အဲဒါကတော့ မြန်မာလိုပြောဖို့နဲနဲခက်မယ်ထင်ပါတယ်။ ကြိုးစားပြီးပြောကြည့်မယ်ဆိုရင်တော့ လူ့အသိုင်းအဝိုင်းကြီးထဲက အစိတ်အပိုင်းလေးတွေ တစုချင်း တစိပ်ချင်းစီပေါ်မှာ အခြေပြုတဲ့ နိုင်ငံရေးလုပ်နည်းတခုပေါ့။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် လူမဲတွေအစု၊ အမျိုးသမီးတွေအစု၊ လိင်တူချစ်သူ/လိင်ပြောင်းများအစု စတာတွေဖြစ်ပါတယ်။ များသောအားဖြင့်တော့ အဲဒီအစုအဖွဲ့တွေဟာ ဖွဲ့စည်းပုံနဲ့ အတည်တကျ ဖွဲ့စည်းထားတာမျိုးမဟုတ်ပဲ အကြောင်းတခုခုရှိမှ စုစည်းကြတာမျိုးဖြစ်ပါတယ်။ Identity Politics ပိုမိုတွင်ကျယ်လာတာကတော့ ၂၀၁၃နောက်ပိုင်းမှာ ဖြစ်ပါတယ်။
အဲဒီလိုအစုလေးတွေပေါ်လာတာရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ စေ့ဆော်သူတွေသာသိမှာြဖစ်ပေမဲ့ အားလုံးလိုလိုရဲ့ အသံတွေ နားထောင်ကြည့်လိုက်မယ်ဆိုရင် အားလုံးဟာ သူတို့အစုရဲ့ တူညီတဲ့အကြောင်းကြောင့် အဖိနှိပ်ခံနေရပါတယ်ဆိုတာကိုပဲ သွားတွေ့ပါတယ်။ တကယ်တမ်းဖိနှိပ်ခံနေရတာလည်းမှန်တယ် တကယ်တိုးတက်အောင်လုပ်ချင်တဲ့ ဆန္ဒလည်း ရှိမယ်ဆိုရင်တော့ ပွဲပြီးမီးသေပျောက်သွားလိုက် နောက်တကြိမ် အခါအခွင့်သင့်ရင် ထပေါ်လာလိုက်ဆိုတာမျိုး ဖြစ်မနေလောက်ဖူးလို့ ထင်ပါတယ်။
တခြားတဖက်ကကြည့်ပြန်ရင်လည်း ဒီလိုအစုအဖွဲ့တွေထဲမှာ ပါဝင်နိုင်ပေမဲ့ မပါဝင်လိုတဲ့ တိတ်နေတဲ့အပိုင်းက အသံတွေကိုလည်း နားထောင်ကြည့်သင့်ပါတယ်။ တခါတလေကျတော့ ကိုယ်ခါးခါးသီးသီးခံစားနေရတဲ့ အကြောင်းရင်း(တွေ) က ကိုယ်ထင်တာတမျိုး တကယ်ဖြစ်နေတာတမျိုး ဖြစ်တတ်လို့ပါ။ ဥပမာ ကိုယ့်ဘဝက သူများဘဝတွေထက်ပိုပြီး ဆိုးနေတယ်လို့ ခံစားနေရတာတွေက ကိုယ့် အသားအရောင်ကြောင့်လို့ ကိုယ်ကထင်ပေမဲ့ တကယ်တန်းကျတော့ ဆင်းရဲတာကလည်း အကြောင်းတခု ဖြစ်နေနိုင်သေးတာပဲလေ။ ဆင်းရဲတော့ ပတ်ဝန်းကျင်ကောင်းကောင်းမှာနေဖို့ ကျောင်းကောင်းကောင်းတက်ဖို့ မတတ်နိုင်၊ တခုခုဖြစ်ခဲ့ရင်လဲ အာမခံငွေမတင်နိုင်တော့ အချုပ်ထဲရောက်တဲ့နှုန်းက ပိုများ၊ ပတ်ဝန်းကျင်က စရိုက်တွေနဲ့ပေါင်းတော့ ပညာရေးပေါ် အာရုံစိုက်ဖို့ စိတ်မပါ၊ ပညာရေးအားနဲတော့ အလုပ်ကောင်းရဖို့ကမလွယ် ပြောရရင်တော့ အများကြီးပေါ့။
အမျိုးသမီးတွေအစုကလူတွေကျတော့လည်း အမျိုးသားတွေနဲ့ယှဥ်ရင် လခရတာနဲတယ်လို့ဆိုကြပါတယ်။ သဘောမတူတဲ့သူတွေကတော့ စျေးကွက်စီးပွားရေးမှာ လုပ်နိုင်တာချင်းတူတူ အဲဒီလိုသာ လျော့ပေးလို့ရရင် အမျိုးသမီးတွေချည့် ငှားထားကြမှာပေါ့လို့ ပြောကြပါတယ်။ အလုပ်ချင်းတူတူ လိင်ချင်းတူ အရောင်ချင်းတူတာတောင်မှ အကြောင်းအမျိုးမျိုးကြောင့် လခတွေ ကွာတတ်ကြတာဆိုတော့ အကြောင်းတခုတည်းကို ပုံချဖို့တော့ ခက်မယ်ထင်ပါတယ်။
နောက်တခုကလည်း လူ့သဘာဝအရ နီးစပ်တဲ့လူမျိုးတူ ဘာသာတူသူတွေ ကြားမှာတောင် အထင်သေး အမြင်လွဲ ခွဲခြားခံရတာမျိုးက ကမ္ဘာအနှံ့က လူ့အသိုင်းအဝိုင်းအားလုံးမှာ ဘုရားမပွင့်ခင် ပဝေသဏီထဲက ရှိခဲ့တာြဖစ်ပြီး နောက်လဲရှိနေဦးမှာ ဖြစ်တဲ့အပြင် ကိုယ်အပါအဝင် အများစု ခံစားဖူး ခံစားဆဲ ခံစားလတ္တံ့ဖြစ်နေဦးမှာ ဆိုတော့ အဲဒီလူ့သဘာဝကိုလည်း ထည့်စဥ်းစားသင့်တယ်လို့ ထင်ပါတယ်။ မိသားတစုထဲမှာတောင် အမေက ဘယ်သူ့ကိုပိုချစ်တာ အဖေက ဘယ်သူ့ကို ပိုအလိုလိုက်တာ ဆိုတာမျိုးတွေ ရှိတတ်သေးတာပဲလေ။
ဒီပြဿနာတွေအားလုံးကို အသားအရောင် လိင် စတဲ့ခေါင်းစဥ်တွေထဲထည့်ဖို့ ကြိုးစားတာထက် အားလုံးအတွက် စီးပွားရေး ကျန်းမာရေး ပညာရေး အစစတိုးတက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် အခက်အခဲတွေတော်တော်များများ ပြေလည်သွားမယ်ထင်ပါတယ်။ တခုချင်းစီလိုက်ကြည့်နေမယ်ဆိုရင်တော့ ရောဂါလက္ခဏာနောက်ပဲလိုက်နေပြီး ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို လစ်လျူရှုထားသလို ဖြစ်နေပါလိမ့်မယ်။
ဒီအစုလေးတွေရဲ့ နောက်တူတဲ့အချက်တခုက သူတို့ကို ထောက်ခံခြင်းမပြုခဲ့ရင် ရန်လို တိုက်ခိုက်တာပါပဲ။ လူဆိုတာ ကိုယ်ယုံချင်တာ ယုံလို့ရပါတယ်။ ဒါပေမဲ့ ငါနဲ့မတူ ငါ့ရန်သူဆိုတာတော့ မဖြစ်သင့်ဘူးပေါ့။ သူတို့အဖွဲ့အစုလေးတွေရဲ့ ရည်ရွယ်ချက်က ကောင်းသလိုနဲ့ ကိုယ့်အဖွဲ့အကျိုးဆောင်ရွက်တာက နဲနဲ သူများကို ရန်လုပ်တာက များများဆိုရင်တော့ သူတို့နောက်ကွယ်မှာ တိုင်းပြည်ကို ကွဲပြဲဒုက္ခရောက်စေချင်သူတွေများ ရှိနေမလား စဥ်းစားသင့်လာပါပြီ။ တိုင်းပြည်ကို ချစ်တဲ့လူတိုင်းကတော့ အချင်းချင်းစိတ်ဝမ်းကွဲအောင် ရန်တိုက်ပေးတာမျိုးလုပ်မှာ မဟုတ်တာ သေချာပါတယ်။