ယူကရိန်းမှာ အမေရိကန်ဂျာနယ်လစ်တဦးဖြစ်တဲ့ ဘရန့်ရေနော့ဒ်ဟာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် မြို့တော်ကိဗ်ရဲ့ ဆင်ခြေဖုံးမြို့တခုဖြစ်တဲ့ အာပင်မြို့မှာ သေဆုံးခဲ့ပြီး နောက်အနည်းဆုံးနှစ်ဦး ဒဏ်ရာ ရရှိသွားပါတယ်။ ယူကရိန်းရဲချုပ်အဆိုအရ ရုရှားတပ်တွေက ဂျာနယ်လစ်တွေတင်လာတဲ့ ကားကို ပစ်ခတ်လိုက်တာမှာ ရေနော့ဒ်က လည်ပင်းကိုထိပြီး သေဆုံးသွားတာဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ နောက်အမေရိကန်ဂျာနယ်လစ်တဦးကိုတော့ ယူကရိန်းတွေက ဆေးရုံပို့ပေးခဲ့ကြပါတယ်။ ရုရှားတပ်တွေက ဘုရားကျောင်း၊ ဆေးရုံ၊ လူနေအိမ်၊ ဂျာနယ်လစ် ဘာမှကို မရှောင်ပဲ ပစ်နေတယ်လို့လည်း သိရပါတယ်။ ရေနော့ဒ်က နယူးယောက်တိုင်းမ်စ် တံဆိပ်တပ်ထားပေမဲ့ နယူးယောက်တိုင်းမ်စ်ကတော့ ရေနော့ဒ်က အရင်က သူတို့ဆီမှာလုပ်ခဲ့ဖူးပေမယ့် လောလောဆယ်မှာ ယူကရိန်းကသတင်းယူဖို့ တာဝန်ကျနေတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။
အိမ်ဖြူက အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ရေနော့ဒ်ရဲ့ သေဆုံးရမှုဟာ ထိတ်လန့်ဖွယ်ရာ ဆိုးရွားလှတယ်လို့ ပြောပြီး သူ့ကိုသတ်ခဲ့လို့ ရုရှားအပေါ် လျောက်ပတ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ရုရှားတွေကတော့ ဘိုင်ဒန်အစိုးရရဲ့ ခြိမ်းခြောက်မှုတွေကို ဖြုံမယ်မထင်ပါဘူး။ မဖြုံလို့လည်း တခါခြိမ်းခြောက်လိုက် တခါရှေ့တိုးလိုက် ဖြစ်နေခဲ့တာပါ။ ထရမ့်လက်ထက်တုန်းကတော့ အမေရိကန်တယောက် အသက်သေရင် မင်းတို့တသက်မမြင်ဖူးမကြားဖူးတဲ့ ပေးဆပ်မှုမျိုး ပေးဆပ်ရမယ်လို့ ကြိမ်းထားလို့ ဘယ်နွားမှ နားရွက်မခတ်ရဲခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ကို အရင်တုန်းကလိုမျိုး ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး၊ အာကာသထဲ အရင်ဆုံးသွား၊ နည်းပညာအရာမှာလည်းတစ်၊ သူဌေးနိုင်ငံကြီးပဲတသက်လုံး ဖြစ်ပြီး တသက်လုံး အဲဒီအတိုင်း ဖြစ်နေလိမ့်မယ်လို့ ထင်နေကြသူတွေ တော်တော်များပါတယ်။ တကယ်တမ်းမှာ အမေရိကန်က အာကာသထဲကို လွန်းပျံယာဥ်တောင် မလွှတ်နိုင်တာ ဆယ်စုနှစ်တခုလောက် ရှိလာပါပြီ။ နောက်ပိုင်းမှာ အမေရိကန်အာကာသယာဥ်မှူးတွေကို ရုရှားရဲ့ လွန်းပျံယာဥ်နဲ့ ထည့်ပေးနေရတာဖြစ်ပါတယ်။ အခုလို ယူကရိန်းကို ကျူးကျော်လို့ ဆန်ရှင်တွေချခံရပြီး တင်းမာနေတဲ့အချိန်မှာ ရုရှားအာကာသအေဂျင်စီ အကြီးအကဲ ဒီမီထရီ ရိုဂိုဇင်က သူတို့အာကာသယာဥ်မှူးတွေကို ရှေ့လထဲမှာ ပြန်ခေါ်မယ့်အကြောင်း၊ အမေရိကန်အာကာသယာဥ်မှူးကိုတော့ ထားခဲ့မယ်လို့ ခြိမ်းခြောက်နေပါတယ် ။
အမေရိကန်အာကာသစခန်းကွန်မန်ဒါဟောင်း တယ်ရီဗာတ်စ်ကို ဖောက်စ်နယူးစ်က ဆက်သွယ်မေးမြန်းရာမှာ တယ်ရီက သူ့အတွေ့အကြုံအရ ပူတင်က အဲဒီလိုခြိမ်းခြောက်မှုမျိုးတွေ လုပ်လေ့ရှိကြောင်း၊ ဒါပေမဲ့ အာကာသယာဥ်မှူးတွေကတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ အလုပ်လုပ်မယ်လို့ ယုံကြည်ကြောင်း၊ သူအာကာသစခန်းမှာ အလုပ်လုပ်တုန်းကလည်း နိုင်ငံရေးကို အာကာသထဲ ပါမလာအောင် နှစ်ဖက်စလုံးက နေထိုင်ခဲ့ကြကြောင်း၊ တကယ်လို့ အမေရိကန်အာကာသယာဥ်မှူးကို ချန်ထားခဲ့ရင်လည်း အီလွန်မတ်စ်ရဲ့ စပေ့စ်အိတ်က်စ်က သွားခေါ်လာလို့ ရကြောင်း ပြောသွားပါတယ်။ လိုအပ်လာရင် အီလွန်ကလည်း သွားခေါ်ပေးမှာပါပဲ။
ဒီကိစ္စမှာ အဓိကသင်ခန်းစာယူသင့်တာက အရင်းရှင်စနစ်ကိုပဲ အမြဲရမယ်ရှာနေတဲ့ အိုဘားမားလက်ထက်မှာ ဆီဈေးကကြီး၊ ငွေကဖောင်းပွ၊ စတော့မားကက်က ရစရာမရှိအောင် ထိုးကျ၊ အကြွေးတွေက စံချိန်တင်၊ စစ်တပ်က စုတ်ပြတ်၊ တိုက်ရည်ခိုက်ရည်ရှိသူတွေကို ချောင်ထိုး၊ အာကာသလွန်းပျံယာဥ်ကလည်း သူ့လက်ထက်ကျမှ ရန်သူပေါ် အားကိုးနေရ၊ တိုင်းပြည်ကိုလည်း ဘယ်ရန်သူကမှ မလေးစား၊ အမေရိကန်တွေရဲ့ အသက်တွေက မလုံခြုံတွေ ဖြစ်ခဲ့တာပါ။ ဒါက ပါတီစွဲ ပုဂ္ဂိုလ်စွဲနဲ့ ပြောတာမဟုတ်ပါဘူး။ အရှိတရားကို လက်ခံနိုင်ဖို့ မှန်မှန်ကန်ကန် သုံးသပ်ရဲတဲ့ သတ္တိလိုပါတယ်။ နှင်းဆီရောင်သန်းတဲ့အဖာအထေးသတင်းတွေကိုချည့် နားထောင်နေလို့ အရုပ်ဆိုးတဲ့ အမှန်တရားက လှပလာမှာ မဟုတ်ပါဘူး။ ဆုတ်သထက်ဆုတ်လာတဲ့ အမေရိကန်နိုင်ငံရဲ့ အနေအထားကို စိတ်ပျက်လာမိပြီး မျှော်လင့်ချက် မရှိတော့သလို ခံစားနေရတာကနေ ထရမ့်တက်လာပြီး ၄နှစ်အတွင်း သမားရိုးကျနိုင်ငံရေးသမားတွေလို မဟုတ်ပဲ တိုင်းပြည်အတွက် တကယ်လုပ်ပြခဲ့လို့ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာခဲ့တာပါ။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကန်ထရိုက်တာတဦးရဲ့ အရင်က စီအီးအိုဟာ တရုပ်ပြည်ကို စစ်ဖက်နည်းပညာတွေ တရားမဝင်တင်ပို့ခဲ့မှုနဲ့ အဖမ်းခံလိုက်ရပါတယ်။ အသက် ၇၇နှစ် ရှိနေပြီဖြစ်တဲ့ ဂျိုးဆယ်ရီဟာ တောင်ဆန်ဟဲဗီးပေါင်ဒါနဲ့ ပါ့တ်စ်ကုမ္ပဏီကို ဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။
နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှုး ဂျန်စ်စတိုလ်တန်ဘာ့ဂ်က ယူကရိန်းရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လျောက်ထားမှုဟာ ဆိုင်လဲမဆိုင်၊ လောလောလတ်လတ်ဖြစ်လာမှာလည်းမဟုတ်ပဲ သူတို့အာဂျင်ဒါထဲမှာလည်း မပါဘူးလို့ သောကြာနေ့တုန်းက ပြောသွားပါတယ်။ ယူကရိန်းဘက်ကတော့ အဖွဲ့ဝင်ဖြစ်ဖို့ လျောက်ထားခွင့်ရှိပြီး သူတို့အဖွဲ့ကတော့ နိုင်ငံတိုင်းရဲ့ ရွေးချယ်ပိုင်ခွင့်ကို လေးစားမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ သမားရိုးကျနိုင်ငံရေးလုပ်စားတွေရဲ့ စကားလှအောင်ပြောနေတာကို သတိပြုစေချင်ပါတယ်။ နေတိုးလိုအဖွဲ့မှာ ဦးဆောင်နေသူတွေရဲ့ ဆုံးဖြတ်ချက်က အခရာပါ။ မပေးနိုင်ပဲနဲ့ မျှော်လင့်ချက်တွေ ပေးနေတာက ယူကရိန်းရဲ့ အခြေအနေကို ပိုဆိုးသွားစေတာပဲ ဖြစ်မှာပါ။ ဂျာမန်အဓိပတိအသစ်က ယူကရိန်းက နေတိုးအဖွဲ့ဝင် ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောခဲ့ပြီးသားပါ။
တကယ်တော့ အခုလိုယူကရိန်းနေတိုးဝင်/မဝင်ဆိုတာတွေ ခုမှ ပြန်ပြောလာတာက ကာမလာပြောသွားတဲ့ အမေရိကန်က ယူကရိန်းနဲ့ တူတူရပ်မယ်၊ ယူကရိန်းနဲ့ နေတိုးအဖွဲ့ဝင်တွေကို ကာကွယ်သွားမယ်လို့ ပြောခဲ့လို့ အိမ်ဖြူက ပြန်ဖြေရှင်းချက်ထုတ်နေရတဲ့အချိန်မှာ ထွက်လာတာပါ။ ဘိုင်ဒန်မှားလိုက် အိမ်ဖြူကထွက်ဖာလိုက် ကာမလာမှားလိုက် ဖာလိုက်နဲ့ အခြေအနေအရပ်ရပ်ရဲ့ သဘောသဘာဝကို နားမလည်ပဲပြောရင်တော့ မှားမှာပဲ။ ကြည့်ရတာ ဘိုင်ဒန်ရော ကာမလာရောက နားလည်အောင်လည်း ကြိုးစားနေပုံမရနေတာပါ။