တနေ့က ကံတော်ကုန်သွားတဲ့ ဗြိတိန်ဘုရင်မကြီးကို လစ်ဗြဲတွေက တော်တော် မုန်းတီးကြတာပါ။ မကွယ်လွန်မီ ၂ရက်ကမှ ဝန်ကြီးချုပ်အသစ်ကို လက်ခံ တွေ့ဆုံခဲ့ပြီး အဲဒီနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရချိန်မှာ နဂ္ဂတစ်မေတ္တာ ဝိုင်းပို့နေခဲ့ကြတာပါ။ ကာနက်ဂျီမယ်လွန်လို နာမည်ကြီးတက္ကသိုလ်က ပါမောက္ခဆိုသူကတောင် ဖိနှိပ်ချုပ်ချယ်တဲ့ နယ်ချဲ့နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ ဘုရင်မကြီး နာနာကျင်ကျင် ခံစားပြီးမှ ပင်ပန်းဆင်းရဲစွာ သေပါစေလို့ တွိထားတဲ့အထိပါပဲ။
တကယ်တမ်း ဘုရင်မကြီးက စည်းမျဥ်းခံ ရုပ်ပြဘုရင်ပါ။ ဘာနိုင်ငံရေးအာဏာမှ မရှိပါဘူး။ ကိုလိုနီပြုတာ အဲဒီခေတ်မတိုင်ခင် ပဝေသဏီကတည်းကနေ အဲဒီနောက်ပိုင်းအထိ ပြုနေကြတာပါပဲ။ ကိုလိုနီပြုတာ ကောင်းတဲ့ကိစ္စမဟုတ်ပေမယ့် အင်္ဂလိပ်တွေ မြန်မာ့သစ်တောတွေကို စည်းကမ်းတကျ ခုတ်ပြီး ပြန်စိုက်ပေးသွားတာ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ လမ်းတွေ၊ တံတားတွေ၊ အဆောက်အဦတွေ ကောင်းကောင်းမွန်မွန် ဖောက်/ဆောက်ပေးခဲ့တာ၊ ထောင်တွေလဲပါတာပေါ့။
အသိသာဆုံးက ဥပဒေတွေ စည်းမျဥ်းတွေ၊ စည်းစနစ်တွေ အများကြီး ရလိုက်တာပါပဲ။ အဲဒီလို အခြေခံအဆောက်အဦတွေ အဆင်သင့်ဖြစ်နေလို့လည်း လွတ်လပ်ရေးရပြီးစ မြန်မာပြည်က လေးညှို့ကလွှတ်လိုက်တဲ့ မြှားလို တဟုန်ထိုး တိုးတက်သွားခဲ့တာပါ။ ကောင်းတာနဲ့ မကောင်းတာ တွဲနေတာကို ပြောချင်တာပါ။ ဂျပန်အုပ်ချုပ်ချိန်မှာ ကောင်းမွေဘာတွေ ရလိုက်သလိုဆိုတာလည်း ပြန်စဥ်းစားသင့်ပါတယ်။
ကိုလိုနီခေတ်မဟုတ်တော့တဲ့အချိန်မှာ ကမ္ဘာ့နိုင်ငံတွေထဲ ကိုယ့်ပြည်သူကိုယ် သတ်ဖြတ်ဓါးပြတိုက်၊ တပြည်လုံးပတ်ခိုးပြီး ဓါးမိုး အုပ်ချုပ်နေကြသူတွေကို အဆိုပါလစ်ဗြဲများ မြင်မနေကြသလို ခေတ်သစ်ကမ္ဘာမှာ တကမ္ဘာလုံးကို ကြွေးထောင်ချောက်နဲ့သိမ်းပြီး အဆိုးဆုံးအခြေအနေနဲ့ ဝါးမြိုဖို့ ကြိုးစားနေတဲ့ တြုတ်ကြီးကိုလည်း မျက်မွှေးတောင် မော်မကြည့်ဝံ့တာ ဘာကြောင့်လဲလို့ကော စဥ်းစားမိကြပါရဲ့လား။ ခေတ်သစ် နယ်ချဲ့ပူတင် နေမကောင်းဘူးဆိုတုန်းကရော သူတို့ဘုရင်မကြီးကို ဆုတောင်းသလိုမျိုး ဆုတောင်းခဲ့ကြတာ ကြားမိကြလား။ မူကို မုန်းတာလား၊ လူကိုမုန်းတာလား၊ လူကိုမုန်းတာဆိုရင် ဘာကြောင့်လဲဆိုတာကို စဥ်းစားစေချင်လို့ပါ။
အဲဒီအမုန်းတွေနဲ့ ဆက်စပ်နေတာက ကမ္ဘာမှာ အတိုးတက်ဆုံး အလွတ်လပ်ဆုံး အနောက်ကမ္ဘာကို ကျဆုံးစေချင်တဲ့ လက်ဝဲတွေ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က လူတွေက အမေရိကန်ကို မော်ကြည့်ကြ အားကျကြသလောက် အမေရိကန်မှာ ရှိနှင့်နေသူတွေက ကမ္ဘာ့ပြဿနာတွေအားလုံးဟာ အမေရိကန်ကြောင့်၊ အရင်းရှင်တွေကြောင့်ဆိုတဲ့ ကွန်မီအတွေးအခေါ်တွေ စိမ့်ဝင်နေတဲ့အတွက် အမေရိကန် ဖြစ်ရတာကို ရှက်နိုးနိုးဖြစ်နေကြတာပါ။ အနောက်ဥရောပမှာလည်း အဲဒီလိုပါပဲ။ အဲဒါကြောင့် ဟူစိန်အိုတဲ့ ဘိုင်ကြီးတို့ ခရီးသွားတာကို အပေါ်လော်ဂျီတိုးရ်လို့ ခေါ်တာပါ။ ကမ္ဘာတလွှား လှည့်လည်တောင်းပန်ခြင်းခရီးစဥ် ဆိုပါတော့။
အမှန်တော့လည်း ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် သိမ်ငယ်နေကြတဲ့ ညံ့ဖျင်းတဲ့ လူဇာ အတွေးအခေါ်မျိုး တွေပါပဲ။ ကမ္ဘာ့ထိပ်ဆုံးနိုင်ငံမှာ နေရသော်ငြား သိမ်ငယ်စိတ်က ဖျောက်မရတော့ ရှက်ဖို့ သိမ်ငယ်ဖို့ ကြံဖန် လုပ်ယူနေကြတာပါ။ အဲဒါကြောင့်လည်း ထရမ့်ရဲ့ မိတ်အမေရိကဂရိတ်အဂန်းဆိုတဲ့ ကြွေးကြော်သံအပေါ် အမေရိကက ဘယ်တုန်းကမှ မဂရိတ်ခဲ့ပါဘူးလို့ ပြောကြတဲ့ အထိပါပဲ။ အင်္ဂလန်မှာလည်း အဲဒီလိုပါပဲ၊ ဗြိတိသျှတွေရဲ့ ရွှေခေတ်ကို ဦးဆောင်ခဲ့သူတွေရဲ့ ရုပ်တုတွေကို အမေရိကန် တိုင်းပြုပြည်ပြုဖခင်ကြီးများရဲ့ ရုပ်တုတွေလိုပဲ ဖြိုချဖျက်ဆီးနေကြတာပါ။
ဘုရင်မကြီးကို မုန်းတာလည်း ဗြိတိန်ရွှေခေတ်ရဲ့ ပြယုဂ်တခုဖြစ်လို့ပါ။ ထရမ့်ကို မုန်းတာလည်း အမေရိကန်ကို ဂရိတ်ပြန်ဖြစ်အောင် လုပ်ပေးမှာမို့လို့ပါ။ အဲဒီလို စိတ်ဓါတ်တွေ အမူအကျင့်တွေနဲ့ တိုင်းပြည်ကို ဘယ်လိုကောင်းစားအောင် လုပ်နိုင်ကြမှာတဲ့လဲ။ ကမ္ဘာမှာ အင်အားအကြီးဆုံး ဆိုတာတွေက သိက္ခာသမာဓိ ရှိတဲ့ ကိုယ်ကျင့်တရားစောင့်ထိန်းသူတွေ၊ အမြော်အမြင်ရှိသူတွေ ဦးဆောင်တာ မဟုတ်ရင် ဘာသိက္ခာသမာဓိမှ မရှိတဲ့ အမြင်တိုသူ လူယုတ်မာတွေပဲ ကြီးစိုးတော့မှာပေါ့။