ဓမ္မနဲ့ အဓမ္မ

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲကို ဓမ္မနဲ့ အဓမ္မအားပြိုင်ပွဲ၊ Good Vs. Evil လို့လည်း တော်တော်များများက ပြောကြပါတယ်။ သမ္မတထရမ့်ကို အစဥ်တစိုက် ထောက်ခံကြသူများက အကြောင်းစုံကို သိနေတော့ အဲဒီလိုမြင်တာ မဆန်းပေမယ့် တဖက်က(သို့) အကြောင်းစုံကို သိမနေတဲ့လူတွေအတွက်က ဟုတ်ပမလား၊ ဘာကြောင့်ပါလိမ့် စသဖြင့် သို့လော သို့လော စဥ်းစားစရာတွေ ရှိလာမှာပါ။ အဲဒီအတွက်လည်း ရေးသင့်တယ်လို့ စိတ်ကူးထားတာပါ။ ဒီနေရာမှာ ပြောစရာရှိတာတခုက တရားတဲ့ဖက် ဆိုတာ လူနဲတာ များတာ၊ အသံကျယ်တာ မကျယ်တာ၊ အမှုရှုံးတာ အမှုနိုင်တာ၊ ရွေးကောက်ပွဲ ရှုံးတာ နိုင်တာ အဲဒီပေတံတွေနဲ့ လက်လီစိတ်လိုက်တိုင်းတာထက် မြင်ကွင်းကျယ်ကို ကြည့်ပြီး ဘယ်သူက တိုင်းပြည်/ပြည်သူအတွက် ဘယ်လောက် ရိုးရိုးသားသား အားထုတ်ခဲ့သလဲ၊ အခုရွေးကောက်ပွဲမှာရော လူထုထောက်ခံမှု ဘယ်လောက်ရသလဲ၊ လုပ်သမျှလုပ်ရပ်၊ ရသမျှမဲကိုရော ပွင့်ပွင့်လင်းလင်း မှတ်ကျောက်တင်ခံနိုင်သလားဆိုတာနဲ့ တိုင်းကြည့်ရင် ရှင်းသွားပါလိမ့်မယ်။

ဇတ်လမ်းက စရမယ်ဆိုရင်တော့ ၂၀၁၆ထဲက စရမှာပါပဲ။ အဲဒီတုန်းထဲက ဒီမိုကရက်တွေနဲ့ မီဒီယာက ထရမ့်ရှုံးခဲ့ရင် ဘာလုပ်မလဲ၊ အရှုံးကို အသာတကြည် လက်ခံမလား၊ အတင်းကြီး သူနိုင်ပါတယ်လုပ်မှာလား ဆိုတာကိုပဲ တချိန်လုံး ဇောင်းပေးမေးနေကြတာကို သတိရကြမှာပါ။ အဲဒီမေးခွန်းတွေက ၂၀၂၀ မှာလည်း ထပ်မေးပြန်တာပါပဲ။ ဘာဖြစ်လို့ ဒါတွေ မေးနေတာလည်းဆိုတာ အဲဒီတုန်းက သဘောမပေါက်ပေမဲ့ အခုတခါ သူတို့လုပ်နေတာတွေတွေ့တော့မှ ဇတ်ရည်လည်တာပါ။ ကိုယ်ချင်းစာတယ်ဆိုတာ တချို့တွေအတွက်က သူများလဲ ကိုယ့်လို အကျင့်ရှိလိမ့်မယ်လို့ ထင်တတ်တာမျိုးလေ။

စစ်တမ်းတွေထွက်လာတော့လည်း အကုန်လုံးလိုလိုက ထရမ့်မှာ နိုင်ခြေတစက်မှ မရှိသလိုလို လုပ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ထရမ့်က အရမ်းအပင်ပန်းခံ ကြိုးစားအလုပ်လုပ်တဲ့လူပါ။ အမေရိကန်မှာ ဘယ်နိုင်ငံရေးသမားမှ သူ့လို အပင်ပန်းခံနိုင်တာ မတွေ့ဘူးပါဘူး။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ်တွေကို အဓိကထား အကြိမ်ကြိမ်သွားပြီး