Deadly Sin: Politics without Principle (M.Gandhi)

မူမရှိပဲ နိုင်ငံရေးလုပ်တာက သေလောက်အောင် အပြစ်ကြီးပါတယ်။ (မဟတ္တမဂန္ဒီ)

ဒီကနေ့ဆိုရင် ဘိုင်ဒန်အစိုးရတက်လာတာ ၁၄လ ရှိသွားပါပြီ။​ ဒီ ၁၄လအတွင်း ဘိုင်ဒန်အစိုးရ လုပ်ခဲ့သမျှအပေါ်မှာ အကောင်းတခုလောက်ပြစမ်းပါဆိုရင် ဘယ်ပါတီကပဲဖြစ်ဖြစ် ပြောနိုင်မယ့်သူ မရှိပါဘူး။ ဘိုင်ဒန်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်တာကို လက်မခံနိုင်သူများကိုယ်တိုင်လည်း တခုမှ အကောင်း ပြောစရာမရှိပါဘူး။ အဲဒီလို ဝေဖန်တဲ့အပေါ်မှာ အငြင်းပွါးနေသူများကို တခုလောက် ပြောချင်ပါတယ်။ သေချာတာက ဒီတိုင်းပြည်မှာနေနေသူအားလုံး ဘယ်သူမှ တိုင်းပြည်မြောင်းထဲ ဒိုက်ဗင်ထိုးဆင်းသွားတာ မမြင်ချင်ကြတာတော့ တူမယ်လို့ ထင်ပါတယ်။​

ဒီမိုကရက်နဲ့ ရီပါဘလစ်ကန်ဆိုတာ မတူညီတာတွေ ရှိမှာပါပဲ။ အဲဒီအပေါ်မှာ မုန်းတီးစိတ်ဝမ်းကွဲနေစရာ မလိုပါဘူး။ တမိသားစုထဲတောင် အမြင်မတူတာတွေ ရှိနိုင်တာပဲလေ။ ပါတီဆိုတာလည်း လူတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ ဘယ်ပါတီဝင်မို့ အကောင်း၊ ဘယ်ပါတီဝင်မို့အဆိုးဆိုတာ လူဖြူမို့ဘာ၊ လူမည်းမို့ဘာ၊ ဆိုတာမျိုးလိုပဲ ပုံသေပြောလို့မရနိုင်တဲ့ကိစ္စပါ။ သေချာတာတစ်ခုက ဘယ်အရာမှ တသမတ်တည်းမရှိနိုင်တာပါပဲ။ အဲဒါကြောင့် အားလုံးကို တိုက်တွန်းချင်တာတခုက ပါတီဆိုတာထက် ဒီတိုင်းပြည်ကို သွားစေချင်တဲ့ လမ်း၊ တိုတိုပြောရရင် ကိုယ့်ရဲ့ မူတွေကို ပြန်သုံးသပ်စေချင်ပါတယ်။

