FBI Raid on Trump Home 1

ဒီကနေ့ ၄၅ရဲ့ ဖလော်ရီဒါက အိမ်ကို အက်ဖ်ဘီအိုင်က အင်အားနဲ့ ဝင်စီး ဝင်ရှာပြီး မီးခံသေတ္တာ ဖွင့်ခိုင်းကာ ပုံး၁၅လုံးခန့်ရှိ စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ဆိုပြီး သိမ်းသွားပါတယ်။ သမ္မတထရမ့်က အစိုးရဌာနတွေ စစ်ချင် ဆေးချင်တာရှိတိုင်း ငါတို့ ပူးပေါင်းဆောင်ရွက်နေတာပဲ၊ အခုလို မပြောမဆိုနဲ့ ဝင်စီးတာ ဝင်စစ်တာမျိုး လုပ်စရာ မလိုအပ်သလို လုပ်ဖို့လည်း မသင့်တော်ဘူးလို့ ဆိုပါတယ်​။ အခုလို အင်အားသုံးစီးနင်းတာက ထရမ့်က ၂၀၂၄ရွေးကောက်ပွဲကို ဝင်မယ့်သဘောမျိုး အရိပ်အမြွက် နောက်ဆုံးပြောခဲ့ပြီး ၂ရက်အကြာမှာ ဖြစ်ပါတယ်။

သမ္မတထရမ့်က အဆိုပါစီးနင်းမှုအပေါ် “တရားရေးဌာနရဲ့ မလျှော်ကန်တဲ့ အပြုအမူဖြစ်ကြောင်း၊ လက်ဝဲစွန်းတွေက သူ့ကို ၂၀၂၄မှာ ဝင်ပြိုင်လို့ မရအောင် တရားရေးစနစ်ကြီးတခုလုံးကို လက်နက်သဖွယ် အသုံးချနေတာဖြစ်ကြောင်း၊  အမေရိကန်သမိုင်းမှာ ဘယ်သမ္မတမှ မကြုံခဲ့ဖူးဘူးကြောင်း၊ ဒီမိုကရက်တွေက ရီပါဘလစ်ကန်တွေနဲ့ ကွန်ဆာဗေးတစ်တွေကို ဒီနှစ်နိုဝင်ဘာရွေးကောက်ပွဲမှာ မနိုင်အောင် ဘာကိုမဆို လုပ်သွားမယ့် သဘောဖြစ်ကြောင်း၊ စသဖြင့် ဝေဖန်ပြောကြားသွားပါတယ်။  

အခုလို စီးနင်းရှာဖွေတာကို အိမ်ဖြူက ကြိုမသိဘူးလို့ ဆိုပါတယ်။ ရှာဖွေရတဲ့အကြောင်းရင်းကိုတော့ လျို့ဝှက်စာရွက်စာတမ်းတွေက ထရမ့်အိမ်မှာရောက်နေတယ်ဆိုတဲ့ ဒီနှစ်အစောပိုင်းမှာ စွပ်စွဲထားတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးတာပါလို့ ဆိုပါတယ်။ အမေရိကန်ဥပဒေအရ သမ္မတဖြစ်ခဲ့ဖူးသူတွေကို တိုင်းပြည်ရဲ့ လက်ရှိ ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးကိစ္စတွေရဲ့ လျို့ဝှက်အစီရင်ခံစာတွေကို အစီရင်ခံရပါတယ်။ အဲဒီအလေ့အထဟာ သမ္မတထရမ့် အိမ်ဖြူက ထွက်လာပြီးချိန်မှာ ရပ်စဲသွားသလို ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ အိုဘားမားက ထရမ့်ကို သမ္မတဟောင်းတွေကိုလုပ်တဲ့ ဘရိဖ်ဖင်းကို မပါစေရလို့ တားမြစ်ထားလို့ ဖြစ်ပါတယ်။ သူတို့တချိန်လုံး ပြောနေခဲ့သလိုပဲ ထရမ့်က အာချောင်တတ်သူဖြစ်လို့ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးတာတွေ မသိသင့်ဘူးလို့ အကြောင်းပြတာပါ။

အိုဘားမားတို့အုပ်စုရဲ့ အကြောင်းပြချက်က ယုတ္တိတန်မတန် သိချင်ရင် ထရမ့်လက်ထက် တိုင်းပြည်မှာ ပြည်သူတွေ ချောင်လည်သလား၊ လွတ်လပ်သလား၊ ရန်သူတွေရဲ့ လေးစားမှု ရသလား၊ စော်ကား ခံရသလား၊ တင်စီးခံရသလား၊ ပြည်ပရောက် အမေရိကန်တွေ လုံခြုံမှု ရှိသလား၊ ရန်သူက ကိုယ့်လုံခြုံရေးသတင်းတွေ ကြိုသိနေလို့ ကိုယ့်တပ်တွေ တိုက်ခိုက်ခံရသလား၊ အသက်ဆုံးရှုံးမှု ရှိသလား၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ ကမ္ဘာနိုင်ငံငယ်တွေရော ဘူလီနိုင်ငံတွေရဲ့ အနိုင်ကျင့်မှုက ကင်းလွတ်သလား၊ စတဲ့ ပေတံတွေနဲ့ တိုင်းကြည့်လို့ ရပါတယ်။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဥ်းစားကြည့်ချင်သူတွေအတွက်ပါ။

လုံခြုံရေးနဲ့ပတ်သက်ရင် ဒေါ်နန်စီတို့ သိသမျှလုံခြုံရေးသတင်းတွေ ပေါက်ကြားပြီး တပ်ဖက်ကအကြံတွေ မအောင်မြင်ဖြစ်တတ်လွန်းလို့ ဆိုလေမာနီကို သုတ်သင်တာမှာ သူမကို လုံးဝ အသိမပေးခဲ့လို့သာ အဲဒီကိစ္စ အောင်မြင်ခဲ့တာပါ။ ဟေလာရီလည်း ထိုနည်းလည်းကောင်းပါပဲ။ ခံလာလိုက်ရရင် ကိုယ့်လူတွေချည့်ပါ။ အဲဒီလိုလူတွေက ပြန်ပြဲပြနေတာ ရယ်စရာကောင်းတာထက် တိုင်းပြည်အတွက်ရော ဆုံးရှုံးနစ်နာရသူတွေအတွက်ပါ ဝမ်းနည်းစရာ ဖြစ်ရပါတယ်။

ဟိုတနေ့က ရေးခဲ့သလို နန်စီယောက်ျား အရက်သောက်/မူးယစ်ဆေးသုံးပြီး အရှိန်မြင့် ကားတိုက်မှုမှာ သူတို့အကြိုက်ဆုံးဖြတ်ပေးမယ့်သူတွေနဲ့ မျက်လှည့်ပြလိုက်သလို အစားထိုးထားတဲ့အပြင် ဒေါ်နန်စီယောက်ျားက မိုက်ကရိုဆော့ဖ်ကို လွှတ်တော်က ဘီလီယံပေါင်းများစွာတန်တဲ့ ကန်ထရိုက်မပေးခင်လေးမှာ ၅သန်းဖိုး ရှယ်ယာတွေ ဝယ်ယူခဲ့တာနဲ့ ဘိုင်ဒန်တို့ ပြည်တွင်းရေနံထုတ်လုပ်မှုကို မကန့်သတ်ခင်မှာ တက်စ်လာရှယ်ယာတွေ သန်းချီဝယ်ယူခဲ့တာတွေက သာမန်လူဆိုရင် ထောင်ကျမှာ ကျိန်းသေတဲ့ ကိစ္စတွေပါ။ အဲဒါမျိုး အတွင်းသတင်းနဲ့ လက်ဝါးရိုက်ရှယ်ယာဝယ်တဲ့ အင်ဆိုက်ဒါထရိတ်ဒင်း လုပ်နေတာ လွှတ်တော်ထဲမှာ အမတ် ၆၆ဦးထက် မနည်းဘူးလို့ သိရပါတယ်။ ဒါကြောင့်လည်းလည်း တယောက်ပေါ်ရင် အကုန်ပေါ်မှာစိုးတော့ သွေးစည်းညီညွတ်နေကြတာ ဖြစ်မှာပါ။

လယ်ပြင်ဆင်သွားသလို ထင်ရှားနေတဲ့ ဟန်းတားကိစ္စကိုလည်း အက်ဖ်ဘီအိုင်ရော မီဒီယာတွေရောက ဝိုင်းဖုံးဖိထားကြတာ မကြာသေးမီလပိုင်းအထိပါပဲ။ ငြင်းမရတော့မှ နယူးယောက်တိုင်းမ်စ်က ဖော်ပြပေမယ့် အဖြစ်သဘောဆိုတော့ လူအများဆီ ရောက်မယ်လို့ ပြောမရပါဘူး။

ထရမ့်အုပ်ချုပ်ခဲ့တဲ့ ၄နှစ်တာမှာ ကလင်တန်တို့ ဇတ်တိုက်စွပ်စွဲခဲ့တဲ့ ရုရှားနဲ့ကိစ္စကိုလည်း အက်ဖ်ဘီအိုင်က နှစ်ချီစစ်ဆေးခဲ့သလို အိုင်အာအက်စ်ကလည်း ၂၀၁၅မှာ ထရမ့်ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ကြေငြာချိန်ကစပြီး ဘီးစိတ်တိုက်စစ်တော့တာပါပဲ။ ခုထိလည်း နယူးယောက်က ရှေ့နေက အကြောင်းမရှိ အကြောင်းရှာ ဆင့်ခေါ်စာတွေပို့ ခေါ်စစ်ဖို့ ကြိုးစားနေဆဲပါ။ အိုင်အာအက်စ်ရော အက်ဖ်ဘီအိုင်ရောကို အပိုင်ကိုင်ထားတဲ့ ဒီမိုကရက်တွေမှာ ထရမ့်ကို အပြစ်တင်စရာ နဲနဲ တွေ့ရင်တောင် ပုံကြီးချဲ့ပြီး အပြစ်မကြီးကြီးအောင် ဆွဲချကြမှာ အသေအချာပါပဲ။

အခုဒီမိုကရက်တွေ အသည်းအသန်ကြိုးစားနေတဲ့ ငွေဖောင်းပွမှုကို လျော့ချဖို့လို့ အယောင်ပြထားတဲ့ အစိုးရ အသုံးစာရိတ်ဘေလ်အကြီးကြီးမှာ ငွေဖောင်းပွမှုကို လျော့စေမှာ တချက်ကလေးမှ မပါသလို ၄သိန်းအောက်ဝင်သူတွေအတွက် အခွန်မတိုးပါဘူးလို့ အာမခံထားတဲ့ ဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲကတိကိုလည်း မရေမတွက်နိုင်လောက်တဲ့ အကြိမ်အဖြစ် ထပ်မံ ချိုးဖောက်လိုက်ပြန်ပါတယ်။ တိုင်းပြည်အသုံးစားရိတ်က ရတဲ့အခွန်ထက် ပိုများနေမယ်၊ ချေးငွေရဖို့လည်း မရှိဘူးဆိုရင် ရိုက်ထုတ်တဲ့ ငွေနဲ့ပဲ ဖြည့်စည်းရတာပါ။ အဲဒီတော့ ငွေဖောင်းပွမှုကို မဆိုသလောက်လေးပဲ သက်ရောက်မှာပါဆိုတာ မိုးလုံးပြည့် မုသားတခုပါပဲ။

အဲဒီထဲမှာ ထရမ့်အိမ်ကို အင်အားသုံးပြီး ရှောင်တခင် ဝင်ရောက်စီးနင်း ရှာဖွေတာမျိုးနဲ့ ဆိုင်တာတခုက အိုင်အာအက်စ်ကို လူအင်အား ၈သောင်း ၇ထောင်ကျော် ထပ်ခန့်ဖို့ လုပ်လိုက်တာပါ။ အဲဒီလူတွေအားလုံးက ပြည်သူကို ကူညီဖို့ မေးတာဖြေဖို့ လုံးဝမဟုတ်ပဲ စစ်ဆေးရေးဝင်ဖို့ အင်အားဖြည့်တာပါ။ ဘယ်သူတွေကို စစ်ဆေးမှာလည်းဆိုတော့ အခုလို သူတို့ထိုင်ခုံကို နှဲ့လာနိုင်သူတွေကိုပါ။ ဟိုးအထက်ကမှ နာမည်ကြီးမှ မဟုတ်ပါဘူး၊ လူတိုင်း ထိနိုင်ပါတယ်။

ရီပါဘလစ်ကန်ကို လှူရင်၊ ကိုယ်ဝန်ဖျက်ချတာ ကန့်ကွက်တဲ့ ဘုရားကျောင်းတွေ အဖွဲ့တွေကို လှူရင်၊ အိမ်ယာမဲ့တွေကို ကူညီတဲ့ ဘုရားကျောင်းအဖွဲ့တွေကို ကူညီရင် လှူဒါန်းရင် အကုန်ခေါ်အကြပ်ခံရတော့မှာပါ။ အခုလည်း ဖြစ်နေတာပါပဲ၊ မသိကြလို့သာပါ။ အချိန်ပေးရှာနိုင်ရင် အဲဒီသတင်းတွေ တွေ့မှာပါ။ အဲဒါက ပြည်သူတွေလွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ဗျောက်ဖောက်တာထက် ပိုထိရောက်တယ်ဆိုတာ ကိုယ်ပိုင်ဦးနှောက်နဲ့ စဥ်းစားတတ်ရင် သိနိုင်ပါတယ်။

ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကိုလည်း ထိပါးလာမယ်၊ တရားရေးကလည်း မြန်မာပြည်ကလို သိသိသာသာ ဘက်လိုက်မယ်၊ ထောက်လှမ်းရေးကလည်း ခင်ညံ့လက်ထက်ကလို အမေရိကန်မှာ ဖြစ်လာမယ်ဆိုရင် ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေက မမှန်းဆနိုင်လောက်အောင်ပါပဲ။ လွတ်လပ်ခွင့်အတွက် လက်နက်ကိုင်စွဲပြီး တိုက်လာရတဲ့အခြေအနေမျိုး ဖြစ်တဲ့အထိ စောင့်နေကြဖို့တော့ မသင့်ပါဘူး။ ခေါင်ထိ အကုန်စားမူလိုပဲ လွတ်လပ်သောကမ္ဘာကြီးရဲ့ မီးရှူးတန်ဆောင်နိုင်ငံတောင် ဒီအခြေအနေရောက်လာမယ်ဆိုရင် ကျန်နိုင်ငံတွေမှာရော မျှော်လင့်ချက်က ဘယ်လို ဖြစ်လာမလဲ၊ တရုပ်ကြီး ပြုသမျှ နုကြရတော့မှာလား၊ စဥ်းစားကြပေါ့လေ။

Leave a comment