့ ကုန်သွယ်မှုရပ်ဆိုင်းတယ်လို့ တုန့်ပြန်လိုက်ပါတယ်။ ဂရိကတော့ ဆိုက်ပရပ်စ်က စစ်စခန်းကို တိုက်ခိုက်ခံရအပြီးမှာအမေရိကန်ဘက်က ဝင်တိုက်ပေးဖို့ စစ်သင်္ဘောလွှတ်ထားပါပြီ။
ဂျာမဏီဝကခလည်း သမ္မတထရမ့်နဲ့ လာတွေ့နေပါပြီ။ တိတ်နေတဲ့ ပြင်သစ်သမ္မတမက်ခရွန်က လက်ရှိဒေသတွင်း အကြပ်အတည်းက အစ္စလာမ္မစ်ရီပါ့ဘလစ်ကြောင့်လို့ ပြောသွားပြီး UAE ကောင်းကင်မှာ Rafale jet တွေနဲ့ ကင်းလှည့်ပေးနေပါပြီ။ မဟာမိတ်ဆိုသူတွေအတွက် ထရမ့်ရဲ့ မက်ဆေ့ချ်က “ယဥ်ကျေးမှုပျက်သုဥ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ ရှေ့တိုးပြီး ပူးပေါင်းရင်ပူးပေါင်း၊ မဟုတ်ရင် ထွက်၊ ခြံစည်းရိုးပေါ် ခွထိုင်နေတဲ့လူတွေကို ချိုချိုသာသာ ပြောနေရမယ့်အချိန်မဟုတ်ဘူး” ဆိုတာပါပဲ။
အီရန်ဝါဒဖြန့်လက်တံတွေက အယာတိုလာခါမေနီသေတာကို လူတွေဝမ်းနည်းကြောင်း ပြသနေပေမယ့် ငိုပုံတွေ ဟစ်ကြွေးပုံတွေက တပုံစံတည်းညီညာနေကြတာ မ/ကိုရီးယားက ခေါင်းဆောင်ကြီး သေတုန်းက ငိုပွဲလုပ်ကြသလိုဖြစ်နေပါတယ်။ အယာတိုလာအသစ်ကတော့ အသုဘအခမ်းအနားအတွက် စာရင်းမဝင်သေးဘူးထင်ပါရဲ့။
အီရန်အမျိုးသမီးဘောလုံးအသင်း မနေ့က အာရှဖလား ဖွင့်ပွဲမှာ မကစားခင် နိုင်ငံဝောာ်သီချင်း လွှင့်စဥ်မှာ လိုက်မဆိုကြပဲ အသံတိတ်ဆန့်ကျင်မှု ပြသခဲ့ကြကြောင်း သိရပါတယ်။ လက်ရှိ နိုင်ငံတော်သီချင်းက ခိုမေနီတက်လာပြီးမှ အစ္စလာမ်နဲ့ ဆိုင်တာတွေထည့်ပြီး အသစ်ရေးထားတာပါ။ အစ္စလာမ်ဟာ ပါးရှန်းတွေ အစဥ်အလာကိုးကွယ်ခဲ့တာ မဟုတ်သလို အလံပေါ်က အာရေဗျစာတွေ ကလည်း ပါးရှန်းစကားဖြစ်တဲ့ ဖာစီဘာသာနဲ့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာသာရေးဟာ လူတွေကို မှိုင်းတိုက်ရအလွယ်ဆုံးနဲ့ ထိန်းချုပ်လို့အကောင်းဆုံး လက်နက် ဖြစ်လေတော့ သူတို့ရဲ့ နှစ်ထောင်ချီ ခမ်းနားခဲ့တဲ့ မိရိုးဖလာယဥ်ကျေးမှုအစား အာရပ်မူစလင်တွေရဲ့ အစဥ်အလာတွေကို ယူသုံးနေခဲ့တာပါ။ ဘာသာရေးခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင် တူတူပဲဆိုတော့ ဝေဖန်မိရင်တောင် ငရဲကြီးတော့မယ်လို့ ယုံကြည်လာအောင် မောင်းထားကြတာပါ။ ရှားဘုရင်လက်ထက်မှာ လာဘ်စားမှုတွေ ဘယ်လိုတောင် ကျယ်ပြန်ခဲ့ကြောင်း အစ္စလာမ္မစ်အစိုးရရဲ့ လက်တံတွေ ပြောနေကြပေမယ့် အခုတီဟီရန်အစိုးရလိုမျိုး ကိုယ့်ပြည်သူကိုယ် ဖိနှိပ်သတ်ဖြတ်တာတွေ မရှိခဲ့သလို တိုင်းပြည်က တိုးတက်လွတ်လပ်ခဲ့တာ အထင်အရှားပါပဲ။ သမိုင်းဆိုတာ နိုင်တဲ့သူက ရေးတာဆိုတော့လည်း ချင့်ယုံရမှာပေါ့လေ။