သမ္မတထရမ့်က ကာတာဘုရင်၊ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ ယူအေအီးသမ္မတ တို့ရဲ့ တောင်းဆိုမှုကြောင့် မနက်ဖြန် အီရန်ကို စစ်ပြန်စမယ့်ကိစ္စကို ဆိုင်းငံ့ထားလိုက်တယ်လို့ ကြေငြာသွားပါတယ်။ လောလောဆယ်မှာ အကျိတ်အနယ်ဆွေးနွေးမှုတွေ ရှိနေတဲ့အတွက် သဘောတူညီချက် ရနိုင်မယ်လို့ မျှော်လင့်ထားတာဖြစ်ပြီး အဲဒီသဘောတူညီချက်ဟာ အမေရိကန်ရော အရှေ့အလယ်ပိုင်းနိုင်ငံတွေ အားလုံးအတွက်ပါ လက်ခံနိုင်တဲ့ အနေအထား ရှိရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ အီရန် နျူမပိုင်စေရတာပါ။ စစ်ကို ဆိုင်းငံ့မယ်ဆိုပေမယ့် စဆိုတာနဲ့ တပြိုင်နက် အင်ပြည့်အားပြည့် ကြီးကြီးကျယ်ကျယ် ထိုးစစ်ဆင်နိုင်ဖို့ အဆင်သင့်လုပ်ထားဖို့လည်း ညွှန်ကြားထားပါတယ်။
အီရန်က ယူရေနီယံတွေကို စွန့်လွှတ်ပါမယ်၊ ဒါပေမယ့် အမေရိကန်ကိုတော့မဟုတ်၊ ရုရှားကို ပေးချင်ပါတယ်လို့ ဈေးဆစ်လာပြန်ပါတယ်။ ပူတင်က ရှီကို သွားတွေ့မယ့်ဆဲဆဲမှာ ရုရှားဒရုန်းတခုက ယူကရိန်းကမ်းလွန်မှာရောက်နေတဲ့ တရုပ်ကုန်သင်္ဘောနဲ့ နောက်တခုက နောက်သင်္ဘောတစီးကို ထိမှန်ခဲ့ပါတယ်။ ရုရှားဘက်က ဒရုန်းပေါင်း ၅၂၄ခုနဲ့ ပစ်ခတ်ခဲ့တဲ့ထဲက ထိသွားခဲ့တာပါ။ ရုရှားက ရေနံစက်ရုံ/ ဆိပ်ကမ်းတွေဟာ ယူကရိန်းတွေရဲ့ ပစ်မှတ်ဖြစ်သလို ယူကရိန်းက လယ်ယာထွက်ကုန် တွေနဲ့ သံယံဇာတတွေ အဓိတတင်ပို့တဲ့ Odesa ဆိပ်ကမ်းဟာလည်း ရုရှားတွေရဲ့ ပစ်မှတ်ဖြစ်ပါတယ်။ တရုပ်သင်္ဘောက ယူကရိန်းမှာ iron ore တင်ဖို့ လာတာဖြစ်ပြီး ဆက်လက်ခုတ်မောင်းနိုင်ပါသေးတယ်။
မနေ့ကရေးတဲ့ အမေရိကန်ဖမ်းထားတဲ့ အကြမ်းဖက် Al-Saadi က သူ့ဆရာ ဆိုလေမာနီအတွက် လက်စားချေဖို့ သမ္မတထရမ့်ရဲ့ သမီးကြီး အီဗန်ကာအသက်ကို ခြိမ်းခြောက်ခဲ့သေးတာပါ။ အီရန်ပြည်တွင်းမှာတော့ စစ်စကတည်းက လူ ၆၅၀၀ကျော်ကို သူလျိုမှု၊ နိုင်ငံတော်သစ္စာဖောက်မှုတို့နဲ့ ဖမ်းဆီးထားတယ်လို့ ရဲချုပ်က ဆိုပါတယ်။ ကိုယ့်ထက် အားကြီးသူတွေကို မနိုင်တိုင်း အပြစ်မဲ့တွေကို မဲချင်ကြတဲ့ စိတ်ဓါတ်တွေကို ထောက်ခံသူတွေလည်း မနည်းပါဘူး။
အီရန်က ဟော်မုဇ်ကို ဓါးစာခံလုပ်ထားလို့ ဆီဈေးတက်တာရယ်၊ ဒုံး/ဒရုန်းသရမ်းတဲ့ အကြမ်းဖက်တွေ လက်ထဲ နျူလက်နက်မရှိလာဖို့ရယ်အတွက် တိုက်ရတဲ့ စစ်စားရိတ်ကို အပြစ်မြင်နေကြသူတွေက လွန်ခဲ့တဲ့ ၃နှစ်တုန်းက ကိုယ့်နိုင်ငံနဲ့ ဘာဆိုဘာမှ မဆိုင်တဲ့ ယူကရိန်းစစ်အတွက် ဆီဈေးတက်တာ၊ ပြည်သူ့အခွန်ငွေထဲက ၁၈၈ ဘီလီယံသုံးပေးတာကို ကြည်ဖြူခဲ့ကြ သုံးသင့်တယ်လို့ လော်ပေးခဲ့ကြတာ မေ့ကုန်ကြပြီလားလို့ မေးချင်ပါတယ်။ ယူကရိန်းစစ်မှာ သွားကူတဲ့ အမေရိကန် ၉၂ဦး သေဆုံးခဲ့ပါတယ်။ ယူကရိန်း-ရုရှားစစ်ကို အားပေးသူတွေက ဒက်သ်တူအမေရိက အမြဲအော်နေတဲ့ အီရန်ဘက်က နာနေကြတာ ဘာကြောင့်ပါလိမ့်။
ရှီပြောသွားတဲ့ သူစိဒဒီစ်ထောင်ချောက်ဆိုတာကို ဒီဘက်ခေတ်မှာ လူသိများအောင် စသုံးခဲ့တာက ဂလိုဘယ်လစ်ဟင်နရီကစ်ဆင်ဂျာရဲ့ တပည့်တဦးဖြစ်တဲ့ ဟားဗတ်က ဂရေဟမ်အလီဆင်ပါ။ ကိုးကားတဲ့ အဖြစ်အပျက်က ၁၆ရာစုကဖြစ်ပြီး သုံးလိုတဲ့ အဓိပ္ပါယ်က တက်သစ်စအင်အားစုက အမြဲကြီးစိုးနေတဲ့ အင်အားစုကို သဘာဝနည်း (သို့) များသောအားဖြင့်က အင်အားနဲ့ တိုက်ခိုက်ပြီး ရှိပြီးသားပုံစံကို ပြောင်းလဲသွားအောင် လုပ်လာနိုင်တဲ့ အနေအထားမျိုးကို ဆိုလိုတာပါ။
အဲဒီအသုံးအနှုန်းက နယ်ချဲ့ခေတ်ကို ပုံထင်ဟပ်ပါတယ်။ ဒီနေ့ခေတ် အင်အားအကြီးဆုံး နိုင်ငံတွေမှာ နျူလက်နက်တွေရှိကြတဲ့အပြင် စီးပွားရေးအရ အပြန်အလှန်မှီတည်နေရတာတွေရှိတော့ ရာဇဝင်ထဲကလို တိုက်ခိုက်ကြဖို့က အဝေးကြီးပါ။ တရုပ်က သူ့ကိုယ်သူ တက်သစ်စ အင်အားလို့ ဆိုလိုချင်ပေမယ့် လူအိုဦးရေ အလျင်အမြန် တိုးလာနေတာရယ်၊ ပြည်တွင်းဖြုန်းအားနည်းတာရယ်က တက်သစ်စအင်အားဆိုတာကို လှောင်နေသလိုပါပဲ။ ဈေးပေါတဲ့ လုပ်အားနဲ့ mass production က တရုပ်ရဲ့ အင်အားဆိုရင် AI ခေတ်မှာ လုပ်အားလိုတဲ့ပုံစံတွေ ပြောင်းသွားမှာဖြစ်လို့ ခုတောင် အလုပ်လက်မဲ့ များပြားလှတဲ့တရုပ်ပြည်သူတွေရဲ့ အနာဂတ်က အားရစရာ မရှိနေပါဘူး။ အထူးသဖြင့် AI ခေတ်မှာ ကမ္ဘာကို ပေါက်ဖို့ဆိုရင် အင်္ဂလိပ်လို ကောင်းကောင်းကျွမ်းကျင်ဖို့လည်း လိုပါတယ်။
နည်းပညာဘက်မှာ တရုပ်က ဒီလောက်တိုးတက်လာတယ်ဆိုတာကလည်း ရှေ့က တရုပ်ဖားအစိုရ တွေက ကိုယ့်နည်းပညာတွေ ခိုးလို့ရအောင် လုပ်ပေး၊ ကိုယ့်ဘက်က မတိုးတက်အောင် မလိုအပ်တဲ့ ဥပဒေမျိုးစုံနဲ့ ချုပ်နှောင်ထားလို့ပါ။ နိုင်ငံတကာမှာ သူတို့ရှိနေတဲ့ဩဇာဆိုတာက အီရန်တို့လို လူမိုက်/သူခိုးမွေးတာရယ်၊ ကြွေးမြီထောင်ချောက်တွေရယ်၊ ခြအစိုးရတွေရယ်ကြောင့်ပဲ များပါတယ်။ မြေရှားလိုဟာမျိုးကြောင့် သူတို့ချေနေနိုင်တယ်ဆိုတာကလည်း အမြဲမှန်နေမယ့်ကိစ္စ မဟုတ်ပါဘူး။
ခက်တာက တရုပ်လိုနိုင်ငံမျိုးမှာ ဖားနိုင်မှ နေရာရတာဖြစ်တော့ ဖားဖို့ပဲ ဦးတည်ချက် ထားကြပုံပါပဲ။ ပြည်တွင်းထုတ်လွှင့်မှုတွေမှာလိုပဲ သောက်ြာနေ့ လက်ဖက်ရည်ဝိုင်းဆွေးနွေးပွဲပုံမှာ ရှီကို ထရမ့်နဲ့ယှဥ်ရင် ပုမနေအောင် အမျိုးစုံ ဉာဏ်ကွန့်အစွမ်းပြထားကြတာကို တွေ့ရမှာပါ။ သေချာကြည့်ရင် ရှီရဲ့ ဒူးက ဒေါင့်မှန်ကျနေတာက သူထိုင်နေတဲ့ခုံက မြင့်နေလို့ပါ၊ ထရမ့်ဒူးက ထောင်နေတဲ့အတွက် ထိုင်ခုံ/ ကူရှင် က နိမ့်နေတာကို ပြတာပါ။ ခြေထောက်ပိုင်းချင်းယှဥ်ရင် သမ္မတထရမ့်က ပိုရှည်နေတာ တွေ့ရပေမယ့် ခြုံကြည့်ရင် ရှီကမြင့်နေအောင် လုပ်ထားတာကို တွေ့ရမှာပါ။ ခုံက ဖြစ်သင့်တာထက် မြင့်နေတဲ့ အတွက် ရှီထိုင်နေပုံက မသက်မသာ ဖြစ်နေတဲ့အပြင် ခုလိုထိုင်ချိန်မှာ အပေါ်အင်္ကျီကျယ်သီး ဖြုတ်ရမှာကို ဖြုတ်မထားတော့ ကြည့်လို့ အဆင်မပြေနေပါဘူး။ ရှီကခိုင်းတာ ဟုတ်ချင်မှ ဟုတ်မှာပါ၊ ဒါပေမယ့် အဲဒီလိုတွေလုပ်တော့မှ လူအထင်ကြီးလာမှာမဟုတ်ပဲ ရယ်စရာတောင် ဖြစ်ပါဦးမယ်။
တရုပ်ပြည်ကို ခုလိုဖြစ်လာအောင် ပြုလုပ်ခဲ့တဲ့ ကနဦးပဲ့ကိုင်ရှင် တိန့်ရှောင်ဖိန်ဆို ၅ပေတောင် မပြည့်ပါဘူး။ ဒါပေမယ့် တရားဝင်ထုတ်ပြန်ချက်မှာ ၅’၂”၊ ရှီဆိုလည်း မူရင်းဖော်ပြချက်တွေမှာ ၅’၉”၊ အများလက်ခံထားတာ ၅’၁၀” တရားဝင်ဖော်ပြတာက ၅’၁၁”။ မိုဒီ ၅’၆” မက်ခရွန် ၅’၇” ဇယ်လင်စကီး ၅’၇” ပူတင် ၅’၇”။ ပြောချင်တာက ဒီဘာမဟုတ်တဲ့ အရပ်ကိုတောင် အမျိုးမျိုးပြောနေရင် ကျန်တဲ့ဒေတာတွေက ဘယ်လောက်ယုံရမှာလဲလို့ပါ။
သမ္မတထရမ့်ရဲ့ တရုပ်ပြည်ခရီးစဥ်ကိုလည်း ထရမ့်က ခေါင်းငိုက်စိုက်နဲ့ အရှုံးကို ရင်မှာပိုက်ပြီးပဲ ပြန်ရသယောင်ယောင် ပြောကြသေးတာပါ။ တရုပ်ကလိုချင်တာ ကုန်သွယ်ခွန်လျော့ဖို့၊ နည်းပညာ တင်ပို့မှု ကန့်သတ်ချက်လျော့ပေးဖို့နဲ့ တိုင်ဝမ်ကိစ္စမှာ လက်ရှောင်ဖို့ပါ။ ကုန်သွယ်ခွန် အကြောင်း ဆွေးနွေးပွဲထဲမပါလို့ လျော့ပေးစရာမလိုပဲ တိုင်ဝမ်ကိစ္စကလည်း ပိုနေမြဲ ကျားနေမြဲ၊ ချစ်ပ်တွေ ရောင်းပေးဖို့ကလည်း အရင်ကတဲက ခွင့်ပြုပေးထားပြီးသားဆိုတော့ အမေရိကန်ဘက်က ဘာဆိုဘာမှ မလျော့ပေးလိုက်ရပါဘူး။
ဒီခရီးစဥ်မှာ အမေရိကန်ရလိုက်တာက တရုပ်က
- အမေရိကန်ပူပန်နေတဲ့ မြေရှားနဲ့ အခြားအရေးကြီးဓါတ်သတ္တု လိုအပ်ချက်ကို ကုစားပေးမယ်။
- ဖန်တနိုင်းတွေ အမေရိကန်မြေထဲ ဝင်နေမှုကို ကြိုးစားထိန်းချုပ်ပေးမယ်။
- အမေရိကန်လုပ် ဘိုရင်းလေယာဥ် အစီး ၂၀၀ ကို ကနဦးအနေနဲ့ ဝယ်ယူမယ်။ ၂၀၁၈ နဲ့ ၂၀၁၉မှာ 737Max ၂စီး ပျက်ကျလို့ လူ ၃၄၆ဦး သေဆုံးပြီးတဲ့နောက် တရုပ်က အဝယ်ရပ်ထားတာ ၂၀၂၅ နှစ်ကုန်မှာမှ ပြန်ဖွင့်ပေးခဲ့တာပါ။ ခုဝယ်တဲ့ ၂၀၀က ပြဿနာမရှိရင် အစီး ၇၅၀အထိ ဝယ်ယူမှာ ဖြစ်ပါတယ်။
- ပဲပိစပ်အပါအဝင် အမေရိကန်လယ်ယာထွက်ကုန် ၁၇ဘီလီယံဖိုးကို ၂၀၂၆, ၂၇, ၂၈ ၃နှစ်အတွင်း ဝယ်ယူမယ်။
- အမေရိကန် ကုမ္ပဏီ ၄၀၀ကျော်ကနေ အမဲသားဝယ်ယူဖို့ ဈေးကွက်ပြန်ဖွင့်ပေးမယ်။
- အေဗီယန်ဖလူးပိုးကင်းရှင်းတဲ့ အမေရိကန်ကြက်သားတင်သွင်းမှု ပြန်လည်ခွင့်ပြုမယ်။
- GE Aerospace က ဂျက်အင်ဂျင်တွေ ရာနဲ့ချီပြီး ဝယ်ယူမယ်။
- ဒါ့အပြင် အီရန်ကိစ္စမှာ အမေရိကန်နဲ့ တရုပ်သဘောထား တူတယ်လို့ ပြလိုက်နိုင်တာ အမြတ်ပါပဲ။
နောက်ထပ် ရလိုက်တဲ့အမြတ်က ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ ထိပ်တန်းလုပ်ငန်းရှင်ကြီးတွေကို ခေါ်သွားပြီး စီးပွားရေးတွေ ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုနှစ်နိုင်ငံအကျိုးရှိနိုင်မလဲဆိုတာကို ပြသခဲ့တာက ရှီကို မြင်နေကျအမြင်ကနေ ဖောက်ထွက်တွေးစရာတွေ ပေးခဲ့သလို ဖြစ်စေမှာပါ။ ဒါ့အပြင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို တန်ဖိုးထားပြခဲ့တဲ့ ထရမ့်ကြောင့် ခရီးစဥ်ပြီးဆုံးသည့်တိုင်အောင် ပြည်တွင်းမှာ အရင်ကလို အမေရိကန်ဆန့်ကျင်ရေးအသံတွေ သိပ်မကျယ်လောင်တော့ပဲ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ အသံမျိုးတွေ ထွက်လာနေတာက ဝမ်းသာစရာဖြစ်ပါတယ်။