ပြည်သူတွေအတွက် ဘာတွေလုပ်ပေးမယ်ဆိုတာ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို ဖြစ်စေချင်နေတဲ့ ရင်ထဲကလာတဲ့စကားတွေနဲ့ လက်တန်းပြောပြီး လူထုကို ဆွဲဆောင်ခဲ့တာပါ။ ယှဥ်ကြည့်မယ်ဆိုရင် ဒီမိုကရက်တွေက ဟိုဟာပေးမယ်၊ ဒီဟာပေးမယ်ဆိုတဲ့ ကလေးကြိုက်ဆွယ်လုံးတွေ သုံးနေတဲ့အချိန်မှာ ထရမ့်က အလုပ်အကိုင်တွေ အမေရိကန်မြေပေါ် ပြန်လာအောင် လုပ်မယ်၊ အခွန်လျော့ကောက်မယ်၊ ခိုးဝင်တွေကို ကန့်သတ်မယ်၊ အမေရိက ပထမ လို့ ရှင်းရှင်းလေးပဲ မဲဆွယ်ခဲ့တာပါ။ ရွေးကောက်ပွဲလုပ်တော့လည်း ဟိုဖက်က သန့်သန့်ရှင်းရှင်းပြိုင်လို့ ရှုံးသွားတာမဟုတ်သလို ထရမ့်ကလည်း မသမာနည်းတွေနဲ့ နိုင်လာတာ မဟုတ်ပါဘူး။ အိုဘားမားက ဒိုမီနီယံစက်တွေနဲ့ မဲခိုးတဲ့ဇတ်လမ်းတွေစခဲ့တာ ၂၀၁၀/၂၀၁၂ထဲကပါ၊ ဒါဆို ဘာလို့ ရှုံးသလဲဆိုတော့ သူတို့က ထရမ့်ကို/ပြည်သူတွေကို လျော့တွက်ခဲ့လို့ပါ။ ဒါကြောင့်လဲ သူတို့ ရှုံးပေမဲ့ ထရမ့်ဘက်က မဲမသမာမှုတွေရှိတယ္ဆိုတဲ့ စွပ်စွဲချက်တွေ လုံးဝထွက်မလာတာပေါ့။ မဲမသမာမှုရှိ/မရှိ စစ်ကြကြေးဟေ့ဆိုရင် ဘယ်သူနိုင်မယ် ဘယ်သူ အရှက်ကွဲမယ်ဆိုတာ သူတို့ သိနေကြတာကိုး။

ထရမ့်နိုင်သွားတော့လည်း သူတို့ မျှော်လင့်ထားတဲ့ကိစ္စမဟုတ်လို့ အာဏာမလွဲရအောင် နည်းမျိုးစုံနဲ့ ညစ်ကြတော့တာပါပဲ။ ပြည်သူတဦးရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီး ဖုံးတွေဖြတ်နားထောင်၊ အဲဒါနဲ့မရတော့ ထရမ့်နားကလူတွေကို တယောက်ပြီးတယောက် ရုရှားက ဝင်စွက်တယ်ဆိုတဲ့ လံကြုတ်ဇတ်လမ်းနဲ့ ဆွဲစိထားတာ၊ ၂၀၁၉ကျမှ အဲဒီဟာကို စုံစမ်းတဲ့အထူးရှေ့နေက မသင်္ကာစရာ ဘာမှ မတွေ့ပါဘူးလို့ ထုတ်ပြန်ခဲ့တာပါ၊ လူတွေကတော့ ဘဝပျက်တဲ့လူပျက်၊ ထောင်ကျတဲ့လူကျပေါ့။ လွှတ်တော်ကလည်း ပြီးခဲ့တဲ့ ၄နှစ်လုံး အယုံအကြည်မရှိအဆိုတင်ဖို့ကလွဲလို့ ဘာမှ လုပ်နေပုံမရပါဘူး။ အိုဘားမားလက်ထက်က ခန့်ခဲ့တဲ့အထူးရှေ့နေက ရုရှားနဲ့ ပတ်သက်မှု ဘာမှ မတွေ့ပါဘူးဆိုတဲ့ အစီရင်ခံစာထွက်ပြီး နောက်ပိုင်းမှာတောင် သမ္မတအပေါ် အယုံအကြည်မရှိအဆိုကို အကြိမ်ကြိမ် တင်နေကြတာ ရွေးကောက်ပွဲလုပ်တဲ့အထိပါပဲ။ အဲဒါဆိုရင် ဘယ်သူတွေက တရားလွန်နေလဲဆိုတာ သိလောက်ပါတယ်နော်။

