Operation Epic Fury (40) Rescue Mission

မနေ့က ကယ်ဆယ်ခဲ့တဲ့ WSO ဟာ ဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပါတယ်။ ရာထူးကို ထည့်ပြောရတာက သူ့ကို ရာထူးကြီးလို့ ရအောင်ကယ်ခဲ့တာကို ပြောချင်တာမဟုတ်ပဲ ဒီရာထူးတွေက အဲကွန်းခန်းထဲကနေ စည်းစိမ်ယစ်မနေပဲ အငယ်တွေနဲ့အတူ အသက်နဲ့ရင်းပြီး စစ်ဆင်းတိုက်နေတာကို မြင်စေချင်တာပါ။ ကယ်ခဲ့တာလည်း ခရစ်ယာန်တွေ သိပ်တန်ဖိုးထားတဲ့ Easter Sunday အစောပိုင်းမှာဖြစ်တော့ အားလုံး အတိုင်းထက်အလွန် ဝမ်းသာနေကြတာဖြစ်ပါတယ်။ သူ့ရဲ့ လေယာဥ်ပျက်ကျတာကနေ ကယ်ဆယ်ပြီးတဲ့အထိ အဖြစ်စုံကို သိထားသလောက်ကို ပုံတွေနဲ့တကွ တင်ပြပေးသွားမှာပါ။ ပုံတွေက မနေ့တနေ့ကပုံတွေ ဟုတ်မဟုတ် မသေချာပေမယ့် မြင်ယောင်ကြည့်နိုင်ဖို့ အထောက်အကူဖြစ်မှာပါ။

WSO က လေယာဥ်ကနေ ခုံနဲ့တကွ ကန်ထွက်သွားပြီး ပြန်ကျလာချိန်မှာ ခြေကျင်းဝတ် ကျိုးသွားခဲ့ ပါတယ်။ မိနစ်ပိုင်းအတွင်း ကယ်ဆယ်ခံခဲ့ရတဲ့ ပိုင်းလော့နဲ့ တူတူမကျလာတာက လေတိုက်နှုန်းရယ် မညီမညာတောင်ထူတဲ့မြေမှာ ဖြစ်နေလို့ပါ။ သူရောက်နေတဲ့ အီရန်အနောက်တောင်ပိုင်း Zagros တောင်တန်းတွေက အီရန်ဘက်က လာရှာရင် မြန်မြန်ဆန်ဆန် တွေ့သွားနိုင်တာဖြစ်လို့ ပထမ ၄နာရီမှာ SERE သင်တန်းမှာ လေ့ကျင့်ထားခဲ့တဲ့အတိုင်း ရန်သူလိုက်ရှာဖို့ ခွေးတွေတက်ဖို့ မလွယ်ကူတဲ့ ပေ၇၀၀၀ မြင့်တဲ့ တောင်ပေါ်ကို ကျောက်တောင်ရိုးကျဥ်းကျဥ်းကနေ အမှောင်၊ အရိပ်၊ အငူ၊ အချိုင့်လေးများ အောက်မှာ ပုန်းကွယ်ရင်း အသည်းခိုက်မတတ်နာကျင်မှုနဲ့အတူ ထော့ကျိုး ထော့ကျိုးနဲ့ ရအောင် တက်ခဲ့ပါတယ်။

ပျက်ကျပြီး ၄နာရီက ၈နာရီအတွင်းမှာတော့ ထောင်ချီတဲ့ ရန်သူတွေက အသည်းအသန် ရှာနေကြပါပြီ။ အာဏာရှင်အလိုတော်ရိသူဌေးတွေက ဒေသခံတွေကို ဒီလူကိုဖမ်းမိရင် ဆုချမယ်ဆိုတာကြောင့်လည်း ဒေသခံပြည်သူတွေပါ ပါဝင်လာလို့ အင်အားများသွားတာပါ။ အမေရိကန်တွေက အဝေးကနေ လှမ်းပစ်ပေးနေသလို electronic warfare လေယာဥ်တွေက ရန်သူရေဒါတွေ ဆက်သွယ်ရေးလှိုင်း တွေကို ဂျမ်းဖြစ်အောင်လုပ်ပြီး အထက်နဲ့အောက် ဆက်သွယ်လို့ မရအောင် လုပ်ထားခဲ့ပါတယ်။ ရန်သူလာနိုင်တဲ့ လမ်းတွေကို ဖောက်ခွဲထားခဲ့လို့ လာဖို့ ကြန့်ကြာစေတဲ့ အပြင် ဖုံလုံးကြီးတွေနဲ့ပါ ဖုံးလွှမ်းထားခဲ့တာပါ။

အဲဒီအချိန်မှာ နေရာက မလုံခြုံသေးတော့ မိခင်တပ်ကို ဆက်သွယ်တာမျိုးလည်း မလုပ်သေးသလို အီရန်ရဲ့ ရှာဖွေရေးဒရုန်းတွေ မမြင်အောင်လည်း သတိကြီးစွာ ရှောင်ခဲ့ရပါသေးတယ်။ ရောင်ပြန်နိုင်တာ မှန်သမျှ ပါလို့မဖြစ်တော့ ဖိနပ်ပါချွတ်ပြီး ကျောက်ခဲတွေဒင်းကြမ်းပြည့်နေတဲ့ ကျောက်တောင်ကို အနာခံပြီး တက်ခဲ့ရတာဖြစ်ပါတယ်။

၈-၁၂နာရီအကြာမှာတော့ ထိုင်ခုံကျခဲ့တဲ့ နေရာနဲ့ ၅မိုင်လောက်အကွာမှာ ရန်သူမရောက်နိုင်၊ ဒရုန်းတွေရန်လည်းနည်းတဲ့ ပုန်းလို့ရတဲ့သဘာဝအချို့င့်/ဂူလေးထဲကိုဝင်၊ အခြေအနေ စောင့်ကြည့်ပြီးမှ တပ်ကို CSEL ဆိုတဲ့ Combat Survivor Evader Locator ကနေ ကိုယ့်တည်နေရာနဲ့ အခြေအနေ၊ ရန်သူ့အခြေအနေ စတာတွေကို ရန်သူမသိနိုင်တဲ့ သတ်မှတ်ကုဒ်နဲ့ ပေးပို့ဆက်သွယ်ခဲ့တာပါ။ အဲဒီအမြင့်မှာ လေထုက ပါးလွှာတော့ အောက်ဆီဂျင်ပါဝင်မှုက ကျလာပါပြီ။ ရန်သူကလည်း ဓါတ်မီးတွေ ခွေးတွေနဲ့ အင်တိုက်အားတိုက် တောနင်းရှာဖွေနေပါပြီ။

၁၂-၂၄နာရီအတွင်းက အီရန်မှာ နေ့ဘက်ဖြစ်လို့ WSO ရော ကယ်ဆယ်ရေးတပ်တွေအတွက်ပါ ပိုအန္တရာယ် များပေမယ့် အချိန်က အရမ်းအရေးကြီးနေတာကြောင့် အီရန်ဘက်က လှုပ်ရှားမှုတိုင်းကို သေချာစောင့်ကြည့်ခဲ့ရသလို ပစ်ကူနိုင်နိုင်ပေးပြီး ကယ်ဆယ်နိုင်ဖို့ ဆက်လက် ကြိုးစားခဲ့ရတာပါ။ အဲဒီမှာ ပစ်ကူပေးတဲ့ A-10 တောဝက်ကြီးက တရုတ်လုပ် ပခုံးထမ်းလောင်ချာ (MANPADS)က ပစ်ခတ်တာ တောင်ပံကို ထိမှန်သွားခဲ့ပြီး လည်ထွက်သွားခဲ့ပါတယ်။ ပိုင်းလော့က ကူဝိတ်ဘက်ကို ရောက်အောင်ပျံနိုင်ခဲ့လို့ အလွယ်တကူ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကယ်ဖို့ကြိုးစားတဲ့ Black Hawk ရဟတ်ယာဥ် ၂စင်းလည်း မြေပြင်ကနေပစ်ခတ်မှုတွေကြောင့် အဖွဲ့ဝင်တွေ ဒဏ်ရာရသွားပေမယ့် ကြမ်းကြုတ်ရက်စက်သွေးဆာနေတဲ့ တောင်တန်းကြီးက အမေရိကန်သွေးကို မသောက်သုံးရသေးပါဘူး။ ကျည်ထိထားတဲ့ ရဟတ်ယာဥ်တွေနဲ့ တပ်သားတွေ ပြန်နားတဲ့အချိန်မှာ HC-130 ရှာ/ကယ်လေယာဥ်တွေက ဝေဟင်မှာတင်ဆီဖြည့်ပြီး ကယ်ဆယ်ဖို့ ဆက်လက်လှုပ်ရှားကြပါတယ်။

WSO က ဆက်သွယ်လာချိန်မှာ CIA က WSO ရဲ့တည်နေရာကို အထက်ကိုသတင်းပို့ပြီး သမ္မတထရမ့်က ကယ်ဆယ်ရေးဆက်လုပ်ဖို့ မီးစိမ်းပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ CIA က အီရန်မှာ  WSO ကို ကယ်ထုတ်ပြီးပြီဆိုတဲ့ သတင်းမှားတွေ ဖြန့်နေခဲ့တာပါ။ အဲဒါကြောင့် မနေ့က သတင်း တွေဟာ ရှင်းလင်းမနေပဲ F-15 က လေသူရဲနှစ်ဦးလုံးကို ကယ်ထုတ်ပြီးပြီလို့ ထင်နေခဲ့ကြတာပါ။

 ၃၀-၃၆နာရီအတွင်းမှာတော့ ပင်လယ်ကွေ့ဘက်က Tomahawk ခရုဇ်ဒုံးကျည်တွေ ပြေးဝင်လာပြီး IRGC ကွပ်ကဲရေးဌာနချုပ်တွေနဲ့ လေယာဥ်ပစ်လက်နက်တွေကို လိမ္မော်ရောင်မီးလျှံတွေအဖြစ် ပြောင်းပြီး အာရုဏ်အတု တက်ပေးခဲ့ပါတယ်။ ရန်သူ့ဒရုန်းတခုက WSOပုန်းနေတဲ့ နေရာနားအထိ ရောက်လာခဲ့လို့ လှိမ့်ခါ တွားခါနဲ့ နေရာရွှေ့ပြီး မမြင်အောင် ပုန်းခဲ့ရပါတယ်။ ကျိုးနေတဲ့ ခြေထောက်က သွေးတွေက ဖုန်တွေအလိမ်းလိမ်းနဲ့ပေါ့။ အဲဒီနောက်မှာတော့ အခက်ခဲဆုံး ရင်အတုန်ရဆုံးအချိန်တွေကို ရောက်လာပါပြီ။

မှောင်မိုက်နေတဲ့ ညအချိန်က အဆင့်မြင့် ညကြည့်ကိရိယာတွေပြည့်စုံတဲ့ အမေရိကန်တွေအတွက် ကယ်လို့အကောင်းဆုံးဖြစ်လို့ Delta Force က အထူးတပ်တွေဟာ ညကြည့် မှန်ဘီလူးတွေတပ်ပြီး MH-6 ရဟတ်ယာဥ်ပေါ်ကနေ ရန်သူ့နယ်မြေထဲ ကြိုးတွေနဲ့ ဆင်းချလာကြပါတယ်။ အဲဒီအချိန်မှာ တောင်ရိုးတခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး IRGC တပ်တွေက သေနတ်တွေ လောင်ချာတွေ ပလူပျံအောင် ပစ်ဖောက်ပြီး အုံနဲ့ကျင်းနဲ့ တက်လာကြပါတယ်။ အမေရိကန်တွေက ရမ်းသမ်းမပစ်ပဲ အသံတိတ်သေနတ်တွေ လက်ပစ်ဗုံးတွေနဲ့ စည်းစနစ်ကျကျ ထိအောင်ရှင်းခဲ့တာပါ။ ရန်သူ့ကျည်တွေက WSO ရဲ့ ခေါင်းနား လက်မအနည်းငယ်အကွာကနေ ဖြတ်သွားခဲ့ပါတယ်။ သူက စစ်မြေပြင်ဆေးအဖွဲ့ရဲ့ ဘေးမှာ ငြိမ်ငြိမ်လေး လှဲနေပေမယ့် ဘေးမှာတော့ တိုက်ပွဲက ပြင်းထန်နေပါတယ်။

WSO ကို သယ်ယူမယ့် ရဟတ်ယာဥ်နိမ့်ဆင်းလာစဥ်မှာ တံခါးဝမှာ ချိတ်ဆွဲလိုက်ပါလာတဲ့ တပ်သားတွေက ဒလစပ် ပစ်ခတ်ခဲ့တဲ့အတွက် ရန်သူတွေ အတုံးအရုံးကျပြီး တောင်ရိုးက ရန်သူ့ သင်္ချိုင်းမြေ ဖြစ်သွားခဲ့ပါတယ်။ ၄၂ နာရီမြောက်မှာတော့ သွေးအလိမ်းလိမ်းနဲ့ပေမယ့် သတိကောင်းကောင်းးရှိနေသေးတဲ့ WSO မင်းသားကြီးက ရဟတ်ယာဥ်ပေါ် ရောက်ရှိသွားခဲ့ပါပြီ။ သူ့ရဲ့အသက်ကို မဝါးမြိုလိုက်ရလို့ ကျိတ်မနိုင်ခဲမရဖြစ်နေတဲ့ တောင်ကြီးကို နောက်ဆုံးအကြိမ် ကြည့်ရင်း လိုက်ပါလာခဲ့တာ ဧပြီ ၅ရက်ထဲဝင်ချိန်မှာ ဘေးကင်းရာကို ရောက်ရှိခဲ့ပါပြီ။

သမ္မတထရမ့်ကို အချိန်နဲ့တပြေးညီ သတင်းပို့နေခဲ့တဲ့အတွက် ကယ်ဆယ်အပြီးမှာ ကင်မရာရှေ့ထွက်ပြီး “ဒီဟာက ငါတို့နိုင်ငံရဲ့သမိုင်းမှာ အစွန့်စားရဆုံးရှာဖွေကယ်ဆယ်ရေးတွေထဲက တခုပဲ”လို့ ပြောသွားပါတယ်။ ကိုယ့်ရဲ့ တိုက်ဖော်တိုက်ဖက် ညီအကိုကို သွေးဆာနေတဲ့ ရန်သူ့နယ်မြေမှာ မထားခဲ့နိုင်တဲ့ အမေရိကန်တွေရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒ၊ ရဲစွမ်းသတ္တိနဲ့ နည်းပညာတွေကို မျှတစွာ ရောသမမွှေပြီး ၄၈နာရီကြာ စွန့်စားအားထုတ်ခဲ့မှုက သမိုင်းတွင်သွားခဲ့ပါပြီ။ နောင်နှစ်ပေါင်းများစွာ ပြောစမှတ်ဖြစ်ကျန်ရစ်တော့မှာပါ။

ဒီမစ်ရှင်ကို လွယ်လွယ်နဲ့ အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ လူရာကျော်နဲ့ ရဟတ်ယာဥ် လေယာဥ်များစွာ သုံးထားခဲ့တာအပြင် C-130 လေယာဥ် ၂စင်းနဲ့ ရဟတ်ယာဥ် ၄စင်းကိုပါ ထားခဲ့ရတဲ့အတွက် ကုန်ကျစားရိတ် သန်း ၃၀၀လောက်ထိ ဖြစ်သွားခဲ့ပါတယ်။ အမေရိကန်တွေက Kolah Ghazi National Park နားမှာ ယာယီလေယာဥ်ပြေးလမ်းပြုလုပ်ပြီး Air Force Special Operations Command ရဲ့ AFSOC C-130 ၂စင်းကနေ MH-6 little bird ရဟတ်ယာဥ် ၄စီးကို ချပေးခဲ့တာပါ။ အဲဒီထဲက ရဟတ်ယာဥ်တစီးက တောင်ထိပ်ကို ပျံတက်ပြီး WSO ကို ကယ်ယူကာ C-130 လေယာဥ်ကြီး ၂စီးရှိတဲ့ ပြေးလမ်းဆီ ပြန်ခေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် C-130 လေယာဥ်ကြီးတွေရဲ့ နှုတ်သီးတွေက မြေကြီးထဲ နစ်နေတဲ့အတွက် နာရီအနည်းငယ်အကြာမှာ AFSOC Dash-8 လေယာဥ် ၃စင်းကိုလွှတ်ပြီး WSO နဲ့တကွ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ခန့်ကို ခေါ်ယူခဲ့ရတာပါ။ C-130 ၂စင်းနဲ့ MH-6 ၄စင်းကိုတော့ ရန်သူလက်ထဲ မကျအောင် ဖောက်ခွဲဖျက်ဆီးခဲ့ရပါတယ်။ အီရန်တွေက အမေရိကန်တွေရဲ့ MQ-9 reaper ဒရုန်း ၂ခုကို ပစ်ချခဲ့ပါတယ်။

 အီရန်တပ်တွေက လခြမ်းနီ(ကြက်ခြေနီ) လူနာတင်ယာဥ်ကို အသုံးပြုအယောင်ပြပြီး WSO နားကို ချဥ်းကပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါက perfidy လို့ခေါ်ပြီး ဂျနှီဗာကွန်ဗန်းရှင်းက တားမြစ်ထားတာ ဖြစ်လို့ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ကယ်ပြီးသွားပြီဆိုတော့လည်း ဒီစစ်သားတယောက်ကို ကယ်ဖို့နဲ့ သူတို့ရဲ့ အချုပ်အခြာ အာဏာတွေ၊ ဂုဏ်သိက္ခာတွေနဲ့ မြေပိုင်မှုကို ချိုးဖောက်ခဲ့တယ်၊ ကိုယ့်မြေပေါ်က ရန်သူကိုတောင် ရအောင် မဖမ်းနိုင်တဲ့နိုင်ငံဟာ ဘာသုံးလို့ရမလဲ၊ သမိုင်းမှာ အစွန်းထင်သွားခဲ့ပြီလို့ စွပ်စွဲညဥ်းညူ နေကြပါတယ်။ အစောပိုင်းကလည်း WSO ချွတ်ထားခဲ့တဲ့ အတွင်းခံကို ရှာတွေ့လို့ အောင်ပွဲခံနေကြသေးတာပါ။ ပြတိုက်မှာ ပြဖို့ သိမ်းချင်လည်းသိမ်းပေါ့၊ အတွင်းခံအကောင်းကိုတော့ ချွတ်ခဲ့မယ်မထင်ပါဘူး။ တချို့ကလည်း ဖမ်းမိထားတဲ့စစ်သားကို သူတို့လူတွေနဲ့ လဲမယ်ဆိုတဲ့ ဝ မရှိပဲ ဝိလုပ်ချင်တဲ့ ဇတ်လိမ်တွေ ဖြန့်ကြပါတယ်။

ဒီစစ်ပွဲမှာ gamechanger ဖြစ်သွားခဲ့တာက အမေရိကန်တွေ ထုတ်မပြခဲ့တဲ့ လျှို့ဝှက် soft-kill လက်နက်ကြောင့်လို့ ဆိုကြပါတယ်။ Black Hawk ရဟတ်ယာဥ်တွေမှာ တပ်ဆင်ထားတဲ့ advanced electronic warfare gear က ရန်သူ့စနစ်တွေကို ဂျမ်းဖြစ်အောင်၊ ပျံနေတဲ့ ဒရုန်းတွေကို ကျောက်ခဲတွေလို ပြုတ်ကျလာအောင် လုပ်ပေးခြင်းဖြင့် သေနတ်တချက်မှ ဖောက်စရာမလိုပဲ ရန်သူကို စက္ကန့်ပိုင်းအတွင်း ဆွံ့အနားမကြားအပြင် လေဖြတ်သလိုပါ ဖြစ်ကုန်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိတယ် လို့ ဆိုကြပါတယ်။ မာဒူရိုကို သွားဖမ်းတုန်းကလည်း ဒီစနစ်ကို အသုံးပြုခဲ့တာပါ။ ရန်သူ့စနစ်တွေ ဂျမ်းဖြစ်အောင် လုပ်တာကအဆန်းမဟုတ်တော့ပေမယ့် ပင်တဂွန်က ဒီ Black Hawk တွေမှာ ဘာတွေသုံးထားတယ်ဆိုတာကို ရေငုံနေပါတယ်။ အတည်ပြုထားတာမဟုတ်တော့ မှန်းဆတာတွေ၊ ချဲ့ကားပြောတာတွေ ရှိနိုင်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရန်သူထက် တကွက်သာနေဖို့က လိုရင်းပဲမဟုတ်လား။

Leave a comment