မနေ့က ထရမ့်ရဲ့ ဖလော်ရီဒါက မာရာလေဂိုအိမ်ကြီးကို အင်အားသုံး ရှောင်တခင် ဝင်ရှာခဲ့တာဟာ ၉နာရီကျော် ကြာမြင့်ပြီး သမ္မတဟောင်းထရမ့်ရဲ့ သီးသန့်ရုံးခန်းထဲကို ဝင်ရှာခါ မီးခံသေတ္တာကြီးကို ချိုးဖျက်ဖွင့်ဖောက်ပြီး အံဆွဲတွေ အကုန်ဖွင့်ထုတ်ပြီး နာရီပေါင်းများစွာ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထရမ့်တို့ အိပ်ခန်းက မီလာနီယာရဲ့ အဝတ်အစားဘီရိုတွေပါမချန် စစ်စစ်ပေါက်ပေါက် ရှာဖွေခဲ့ပါသေးတယ်။
ရှာဖွေဝရမ်းမှာ ပါတာက သမ္မတဖြစ်စဥ်က မှတ်တမ်းတွေနဲ့ လျို့ဝှက် အချက်အလက်တွေကို အဲဒီစံအိမ်မှာ သိမ်းထားတယ်ဆိုတာကို သက်သေပြချင်လို့ ဖြစ်ပါတယ်။ အဲဒါဆိုရင် သမ္မတကတော်ရဲ့ အဝတ်ဘီရိုတွေကို စစ်စစ်ပေါက်ပေါက်လိုက်ကြည့်တာက သက်သက် စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာပါပဲ။ မျက်မြင်သက်သေတွေအဆိုအရလည်း အက်ဖ်ဘီအိုင် အေးဂျင့်တွေဟာ မောက်မာကြတယ်လို့ ဆိုပါတယ်။
အက်ဖ်ဘီအိုင်ယူသွားတဲ့ ပုံး၁၅လုံးကို အစိုးရပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီဖြစ်ပြီး တခြား ဘာတွေယူသွားသေးလဲဆိုတာကိုတော့ အက်ဖ်ဘီအိုင်က စာရင်းထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် မသိရပါဘူး။ ဒီကနေ့မှာတော့ ထရမ့်က နယူးယောက်ကအိမ်ကို ရောက်လာပြီဖြစ်ပါတယ်။
သိမ်းသွားတဲ့ စာရွက်စာတမ်းတွေထဲမှာ သမ္မတဖြစ်စဥ်ကာလတလျောက်လုံးက စာရွက်စာတမ်းတွေ ပါဝင်ပြီး အဲဒီထဲမှာ အရင်သမ္မတ အိုဘားမားက သမ္မတသစ်ထရမ့်ကို အစဥ်အလာအရ ပေးရတဲ့စာ၊ မ/ကရယ ကင်မ်ကနေ ရေးတဲ့စာနဲ့ တခြား ကမ္ဘာ့ခေါင်းဆောင်တွေကနေ ရေးတဲ့စာတွေ ပါဝင်ပါတယ်။ အီဗန်ကော်ကိုရန်ဦးဆောင်တဲ့ ထရမ့်ရှေ့နေအဖွဲ့က ဖက်ဒရယ်အရာရှိတွေနဲ့ပေါင်းပြီး အဆိုပါသိမ်းဆည်းစာရွက်စာတမ်းတွေကို အမျိုးသားမှတ်တမ်းတိုက်ကို ပြန်ပို့ပေးစေဖို့ ကြိုးစားနေပါတယ်။
မေလတုန်းကလည်း မာရာလေဂိုအိမ်ကြီးရဲ့ မြေအောက်ထပ်က ပစ္စည်းထားတဲ့အခန်းကို အက်ဖ်ဘီအိုင်က နာရီပေါင်းများစွာ ရှာဖို့ ရှေ့နေကော်ကိုရန်က ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းထဲက ထရမ့်မိသားစုက နယူးဂျာစီ ဘက်မင်စတာမြို့က ဂေါက်ကွင်းမှာရှိတဲ့ အိမ်မှာ ပြောင်းနေခဲ့ပါတယ်။ အဲဒါကြောင့် မနေ့က အက်ဖ်ဘီအိုင်စီးနင်းမှုမှာ ဝန်ထမ်းအနည်းငယ်ပဲ ရှိနေခဲ့တာပါ။ ဧက ၂၀ကျယ်တဲ့ ခြံအဝမှာတော့ သမ္မတဟောင်းတွေကို ပေးတဲ့ ထုံးစံအတိုင်း လက်နက်ကိုင် စီးကရက်ဆားဗစ်တွေ နေရာယူထားပါတယ်။
အက်ဖ်ဘီအိုင်က ထရမ့်တို့ကို အကြောင်းမကြားပဲ ဝင်တာဖြစ်ပေမယ့် သူတို့ဝင်ခွင့်ရဖို့ စီးကရက်ဆားဗစ်ကို ကြိုအသိမပေးပဲ မဖြစ်နိုင်ပါဘူးလို့ အငြိမ်းစား စီးကရက်ဆားဗစ်အရာရှိကြီး တဦးက ဆိုပါတယ်။ ထရမ့်ရှေ့နေတွေကတော့ ကြိုမသိရတဲ့အတွက် ဝင်ပြီး ၁နာရီလောက်နေမှ ရောက်လာကြတာပါ။ ရှေ့နေတွေ ရောက်လာပြီးတော့ သူတို့ညွှန်ကြားမှုနဲ့ ဝန်ထမ်းတွေက အက်ဖ်ဘီအိုင်တွေအတွက် တံခါးတွေ လိုက်ဖွင့်ပေးခဲ့ပါတယ်။ ရှေ့နေတွေကို လိုက်မကြည့်ဖို့အပြင် အထဲမဝင်ဖို့ပါ တားမြစ်ထားတဲ့အတွက် နေပူကျဲကျဲထဲမှာ စောင့်နေခဲ့ရပြီး ဘာတွေယူသွားတယ် ဆိုတာကိုလည်း အတိအကျ မသိရဘူးလို့ ဆိုပါတယ်။ အက်ဖ်ဘီအိုင်အေးဂျင့်တွေက လုံခြုံရေးကင်မရာတွေကိုပါ ပိတ်ခိုင်းပေမယ့် ရှေ့နေတွေက ပိတ်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ရှာဖွေဝရမ်းကို လက်မှတ်ထိုးပေးလိုက်တဲ့ တရားသူကြီး ဘရုစ်ရိန်းဟတ်က ၂၀၀၈ခုနှစ် မတိုင်ခင်က အစိုးရရှေ့နေ လုပ်ခဲ့သူဖြစ်ပြီး ၂၀၀၈ကစလို့ ကိုယ်ပိုင်ရှေ့နေလုပ်ငန်းစတင်ခဲ့ပါတယ်။ ၂၀၁၁မှာတော့ ကလေးလိင်အမြတ်ထုတ်သူ ဂျက်ဖရေအက်ပ်စတိန်းရဲ့ ဝန်ထမ်းတွေအတွက် ရှေ့နေလိုက်ပေးဖို့ ရိန်းဟတ်ကို အက်ပ်စတိန်းက ငှားရမ်းခဲ့ပါတယ်။ အက်ပ်စတိန်းကို ဖမ်းဆီးခဲ့တဲ့ ၂၀၁၉ခုနှစ်တုန်းက အစိုးရရှေ့နေရုံးနဲ့ အက်ပ်စတိန်းရဲ့ရှေ့နေအဖွဲ့တို့ကြား သံသယဖြစ်ဖွယ် ပူးပေါင်းဆောင်ရွက်မှုတွေ တွေ့ခဲ့ရလို့ လူတွေ အပြင်းအထန်ဝေဖန်တာ ခံခဲ့ရပါတယ်။
ရိန်းဟတ်လိုက်ပေးခဲ့တဲ့ အက်ပ်စတိန်းဝန်ထမ်းတွေထဲမှာ လေယာဥ်မောင်းနှစ်ဦး၊ အချိန်ဇယားရေးဆွဲ စီစဥ်ပေးသူ ဆာရာကဲလန်နဲ့ အက်ပ်စတိန်းရဲ့ ယူဂိုဆလပ်လိင်ကျွန်လို့ သိထားကြတဲ့ နာဒီယာမာစင်ကိုဗာ တို့ ပါဝင်ပါတယ်။ အဲဒီအချိန်က အက်ပ်စတိန်းဖက်က လိုက်ပေးတဲ့ ခေါင်းဆောင်ရှေ့နေ ဂျက်ခ်ဂိုလ်းဘာဂါရဲ့ ရုံးလိပ်စာနဲ့ ဘရုစ်ရိန်းဟတ် စတင်ဖွင့်လှစ်လိုက်တဲ့ သူ့ရုံးခန်းဆိုတာက အတူတူဖြစ်နေခဲ့တာကို တွေ့ရပါတယ်။
၂၀၀၈ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ဖြောင့်ချက်အရ အဲဒီဝန်ထမ်းတွေဟာ အက်ပ်စတိန်းနဲ့အတူ အမှုတွဲဖြစ်မသွားပဲ အစိုးရရှေ့နေနဲ့ အပေးအယူလုပ်ခဲ့ပါတယ်။ အပေးအယူဆိုပေမယ့် အက်ပ်စတိန်းအမှုအတွက် အရေးပါတဲ့ သက်သေခံတွေတော့ ဘာမှရလိုက်ပုံ မပေါ်ပါဘူး။ အက်ပ်စတိန်းရှေ့နေနဲ့ သူ့ဝန်ထမ်းတွေရဲ့ရှေ့နေက ရုံးခန်းလိပ်စာတခုတည်းဆိုတော့ အကျိုးစီးပွားချင်း လွတ်လွတ်ကင်းကင်း ဖြစ်မနေတာ ထင်ရှားနေလျက်နဲ့ အမှုကနေ နောက်မဆုတ်ပဲ ဆက်လိုက်ခဲ့တာက ရိန်းဟတ်တို့ရဲ့ ကိုယ်ကျင့်တရား သိက္ခာသမာဓိကို ပြသနေတာပါပဲ။
၂၀၁၁တုန်းက ရိန်းဟတ်ကျမ်းကျိန်ပြီး အစစ်ခံခဲ့တာမှာတော့ သူက အက်ပ်စတိန်းအမှုကို လိုက်ခဲ့တဲ့အဖွဲ့မှာ မပါဝင်တဲ့အတွက် အဲဒီအမှုနဲ့ပတ်သက်တဲ့ မည်သည့်လျို့ဝှက်ချက်ကိုမှ သိရှိခြင်းမရှိကြောင်း ကျိန်ဆိုထားပါတယ်။ နောက် ၂နှစ်အကြာမှာ ယူအက်စ်အတိုနေရုံးက သူ့အရင်အကြီးအကဲတွေရေးသားခဲ့တာမှာတော့ ရိန်းဟတ်ဟာ လက်ထောက်ဒီအေဘဝတုန်းက လူထုကို ချမပြထားတဲ့ အက်ပ်စတိန်းအကြောင်း လျို့ဝှက်ချက်တွေကို မသိခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ အက်ပ်စတိန်းတို့နဲ့ ပတ်သက်နေသူဆိုတော့ လက်မရွံ့ဖြစ်မှာ မလွဲပါဘူး။ ရိန်းဟတ်က အိုဘားမားနဲ့ ဂျက်ဖ်ဘုရှ်တို့ကိုကို ငွေလှူထားဖူးသူလည်း ဖြစ်ပါတယ်။
အခုလိုစစ်တာ စစ်ဆေးရှာဖွေတာမျိုးက ပြည်တွင်းအခွန်နဲ့ အက်ဖ်ဘီအိုင်က ၂၀၁၅ထဲက တစိုက်မတ်မတ် လုပ်လာခဲ့တာပါ။ မပြောမဆိုနဲ့ နေအိမ်ကိုလာရှာတာတခုပဲ ပိုထူးပါတယ်။ အဲဒီကထဲက သူတို့စွပ်စွဲသမျှ ဘာအထောက်အထားမှ မရ၊ မပြနိုင်ခဲ့ပေမယ့် အရှာခံရတာတခုနဲ့တင် တဖက်ပါတီက နိုင်ငံရေးအမြတ် ထုတ်နိုင်နေပြီ ဖြစ်ပါတယ်။ ဒီမိုကရက်တွေ တချိန်လုံး စွပ်စွဲနေသလို ထရမ့်က ဘာကြီး ညာကြီးဆိုတဲ့ နာမည်ဖျက်ဇတ်လမ်းတွေကို မီဒီယာအားနဲ့ ဝိုင်းဖိလိုက်ရင် ကိုယ်ပိုင်ခေါင်းမသုံးချင်သူတွေ၊ အမုန်းတွေနဲ့ နင်မဟုတ် နင့်အဖေပဲဆိုတဲ့သူမျိုးတွေ ဆီက မဲရနိုင်ခြေ တက်လာမယ်လို့ မျှော်လင့်နေပုံ ရပါတယ်။
ထရမ့်အစိုးရလက်ထက်မှာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ယာယီဒါရိုက်တာလုပ်ခဲ့တဲ့ ရစ်ချတ်ဂရီနဲလ်က တတိယကမ္ဘာနိုင်ငံတွေက အာဏာရှင်တွေသာ သူတို့ရဲ့ နိုင်ငံရေးရန်သူတွေကို အခုလို တရား/မတရားနည်းမျိုးစုံနဲ့ အပြစ်ရှာ ထောင်ချောက်ဆင်ကြကြောင်း၊ ဘိုင်ဒန်က သူ့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် အစိုးရယန္တယားကို အသုံးချနေကြောင်း၊ အဲဒါဟာ အလွန်ဆိုးရွားပြီး မဖြစ်သင့်တာတခုကို အစ/အလျဥ်လုပ်ပေးလိုက်သလို ဖြစ်နေကြောင်း တွိသွားခဲ့ပါတယ်။
ဂရီနဲလ်ရဲ့ တွိအပေါ် နယူးယောက်ရဲကော်မစ်ရှင်နာဟောင်းတဦးဖြစ်တဲ့ ဘာနတ်ကီရစ်က အခုလောက် အကြီးစား နှောက်ယှက်မှုမျိုး လုပ်တာတောင် ထရမ့်က ၂၀၂၄မှာ ဝင်ပြိုင်ဖို့ နောက်မဆုတ်ဘူးဆိုရင် နောက်တဆင့်က လုပ်ကြံဖို့ပဲ ဖြစ်လိမ့်မယ်လို့ သူ့အတွေ့အကြုံကို ကိုးကားပြီး သတိပေးလိုက်ပါတယ်။ စီးကရက်ဆားဗစ်က သူ့အလုပ်ဖြစ်တဲ့ ထရမ့်ပိုင်နက်ကို ကာကွယ်ပေးရမယ့်အစား ဘောင်ကျော်ပြီး အက်ဖ်ဘီအိုင်ကို ဝင်ခွင့်ပြုခဲ့တာက ဘာနတ်ကီရစ်ရဲ့ ခန့်မှန်းချက်ကို ပိုလေးနက်အောင် ပြနေသလိုပါပဲ။ အာဏာအတွက် မလုပ်ရဲတာမရှိတဲ့ ကြောင်ချေးတွေ မြန်မာပြည်မှာတင် ရှိတာမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။
လွတ်လပ်မှုက အလကားမရပါဘူး။