၂၀၂၀မှာတောင် ထရမ့်နိုင်မယ်မှန်းသိတယ်၊ ၂၀၁၆တုန်းကလိုမဖြစ်အောင် ကိုဗစ်တွေရော စာတိုက်မဲတွေရော ဘက်စုံ ပြင်ထားတာတောင်မှ ဝင်လာတဲ့မဲတွေက သူတို့ထင်မထားတဲ့ အတိုင်းအတာတွေဖြစ်နေတာ့ ဘယ်တုန်းကမှမလုပ်ဖူးတဲ့ မဲရေတာတွေရပ်ပစ်ပြီး ရီပါဘလစ်ကန်တွေ မောင်းထုတ်၊ ညသန်းခေါင် ဘယ်ကမှန်းမသိတဲ့ မဲတွေယူသွင်းလာပြီး မနိုင်မချင်းကို ရေတော့တာပါပဲ။ ချွင်းချက်တခုတလေကလွဲလို့ ရွေးကောက်ပွဲရလာဒ်ဆိုတာက အမြဲတမ်း ညတွင်းချင်း သိရတာမျိုးပါ။ အခုလို ၃ပတ်လောက် ရေနေရတာ မဟုတ်ပါဘူး။ တချို့ အငြင်းပွားနေတဲ့ နေရာတွေမှာ မဲရေတာကို တပတ်လောက် လုံးဝ ရပ်ထားလိုက်တာပါ။ ပုံမှန်ဆို ရေရင်းရေရင်း နံပါတ်တွေ တက်လာရမဲ့အစား ထရမ့်အတွက် မဲနံပါတ်တွေက တသောင်းကျော်၊ တသောင်းနီးပါး စသဖြင့် ကောင်တီတိုင်းလိုလိုမှာ ပြုတ်ကျကုန်တာ သက်သေတွေရှိပါတယ်။ နောက်ပြီး ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ ယုတ္တိလဲမရှိတဲ့ တချို့နေရာတွေမှာ ၉၀% သောမဲတွေက ဘိုင်ဒန်ဆီသွားတယ်ဆိုတာမျိုးတွေရော၊ ပရင်တာကထွက်လာသလိုမဲတွေရော၊ သမိုင်းမတွေ့ ဆွေမျိုးမရှိတဲ့ တကောင်ကြွက်ပေါင်း တသိန်းလောက်ရော အဲဒါကို ပုံမှန်လို့ ဘယ်လိုကျိန်ပြောလို့မှ ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ အဲဒီလိုလုပ်တာတွေအတွက် ပေးတဲ့ အကြောင်းပြချက်တွေက ဘာမှ တိတိပပ မဟုတ်ပဲ ဟိုလိုလို ဒီလိုလိုတွေပါ။ အဲဒီအချိန်မှာ ပြိုင်တဲ့လူနှစ်ဦးရဲ့ အသံတွေကို နားထောင်ကြည့်ပါဦး၊ တဦးက မဲတိုင်းကို ရေရမယ်၊ မဲတိုင်းရေပြီးတဲ့အထိ သွားရမယ် လို့ ပြောပါတယ်။ နောက်တဦးကတော့ တရားဝင်မဲတိုင်းကို ရေရမယ်၊ တရားမဝင်မဲတွေမပါစေရ လို့ ပြောတာပါ။ ဘာကွာလဲ၊ ဘယ်သူက ပိုတရားနည်းလမ်းကျမလဲ သိပ်စဥ်းစားစရာ မလိုဘူးထင်ပါတယ်နော်။ တကယ်တမ်းက ဓမ္မနဲ့ အဓမ္မဆိုတာ အဲဒီ မဲရေတာနဲ့ပတ်သက်ပြီး ပြောတာတခုထဲနဲ့တင် ခွဲမယ်ဆိုရင်တောင် အဖြေက ရှင်းနေပါပြီ။

ဘရာဇီးလိုနိုင်ငံမှာတောင် ညတွင်းချင်းအဖြေထွက်တဲ့ ရွေးကောက်ပွဲက အမေရိကန်လိုနိုင်ငံမှာ ခြအုံကြီးနိုင်စေချင်တဲ့သူ မနိုင်မချင်း မဲတွေပွါး၊ ပြောင်း၊ လိမ်၊ လွှဲ၊ တု အကုန်လုပ်တာတောင် တော်တော်လေး အချိန်ယူလိုက်ရပါတယ်။ ဒါကြောင့်လည်း စစ်ဖို့တောင်းဆိုလာကြတော့ ဒုသီလတွေ တညီတညွတ်တည်း ဘူးခံငြင်းကြတော့တာပေါ့။ တရားရုံးတွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်မနေတာ ကြာပြီလို့ ဥပဒေအသိုင်းအဝိုင်းက ပြောနေကြသလို တခါခန့်ပြီးရင် ရာသက်ပန်ဆိုတော့ ကိုယ်ကျင့်သိက္ခာနဲ့ အတ္တမာန ချိန်ခွင်လျှာညှိတဲ့အခါမှာ ဆန္ဒ ဘယာ လာဘ ဒေါသ မောဟ ဂတိတွေက ခပ်လွယ်လွယ်ပဲ အတ္တဖက်ကို ခုန်ဆင်းသွားလိုက်ကြတာမျိုးတွေ ရှိနေသလို ရှေ့ဆောင်နွားလားကြီးက ဖြောင့်ဖြောင့်မသွားတော့ နောက်က လိုက်ရခက်နေတဲ့လူတွေရယ်နဲ့ ဆုတ်ခေတ်ရဲ့ သဘောသဘာဝကို လှစ်ဟပြနေသလိုပါပဲ။ ဒီနေရာမှာလည်း ငြင်းပယ်ကြတဲ့ တရားသူကြီးက ဘယ်သူကွ၊ ဘယ်မှာနေတာကွ၊ သူ့မိသားစုက ဘယ်သူတွေကွ သူတိုက လူမျိုးရေးခွဲခြားသူတွေကွ သွားကြ ပညာပြခဲ့ကြကွလို့ ရီပါဘလစ်ကန်/ထရမ့်ဘက်သား ဘယ်သူတဦးတယောက်ကမှ မလှုံ့ဆော်သလို ညာယိမ်း မီဒီယာတွေကလည်း ဗိန်းမောင်းတီးမပေးကြပါဘူး။ ကြိတ်မနိုင် ခဲမရဖြစ်နေတဲ့ မဲခိုးခံပြည်သူတွေကလည်း ဆုပူဖျက်ဆီးတာတွေ အလျဉ်းမလုပ်ပဲ ဥပဒေဘောင်ထဲကပဲ တရားမျှတမှုကို ရှာဖွေဖို့ ကြိုးစားကြပါတယ်။ ဒီနေရာမှာ မကျေနပ်နေတာက တဖက်အုပ်စုဆိုရင် ဘာတွေဖြစ်သွားမလဲ ပြောစရာ လိုမယ်မထင်ပါဘူးနော်။ အခုတောင် မဲခိုး မဲလိမ်တာတွေ ပေါ်လာတော့ မခိုးပါဘူးလို့ မပြောနိုင်တော့ပဲ ရွေးကောက်ပွဲမတိုင်ခင်က သူတို့ လက်သုံးစကားလိုပဲ ထရမ့်ကြီးက ဘာကြီး ညာကြီး ကောင်းတာမဟုတ်ဘူး၊ သူသမ္မတမဖြစ်သင့်ဘူး၊ သူမတက်အောင် ဘယ်လိုနည်းနဲ့ပဲလုပ်လုပ် တရားတယ် ဆိုတာမျိုးတွေ သံယောင်အုပ်စုက ပြောင်းပြောနေကြပြန်ပြီလေ။ တကယ့်ကို မဆီမဆိုင်ပါပဲ။

ဒီမိုကရက်တွေက လူလိမ်ကြီးလို့ တချိန်လုံး အပုပ်ချနေခဲ့တဲ့ထရမ့်က သူ့တိုင်းပြည်ကို ချစ်တာက အနှစ်ဘယ်လောက်ကြာကြာ ပြောင်းလဲမသွားသလို ရွေးကောက်ပွဲကတိကဝတ်တွေကိုလည်း အများဆုံးဖြည့်စည်းပေးခဲ့တဲ့ သမ္မတပါ။ ဘိုင်ဒန်ကတော့ နိုင်ငံရေးနယ်ပယ်မှာ ရာစုဝက်နီးပါးလုပ်ခဲ့တာမှာ လိမ်တာ ကိုယ်ကျိုးရှာတာတွေ ထင်ထင်ရှားရှား ပေါပေါများများပေမဲ့ မီဒီယာတွေ tech giants တွေက ကူဖုံးပေးနေကြတော့ တချို့အတွက်လည်း မသိချင်တာနဲ့ အတော်ပဲဖြစ်သွားတော့တာပါ။ မီဒီယာတွေကလည်း ထရမ့်ပြောသမျှစကားတွေကို အဓိပ္ပါယ်တမျိုးထွက်အောင် ဖျက်ပြီး ပုံဖော်နေကြတော့ တဖက်ပဲမြင်တဲ့လူတွေက ကုရာနတ္ထိ ဆေးမရှိအောင်ကို မုန်းနေကြတော့တာပါပဲ။

ရွေးကောက်ပွဲနဲ့ တိုက်ရိုက်ကြီး မဆိုင်ပေမဲ့လည်း ဓမ္မနဲ့ အဓမ္မ သိသိသာသာ ကွဲပြားတာတွေ ရှိပါသေးတယ်။ ဥပမာ ကလေးဖျက်ချတာတို့ လူမျိုးရေး ကိစ္စတို့ပေါ့။ ရီပါဘလစ်ကန်တွေက များသောအားဖြင့် ဘာသာရေးကိုင်းရှိုင်းကြပြီး ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်ကြပါတယ်။ ကိုယ်ဝန်ထဲကလေးကလည်း ကိုယ်ဝန်စတည်ကတဲက အသက်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ဒီမိုကရက်တွေကတော့ ဗိုက်ထဲက ကလေးက မိခင်ရဲ့အစိတ်အပိုင်းသာဖြစ်လို့ မိခင်က မလိုချင်ဘူးဆိုရင် နေ့စေ့လစေ့ဖြစ်နေရင်တောင် ရှင်းပစ်လို့ရတယ်လို့ ယူဆကြတာပါ။ လူမျိုးရေးဆိုရင်လည်း ဒီမိုကရက်တွေက black lives matter လို့ ပြောကြပြီး အဓိပ္ပါယ်ကိုတော့ လိုသလို ဖွင့်ကြတာပါ။ ဒါပေမဲ့ ရီပါဘလစ်ကန်တွေက all lives matter အသက်တိုင်း ဘဝတိုင်းက တန်ဖိုးရှိတယ်လို့ ဆိုကြတိုင်း ဒီမိုကရက်တွေက ခါးခါးသီးသီး တုန့်ပြန်ကြပါတယ်။ လူတိုင်းလို့ မဆိုလိုပေမယ့် အများစုလို့ ပြောလို့ ရပါတယ်။ ဒါတွေရေးနေတာ တဖက်နဲ့တဖက် သွေးကွဲစေချင်လို့၊ အမုန်းပွားစေချင်လို့ လုံးဝမဟုတ်ပါဘူး။ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး အကွဲအပြဲတွေ ပိုပြီး နက်ရှိုင်းလာအောင် လုပ်နေကြတဲ့ တချို့ခေါင်းဆောင်တွေရဲ့ ခြေလှမ်းတွေကို မြင်စေ့ချင်တာပါ။ တပါတီထဲ တဖက်ထဲက တိုင်းပြည်ကို အေးချမ်းအောင် တိုးတက်အောင် လုပ်လို့ မရသလို အဲဒီလိုဖြစ်လာဖို့လည်း တဖက်ထဲမှာ တာဝန်ရှိတာမဟုတ်ပါဘူး။ အစွန်းမရောက်ဖို့က လူတိုင်းမှာ တာဝန်ရှိသလို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဟာလည်း ပါလွတ်လပ်မှုမြတ်နိုးသူတိုင်းအတွက် အရေးကြီးတာပါပဲ။ တရားမျှတတဲ့ ရွေးကောက်ပွဲမရှိရင် ဘိုင်ဒန်ပြောသလိုပဲ ငါသမ္မတဖြစ်ဖို့ မင်းတို့မဲ မလိုဘူးဆိုတာမျိုးနဲ့ ပြည်သူက ဘယ်လိုမှ အရေးမပါတော့တဲ့အခြေအနေကို ရောက်သွားတော့မှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: