ဒီစကားလုံးကတော့ နိုင်ငံရေးသင်ဖူးတဲ့သူ/လေ့လာဖူးတဲ့သူဆိုရင်သိမှာပါ။ မြန်မာလိုဆိုရင်တော့ ပါဝါလေဟာနယ်လို့ ခေါ်လို့ရမယ်ထင်ပါတယ်။ အခုတလော အမေရိကန်တဝှမ်းမှာ ဖြစ်နေတဲ့ မငြိမ်သက်မှုတွေနောက်ပိုင်းမှာ ရဲတွေကို လူတွေက မုန်းလာကြတဲ့အပြင် NY LA အပါအဝင် မြို့ကြီးတွေမှာလည်း ရဲတွေရဲ့ဘတ်ဂျက်ကို တော်တော်များများဖြတ်တောက်ပစ်ဖို့ မြို့ဝန်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ရဲတွေကိုမုန်း ရဲအင်အားနည်းလာရင် ဘာတွေဖြစ်လာမလဲစဥ်းစားကြည့်ရအောင်နော်။
လူတွေနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ စည်းကမ်းတကျရှိနေဖို့အတွက် အာဏာကိုင်အဖွဲ့အစည်းတွေ ရှိရပါတယ်။ ပါဝါလေဟာနယ်ဆိုတာ မရှိပါဘူး။ ပုံမှန်တော့ နိုင်ငံရေးသမားတွေက ဥပဒေထုတ်ပြီး ရဲတွေက အဲဒီဥပဒေတွေအတိုင်း ဥပဒေစိုးမိုးမှုရှိအောင် လုပ်ကြရတာဖြစ်ပါတယ်။ ဒီနေရာမှာ ရဲအင်အားချည့်နဲ့လာလို့ ရဲအစိုးမရတဲ့နယ်ပယ်တွေများလာရင် power vacuum ဖြစ်လာမှာပါ။ ပါဝါလေဟာနယ်က ဒီတိုင်းပြီးမသွားပါဘူး။ လေဟာနယ်ထဲကို ပိုအင်အားကောင်းတဲ့အရာတွေက ဖိဝင်လာကြမှာပါ။
New York မြို့ကြီးမှာ လွန်ခဲ့တဲ့ အနှစ်၂၀ကျော်လောက်အထိ မာဖီးယားမိသားစု၅ခု အပြိုင်ကြီးစိုးခဲ့ပြီး ဒုစရိုက်မြို့တော်ကြီးဖြစ်ခဲ့တာ မှတ်မိကြဦးမှာပါ။ အဲဒါလည်း လွယ်လွယ်ကူကူနဲ့ သုတ်သင်ခဲ့ရတာတော့မဟုတ်ပါဘူး။ NY Mayor Rudy Giuliani က မြို့ဝန်မဖြစ်ခင် အစိုးရ ရှေ့နေဘဝထဲက ထဲထဲဝင်ဝင်လေ့လာ အရေးယူဖို့စတင်ခဲ့ပြီး မြို့ဝန်ဖြစ်လာပြီးနောက်ပိုင်းမှာ ရဲအင်အားတွေဖြည့်လို့ နှစ်ပေါင်းအတော်ကြာ ဖိဖိစီးစီးကိုင်တွယ်ခဲ့ရတာပါ။ ရန်ကုန်မှာဆိုရင်တော့ လမ်းမတော်ဖိုးတုတ်တို့ လက်ထက်ကလိုနေမှာပေါ့။
ကိုယ်က လူဆိုးလူမိုက်လဲမဟုတ် သူတို့ကို အိပ်ထောင်ထဲထည့်ထားနိုင်တဲ့ အာဏာပါဝါရှိသူလည်းမဟုတ်ခဲ့ရင် မတွေးရဲစရာပါပဲ။ မဖြစ်ရင်တော့ မဖြစ်ဘူးပေါ့။ (ရဲတွေနဲ့ နိုင်ငံရေးသမားတွေ အဂတိမလိုက်စားဖို့ကိုတော့ ရဲအချင်းချင်း တရားရေး ပြည်သူစတာတွေက မှန်မှန်ကန်ကန် မျှမျှတတ ထိန်းကျောင်းရမှာပါ။ ရဲတချို့မကောင်းတာနဲ့ ရဲအားလုံးကိုမုန်းလို့ ရဲလုပ်ပိုင်ခွင့်တအားကန့်သတ်လိုက်ရင် ရဲဆိုတာ ရုပ်ပြလောက်ပဲဖြစ်ပြီး တကယ်ကောင်းတဲ့ရဲတွေပါ ဘာမှလုပ်မရဖြစ်သွားပါလိမ့်မယ်။)
ပါဝါလေဟာနယ်ရှိလာပြီဆိုရင် တောရိုင်းဥပဒေလိုပဲ ပိုအားကောင်း ပိုမိုက် ပိုကြမ်းတဲ့သူက ဝင်လာကြစမြဲပါ။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ အမေရိကန်ပြည်လို ဒီမိုကရေစီနိုင်ငံကြီးအင်အားချည့်နဲ့လာရင် အာဏာရှင်နိုင်ငံတွေက ဝင်မင်းမူလာမှာပါ။ အခုတောင် UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ဘယ်သူတွေချယ်လှယ်နေသလဲ ဆိုတာကြည့်ပေါ့။ ပိုက်ဆံပေါတဲ့ အာဏာရှင်နိုင်ငံတွေက သူတို့ဖြစ်ချင်တဲ့လမ်းကို နည်းမျိုးစုံနဲ့ ငွေလမ်းခင်းပြီးသွားတဲ့နေရာမှာ ဒီမိုကရေစီနိုင်ငံတွေထက် အများကြီး ပိုလုပ်နိုင်တာ သိပ်စဥ်းစားစရာမလိုပဲသိနိုင်တဲ့ကိစ္စပါ။
အဓိကပြောချင်တာကတော့ လက်ရှိဖြစ်နေတဲ့အရာတွေပေါ်မှာ တုန့်ပြန်ရင် လောလောလတ်လတ်ကျေနပ်မှုကိုပဲ ကြည့်တာထက် အနာဂတ်မှာဖြစ်လာမဲ့ အကျိုးဆက်တွေကိုလည်း ထည့်သွင်းစဥ်းစားသင့်တာကိုပါ။