ဒီဟာကတော့ ပြောရရင် ကိုယ်မအောင်မြင်တဲ့ကိစ္စကို အသားအရောင် လိင် ဆင်းရဲမှုစသည် အကြောင်းတခုခု/ တဦးဦးအပေါ် ပုံချတဲ့သဘောပါပဲ။ အခုအောင်မြင်နေတဲ့သူအားလုံးက ချမ်းသာတဲ့မိဘတွေ နာမည်ကြီးကျောင်းတွေက ထွက်လာတာတွေချည့်မဟုတ်ပါဘူး။ အသိုင်းအဝိုင်း လဲမရှိ အတန်းပညာလေးမစို့မပို့နဲ့ အောင်မြင်နေကြတာတွေလည်း ရှိတာပါပဲ။ အသိုင်းအဝိုင်း ပညာအထောက်အပံ့ရရင်တော့ ပိုလွယ်ကောင်းလွယ်မှာပေါ့။ ဒါပေမဲ့ တကယ်တမ်းက အတ္တာဟိ အတ္တနောနာထော ဆိုတဲ့အတိုင်း ကိုယ်သာပဓါနပါ။ သူများကို အပြစ်မြင်နေတာက ကိုယ်လုပ်ရမဲ့ ကိစ္စကို ဖင့်စေတာအပြင် အကျိုးမရှိနိုင်ပါဘူး။ လတ်တလောမှာ သူများကို အပြစ်ဖို့ လိုက်လို့ ကိုယ်စိတ်ပေါ့သွားသလိုရှိနိုင်ပေမဲ့ ဒါဟာ ပြဿနာကို ဖြေရှင်းတာမဟုတ်တဲ့အတွက် အကျိုးရလာဒ် ပြောင်းသွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အပစ်ဖို့တာကို အားပေးခြင်းအားဖြင့် မကျေနပ်စိတ် အမုန်းထုထည်ကတော့ တက်လာပြီး တချိန်ချိန်မှာ ပေါက်ကွဲဖို့အဆင်သင့်ဖြစ်နေရင်နေမှာပေါ့။
အခုထိ နိုင်ငံတဝှမ်း ဖြစ်နေသမျှတွေကို ခြုံကြည့်မယ်ဆိုရင် သူတို့တွန်းပို့နေတဲ့ အရွေ့တွေအားလုံးဟာ စိတ်ခံစားချက်ပေါ်မှာ မူတည်ဖို့ ဦးတည်ထားတာကို တွေ့ရမှာပါ။ (မြန်မာပြည်မှာလည်း စိတ်ခံစားချက် ပြင်းထန်တတ်တဲ့လူမျိုးတွေကို လူတစုက အကြောင်းရှိတိုင်း အမြဲ အသုံးချတတ်တာ သတိထားမိကြ မှာပါ။) စိတ်ခံစားချက်ဆိုတာက ပုဂ္ဂိုလ် အကြောင်းအရာပေါ်မူတည်မှာဖြစ်တော့ ကိုယ်လိုတဲ့ဘက် ဆွဲသုံးလို့ရမယ့် အနေအထားဖြစ်နေပါတယ်။ ဆူအောင် ပေါက်ကွဲအောင်လုပ်ဖို့ လွယ်သလောက် ညီညွတ်မှုရစေဖို့ အင်မတန်ခဲယဥ်းမဲ့ အနေအထားဖြစ်ပါတယ်။ အချက်အလက်ကို အခြေခံတဲ့ ဓမ္မဒိဌာန်ပေါ်မူတည်မှသာလျင် အားလုံးညီညီညွတ်ညွတ်နဲ့ သဘောတူနိုင်မဲ့ အနေအထား တခုကို သွားလို့ရမှာပါ။ သူတို့ရဲ့ ပစ်မှတ်တွေဟာလည်း ဒီတိုင်းပြည်က အင်အားအကြီးဆုံးတွေဖြစ်တဲ့ ခရစ်ယာန်တွေ၊ လူဖြူတွေ၊ ယောက်ကျားတွေ၊ ရဲတွေ၊ စစ်သားတွေ၊ ပညာရေးစနစ် စတာတွေပါ။ ပြောခဲတဲ့ ဖြစ်ရပ်တွေ ဥပမာတွေက အကုန်မဟုတ်သေးပါဘူး။ အကုန်ရေးဖို့ အချိန်ရှိရင်တောင် စာရှည်လို့ ဘယ်သူမှ ဖတ်မှာမဟုတ်ပါဘူး။ ပျော်လွန်းလို့ရေးနေတာမဟုတ်ပေမဲ့ တိုင်းပြည်ကို ပျက်စီးစေချင် နေသူတွေရဲ့ ခြေလှမ်းတွေကို သိထားကြစေချင်တဲ့ ဆန္ဒနဲ့ ရေးထားတာပါ။ ခေတ်ရေစီးကြောင်းမို့ ဆုတ်ခေတ်မို့ ဆိုတာမျိုးတွေကိုတော့ တဦးတည်းအမြင်အရ သဘောမတူပါဘူး။ ခေတ်ဆိုတာ လူကလုပ်တာလို့ ယုံကြည်တဲ့အတွက် တဦးချင်းတယောက်ချင်းစီကစလို့ အပြုသဘောဘက်ကို ရွေ့သွားနိုင်စေဖို့ ရည်ရွယ်ပါတယ်။