မူတွေဆိုတာက ဥပမာပြောရရင်

  • သန္ဓေသားဟာ မိခင်ရဲ့ အစိတ်အပိုင်းဖြစ်လို့ မိခင်သဘောကျ လုပ်ချင်ရာလုပ်ခွင့်ရှိတယ်ဆိုပြီး ကိုယ်ဝန်ဖျက်ချတာကို အားပေးသူလား၊
  • ကိုယ့်တိုင်းပြည်ရဲ့ စွမ်းအင်တွေကို renewable အရင်းအမြစ်တွေနဲ့ ဈေးချိုချို စိတ်ချလက်ချ အစားမထိုးနိုင်ခင် အလျင်စလို ရပ်ပစ်ပြီး ရန်သူတွေပေါ် မှီခိုနေရတာကို ဖြစ်သင့်တယ်လို့ မြင်သူလား၊
  • လူတဦးရဲ့ စာရိတ္တနဲ့ လုပ်ရည်ကိုင်ရည်ထက် အသားအရောင်နဲ့ လိင်ကို ဦးစားပေးသင့်တယ်လို့ ထင်သူလား၊
  • ပြည်သူတွေမှာ ကိုယ့်ကိုယ်ကို လက်နက်နဲ့ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ မယုံကြည်ပဲ လက်နက်ကိုင်ဆောင်ခွင့်ဟာ အစိုးရဆီမှာပဲ ရှိသင့်တယ်လို့ ထင်သူလား၊
  • ဝင်ငွေနည်းပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း/တက်လမ်းတွေ ပေါများလာအောင်၊ လုပ်ငန်းရှင်ကြီး/ငယ်များအတွက် လုပ်ငန်းတိုးချဲ့ရာမှာ အတုတ်အနှောင် အဟန့်အတားဖြစ်နေတာတွေကို ဖယ်ရှားပေးပြီး အလုပ်ကြိုးစားဖို့ အားပေးရမယ့်အစား အလုပ်ကြိုးစားလို့ အောင်မြင်လာသူတွေဆီက/လုပ်ငန်းရှင်တွေဆီက ပိုက်ဆံကို အစိုးရက အခွန်အမြင့်ကြီးကောက်ပြီး အလုပ်မလုပ်ချင်သူတွေကို ပြန်ဖြန့်ပေးတဲ့စနစ်ကို သဘောကျသူလား၊
  • အနှစ်၄၀ကျော် ကျင့်သုံးပြီး ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွါးရေး၊ လူမှုရေး အဖက်ဖက်မှာ တိုးတက်မလာပဲ ကြွေးပဲထူသထက်ထူလာတဲ့ ပြည်နယ်အစိုးရတွေကိုပဲ ဆက်လက်မဲပေးနေသူလား၊
  • တကမ္ဘာလုံးက ဘာမှန်းမသိတဲ့လူတွေ အမေရိကန်ကို တံခါးမရှိ ဓါးမရှိ အစစ်အဆေးမရှိ ဝင်ချင်တိုင်းဝင်နေပြီး ကိုယ့်ကို အန္တရာယ်ပြုလာနိုင်သူတွေရဲ့ စရိတ်စကအဝဝကို သင်တို့ပေးနေရတာ ဖြစ်သင့်တယ်လို့ ထင်သူလား၊
  • နယ်စပ်တွေဖွင့်ထားခြင်းဖြင့် လူကုန်ကူးမှု၊ လိင်ကုန်ကူးမှု၊ မူးယစ်ဆေးမှောင်ခိုမှု၊ မူးယစ်ဆေးဖြန့်မှုတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ အားပေးနေသူလား၊
  • အစိုးရက ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ အသေးစိတ်ဝင်ပါနေတာကို လွတ်လွတ်လပ်လပ် နေရတာထက် ပိုသဘောကျသူလား၊
  • သားသမီးအကျိုးစီးပွါးကို မိဘထက် အစိုးရဆိုသူတွေက ပိုလိုလားတယ်လို့ ယုံကြည်သူလား၊
  • စစ်အင်အားတောင့်တင်းခိုင်မာစေခြင်း၊ ပြောတဲ့အတိုင်းလုပ်တယ်ဆိုတာကို ပြသခြင်းဖြင့် ကမ္ဘာ့ငပွများဇောင်းမထရဲအောင် လုပ်နိုင်တယ်ဆိုတာ သက်သေရှိသော်လည်း ယုံကြည်ဖို့ ခက်ခဲနေသူလား၊
  • စစ်တပ်မှာ တိုက်ရည်ခိုက်ရည်ရှိသူထက် လူကြီးပြောသမျှနာခံသူ၊ လိင်/အရောင်ဦးစားပေးသူ ကိုသာ ခန့်ထားပြီး ကိုယ့်တပ်အင်အားခြေဖျားတောင် မမှီသူကို ကြောက်နေတာကမှ အမှန်လို့ ထင်နေသူလား၊

အဲဒီအချက်တွေနဲ့ ချိန်ထိုးကြည့်ပြီး ကိုယ်ကအဲဒီအတိုင်း ယုံကြည်နေသူမဟုတ်ခဲ့ရင် ကနေ့ခေတ် ဒီမိုကရက်ခေါင်းဆောင်တွေကို ထောက်ခံနေတာ မှားနေပြီလို့ ပြောချင်ပါတယ်။ လက်ရှိဒီမိုကရက် ပါတီထဲမှာ အလယ်အလတ်လမ်းစဉ်သမားတွေ အကျဉ်ခံနေရပြီး လက်ဝဲစွန်းတွေကပဲ ချယ်လှယ်နေတာပါ။ သူတို့မှာ ခိုင်ခိုင်မာမာ မူမရှိပါဘူး။ ဘေလ်ကလင်တန်တို့လက်ထက်ကတောင် နယ်စပ်လုံခြုံရေးကို အလေးထားခဲ့ပြီး ကိုယ်ဝန်ဖျက်ချတာတို့ လိင်/အရောင်ဦးစားပေးတာတို့ကို အသားမပေးခဲ့ပါဘူး။ လိမ္မော်သီးလိုချင် လိမ္မော်သီးဝယ်မှ ဖြစ်မှာပါ၊ သံပုရာသီးဝယ်လာပြီး လိမ္မော်သီးဖြစ်လာဖို့ မျှော်လင့်နေလို့ မရနိုင်ပါဘူး။

လိမ္မော်သီးအရသာလိုချင်ရဲ့သားနဲ့ သံပုရာသီးပဲ ရွေးမိနေသူများရဲ့ တူညီချက်တခုက မီဒီယာတွေ မှိုင်းတိုက်ထားတဲ့ သတင်းအမှားတွေ၊ လိုရာဆွဲဖြတ်ညှပ်ကပ်ပြတာတွေထဲမှာ ပိတ်မိနေသူတွေ ဖြစ်နေကြတာပါ။ အဲဒီလိုပိတ်မိနေပြီဆိုရင် ကိုယ့်အနာဂတ်၊ ကိုယ့်ကလေးတွေအနာဂတ်၊ တိုင်းပြည်အနာဂတ်တို့အတွက် ဘယ်သူ့ကိုမှ အားမနာပဲ ပြန်သုံးသပ်ကြပါလို့ ပြောချင်ပါတယ်။ အစိုးရမကောင်းတာ အလုပ်လုပ်နိုင်တုန်းအရွယ်တွေအတွက် အလုပ်ပိုလုပ်တာနဲ့ ထေနိုင်ကောင်း ထေနိုင်ပေမယ့် အသက်ကြီးလို့ ဝင်ငွေက အကန့်အသတ်ရှိသွားပြီ၊ ကျန်းမာရေးကလည်း ယိုယွင်းလာပြီဆိုရင် အထိနာပါလိမ့်မယ်။

တကယ်တော့ ပါတီပြောင်းကြတာက ဘာမှဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ သမ္မတရီဂင်တို့ သမ္မတထရမ့်တို့အပါအဝင် သမ္မတတွေ၊ နာမည်ကြီးနိုင်ငံရေးသမားတွေက အကြိမ်ကြိမ် ပြောင်းနေကြတာပါ။ တသက်လုံးပါတီမပြောင်းဘူးဆိုတာလည်း ဂုဏ်ယူရမယ့်ကိစ္စမဟုတ်ပါဘူး။ ပြောင်းလဲနေတဲ့ အခြေအနေအရပ်ရပ်နဲ့ ကိုယ့်မူတွေနဲ့ကိုက်ရဲ့လားဆိုတာ အမြဲတမ်း ကြည့်ကိုကြည့်နေရမယ့်ကိစ္စပါ။ လူကိုခင်လို့ မူကိုပြင်တယ်ဆိုတာ မူမခိုင်တဲ့လူတွေလုပ်ကြတာပါ။ မူခိုင်တဲ့လူက ကိုယ်မူနဲ့ ကိုက်တဲ့ပါတီကို ရွေးထားပြီး ပါတီက နဂိုမူတွေကနေတိမ်းလာပြီဆိုရင် ထိမ်းကျောင်းလို့ရသေးရင် ထိမ်းကျောင်း၊ မရနိုင်တော့ရင် ကိုယ့်မူနဲ့ပိုကိုက်တဲ့ နောက်ပါတီတခုကို ပြောင်းသင့်ပြောင်း လုပ်ရမှာပါ။ နိုင်ငံရေးဆိုတာ ပြည်သူ့အရေးဖြစ်လို့ ပြည်သူက ရွေးချယ်ခံတွေကို အမြဲထိမ်းကျောင်းနေရမှာပါ။ နိုင်ငံရေးသမားတွေက ပြည်သူကို ထိမ်းကျောင်းရမှာမဟုတ်ပါဘူး။

အခုလိုအခြေအနေမှာတောင် ဘိုင်ဒန်တို့ လုပ်တာကြိုက်လှတယ်မဟုတ်ပေမယ့် ထရမ့်က ပိုဆိုးတယ်လို့ ထင်နေတဲ့လူတွေက ထရမ့်အုပ်ချုပ်သွားတဲ့ ၄နှစ်ကို ပြန်ကြည့်စေချင်ပါတယ်။ နံပါတ်တွေက မလိမ်ပါဘူး။ အိုင်အာအက်စ်ရော၊ စီအိုင်အေရော အက်ဖ်ဘီအိုင်ရော မီဒီယာအများစုကိုရော ကိုင်ထားသူတွေက ထရမ့်မှာ တကယ်လောက်လောက်လားလား အပြစ်တင်စရာရှိရင် အစထဲက တက်ကိုလာမှာမဟုတ်ဘူးဆိုတာလောက်တော့ စဥ်းစားမိသင့်ပါတယ်။ အရေးအကြီးဆုံးအချက်က ထရမ့်က ရွေးကောက်ပွဲမှာ ပေးထားတဲ့ကတိတွေ တည်တဲ့အပြင် ပိုတောင်လုပ်ပေးခဲ့တဲ့ ရှားရှားပါးပါးသမ္မတဆိုတာ မငြင်းနိုင်တဲ့ အမှန်တရားဖြစ်နေတာပါ။


မီဒီယာတွေက ပြောရင် အတင်းတုတ်/အပုတ်ချနေတာလား၊ ပြည်သူသိသင့်လို့ တင်ပြတာလားဆိုတာ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ လက်တွေ့အခြေအနေနဲ့ ဆက်စပ်စဉ်းစားရမှာပါ။ ကိုယ့်မှာ အကြည်ဓါတ်ရှိရင်တော့ မူမမှန်ရင် တန်းသိမှာပါ။ ဖက်ချက်တွေ တော်တော်များများကလည်း လက်ဝဲသမားတွေ ထောက်ပံ့ထားတာဖြစ်ပြီး ၁၉၈၄စာအုပ်ထဲကလို အမှန်တရားဝန်ကြီးဌာနအဖြစ် ဦးနှောက်ဆေးတဲ့ လက်တံတခုဆိုတာ အထောက်အထားတွေ အများကြီးပါ။​ (အလိမ်ခေတ်မှာ မှန်တာပြောတဲ့သူတွေကို အမုန်းစကားဖြန့်သူတွေအဖြစ် သတ်မှတ်ကြတယ်လို့ စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ်က ၁၉၄၉မှာ ထုတ်တဲ့စာအုပ်ထဲမှာ ရေးထားတာပါ။) အလိမ်ခံရတဲ့ဖီလင်ကို မကြိုက်ကြရင် ကိုယ့်ဖက်က အားထုတ်မှုတခုတော့ လိုပါတယ်။​ အလွယ်ကြိုက်သူတွေ၊ အချောင်လိုချင်သူတွေ၊ ဖြတ်လမ်းလိုက်ချင်သူတွေပဲ အလိမ်ခံရတာ များလို့ပါ။

ချုပ်ရရင်တော့ ကိုယ့်ရဲ့ တန်ဖိုးတွေ၊ ကိုယ့်ကိုးကွယ်ယုံကြည်မှုတွေ၊ ကိုယ့်မူတွေနဲ့ တိုင်းပြီးတော့ပဲ နိုင်ငံရေးပါတီ/ခေါင်းဆောင်ကို ရွေးပါ၊ ခံစားချက်နဲ့ရွေးလို့ အပြောတမျိုး အလုပ်တမျိုးနဲ့လူတွေ သူတို့အာဂျင်ဒါဝင်အောင် ကျုံးသွင်းသမျှ ကိုယ်ပါ ပါမှန်းမသိပါနေရင် ဘဝမှာရော သံသရာမှာပါ နစ်နာလွန်းပါတယ်။ (ဒါက မူပိုင်းနဲ့ ပတ်သက်တာပါ။ အထင်အမြင်လွဲနေတာတွေကို နောက်မှ သပ်သပ်တစ်ပိုင်း တင်ပေးပါမယ်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: