အမေရိကန်က ကမ္ဘာမှာ စီးပွားရေးနဲ့ စစ်ရေးအင်အား အကြီးဆုံးဖြစ်ပြီး ရုရှားက စစ်ရေးအင်အားမှာ ဒုတိယအကြီးဆုံး၊ တရုပ်က စီးပွားရေးအင်အား ဒုတိယအကြီးဆုံးနဲ့ စစ်ရေးမှာ တတိယဖြစ်လို့ ထရမ့်၊ ရှီနဲ့ ပူတင်တို့ရဲ့ ၃ပွင့်ဆိုင်ဆွေးနွေးပွဲက ကမ္ဘာ့ကြီးတခုလုံးအတွက် အရေးပါတဲ့ သမိုင်းဝင်ဖြစ်စဥ်တခုပါ။ လူတဦး တယောက်ကို မုန်းလို့ ကြည့်မရလို့ မျက်နှာချင်းဆိုင် မဆွေးနွေးနိုင်ဘူးဆိုတာက လူကြီးတွေ ခေါင်းဆောင်လုပ်သူတွေအဖို့ မဖြစ်သင့်ပါဘူး။ ပြဿနာကို ဖြေရှင်းဖို့ ပြဿနာရှိနေတဲ့အပိုင်းတွေကို ရှောင်ဖယ်နေဖို့ထက် ထိတွေ့ဆွေးနွေးပြီး အဖြေရှာတာကသာ ပြေလည်မယ့်လမ်းကို ရောက်မှာပါ။
သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ သမ္မတထရမ့်က ဒီ၃နိုင်ငံဟာ အင်အားအကြီးဆုံးနိုင်ငံတွေဖြစ်တဲ့အတွက် ပွင့်လင်း လေးစားပြီး အကျိုးရှိမယ့်ဆွေးနွေးမှုမျိုး ပြုလုပ်နိုင်ဖို့ဟာ ကိုယ့်နိုင်ငံတွေအတွက်တင်မကပဲ တကမ္ဘာလုံးအတွက်ပါ တာဝန်ရှိကြောင်း၊ အရင်ခေါင်းဆောင်တွေတုန်းက ကိုယ်နဲ့ သဘောထားချင်း မတူတဲ့ နိုင်ငံ/ခေါင်းဆောင်တွေနဲ့ စကားပြောလေ့မရှိကြကြောင်း၊ သူကတော့ ပြောင်းပြန်ဖြစ်ကြောင်း၊ ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းကို ငြင်းပယ်ခြင်းဖြင့် ငြိမ်းချမ်းရေးရခဲ့တာမျိုး မရှိခဲ့ကြောင်း အဖွင့်အမှာစကားအနေနဲ့ ပြောသွားပါတယ်။
တွေ့ဆုံပွဲအပြီးမှာ သမ္မတ ၃ဦးက အချက် ၄ချက်ပါ ပူးတွဲ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။ အတိုချုပ်ဖော်ပြရရင်
- ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေအနေနဲ့ ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲမှုတွေ ပြလုပ်သွားဖို့၊ ဒါမှသာ ယူအန်က ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုတွေကို ပိုမိုထိရောက်စွာ တုန့်ပြန်နိုင်ပြီး သူ့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတာနဲ့ ကိုက်ညီစေဖို့၊
- ၃နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံအားလုံး အကျိုးရှိဖို့အတွက် ရေနံထွက်ပစ္စည်းတွေကို တိုးမြှင့်ထုတ်လုပ်သွားကြဖို့၊ (ကမ္ဘာမှာ စွမ်းအင်စီးဆင်းမှုတည်ငြိမ်ရေးဟာ အရေးကြီးကြောင်းထပ်လောင်းအတည်ပြုခဲ့ကြသည်။)
- ခေါင်းဆောင် ၃ဦးဟာ နိုင်ငံတော်၏ သဘောတူညီချက်မူနဲ့ နိုင်ငံတော်အရာရှိများ၏ ကင်းလွတ်ခွင့်များကို လေးစားခြင်းတို့သည် အရေးအကြီးဆုံးဖြစ်သည်ဟု အသိအမှတ် ပြုခဲ့ကြပြီး ICC နဲ့ အလားတူအဖွဲ့တွေဟာ သူတို့ရဲ့ စီရင်ပိုင်ခွင့်ကို အလွဲမသုံးသင့်ဟု သဘောတူညီခဲ့ကြသည်။
- ခေါင်းဆောင် ၃ဦးက နျူစစ်ပွဲမှာ နိုင်သူမရှိသည့် စစ်ပွဲမျိုးဖြစ်သည့်အတွက် ဘယ်တော့မှ နျူနဲ့ တိုက်ခိုက်ခြင်းမပြုကြရန် ထပ်လောင်းအတည်ပြုကြသည်။ နျူနဲ့ပတ်သက်သော အန္တရာယ်တွေနဲ့ နျူလက်နက် ပြန့်ပွားလာနိုင်တာတွေကို ကာကွယ်ဖို့ ၃နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်သည်။
ညစာစားပွဲမှာ တရုပ်ကလေးငယ်တွေက သမ္မတထရမ့် လူထုဟောပြောပွဲတွေမှာ အပိတ်သီချင်းအနေနဲ့ အမြဲသုံးတဲ့ YMCA သီချင်းနဲ့ ဖျော်ဖြေခဲ့ကြသလို စက်လှေခါးပေါ် တက်ကြတုန်းကလည်း ထရမ့်နဲ့ ရှီတို့ တဦးနဲ့တဦး ဖေးဖေးမမ လုပ်နေခဲ့ကြတာကို တွေ့ကြရပါတယ်။ ထရမ့်ကိုကျမှ ကြွေလောက်အောင် မှုပြနေကြတာ အကြောင်းမဲ့မဟုတ်ပါဘူး။
ထရမ့်လက်ထက်မှာ ပူတင်က ယူကရိန်းမှာ ရှေ့ဆက်မတိုးနိုင်ပဲ စစ်သည် ၅သိန်းနီးပါး အသက်ဆုံးရှုံးထားပြီဖြစ်လို့ စစ်ကိုရပ်ချင်မှာပါ။ သိပ်အာကျယ်နေတဲ့ မဒူရိုကို နာရီပိုင်းအတွင်း လက်ရဖမ်းနိုင်ခဲ့သလို အယာတိုလာတို့တသိုက်ကို ရှင်းပစ်နိုင်ခဲ့တာနဲ့တင် တရုပ်နဲ့ ရုရှားတို့ရဲ့ လက်ရုံးတွေ ပြုတ်ကုန်ပါပြီ။ ပေါပေါနဲ့ များများ ထုတ်ရောင်းတာပဲ အားသန်တဲ့ တရုပ်ကလည်း ကုန်သွယ်ခွန်နဲ့ အထိနာနေပါပြီ။
လေးစားမှုဆိုတာ လေးစားလောက်လို့ ပေးတာပါ။ အိုဘမသွားတုန်းက လေယာဥ်နောက်ဖက် အပေါက်က ဆင်းရတာနဲ့ အရင်အေပက်တုန်းက ဘိုင်ဒန်ကို နောက်တန်းအစွန်ပို့ထားတာတွေအပြင် အိုဘမလက်ထက် ခရိုင်းမီးယားကို သိမ်းတာ၊ ဘိုင်ဒန်လက်ထက် ရုရှားယူကရိန်းကိုဝင်တိုက်တာ၊ တရုပ်က စပိုင်ဘောပျံလွှတ်တော အဲဒါတွေက လေးစားမှုမရှိလို့ လုပ်ခဲ့တာတွေပါ။ အခုဆို ဖန်တနိုင်းကိစ္စမှာ တရုပ်က ထရမ့်ပြောတဲ့အတိုင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့တဲ့အတွက် ဖန်တနိုင်းနဲ့ သေဆုံးနှုန်းက ၂၀၂၃မှာ အမြင့်ဆုံးဖြစ်ခဲ့တာရဲ့ ထက်ဝက်ပဲ ရှိပါတော့တယ်။ ပူးတွဲကြေငြာချက်ကလည်း သမ္မတထရမ့်ဖြစ်စေချင်တာတွေချည့်ပါပဲ။ ဟေလာရီက ထရမ့်ကို ငပေါကြီးလိုပုံဖော်ပြီး အတင်းတုပ်နေပေမယ့် သူတို့ခေတ်မှာ အာသာကျယ်ပြီး လက်တွေ့အကျိုးရှိတာ ဘာမှမပြနိုင်ကြပါဘူး။
သမ္မတထရမ့်နဲ့ သမ္မတရှီတို့ ၂နာရီကြာ သီးခြားတွေ့ဆုံမှုအပြီးမှာ 30 for 30 ကုန်သွယ်မှုမူဘောင်ကို တရားဝင်စတင်လိုက်ပြီလို့ ကြေညာပါတယ်။ အဲဒါက နှစ်ဖက်လုံးက ၃၀ဘီလီယံဖိုးရှိတဲ့ ကုန်စည်တွေအပေါ်မှာ ကုန်သွယ်ခွန်လျော့ချဖို့ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ထဲ ပင်လယ်စာ၊ သစ်ထွက်ကုန်နဲ့ ဆေးပစ္စည်းတွေ ပါဝင်နေပေမယ့် ထုံးစံအတိုင်း ထရမ့်က ဒီတိုင်းနဲ့ ကျေနပ်သူမဟုတ်တော့ တရုပ်တွေက အစားကောင်းကြိုက်တာသူသိတယ်၊ လယ်ယာပစ္စည်းတွေ ထပ်ဝယ်ဦးမှာလို့ စကားဦးသန်းထားပါတယ်။ အဲဒီလို ပြည်သူ့ဘက်က အမြဲရပ်ပြီး ပြည်သူအတွက် အမြဲကြိုးစားပေးနေသူဆိုရင် ပါတီမရွေး ပုဂ္ဂိုလ်မရွေး ထောက်ခံမှာပါ။ ဒါပေမယ့် ဒီလောက် လုပ်ပေးနိုင်သူ မရှိခဲ့လို့သာ ပြည်သူက သဲသဲလှုပ်ချစ်ကြတာပါ။
အီရန်နဲ့ပတ်သက်ပြီးတော့လည်း အမေရိကန်ရော တရုပ်ရောက ဟော်မုဇ်မှာ စွမ်းအင်စီးဆင်းမှု ဆက်ရှိနေဖို့နဲ့ အီရန်က နျူမပိုင်သင့်ဆိုတဲ့ ကိစ္စတွပေါ်မှာ အမြင်ချင်းတူကြတယ်လို့ ထပ်ချုပ်သွားသေးတာပါ။
ဒီတခါ သမ္မတထရမ့်ရဲ့ အာရှခရီးစဥ်ဟာ ကာတာကပေးထားတဲ့ အဲဖို့စ်ဝမ်းအသစ်နဲ့ သွားခဲ့တာဖြစ်ပြီး အသွားမှာ အရင်လေယာဥ်နဲ့ခရီးစဥ်တွေလိုပဲ အလက်စ်ကားမှာ ဆီဝင်ဖြည့်ရပါတယ်။ ရှန်ဇန်ကနေ ဒီစီကို အပြန်မှာတော့ လေယာဥ်ဆီ ပေါင် ၁သန်းနီးပါးဖြည့်လာခဲ့တဲ့အတွက် ၁၅နာရီခရီးကို ဆီထပ်ဖြည့်စရာ မလိုပဲ တောက်လျောက်ပျံသန်းနိုင်ခဲ့ပါတယ်။ အမြဲပိုကောင်းအောင် လုပ်ချင်သူတွေ အဖို့ ပိုကောင်းအောင်လုပ်နိုင်တဲ့နည်းလမ်းက အမြဲရှိနေတာပါပဲ။ မနက်ဖြန်နေ့လည်မှာ ပြုလုပ်မယ့် သတင်းရှင်းလင်းပွဲမှာ ခရီးစဥ်က ကိစ္စတွေအပြင် ဒီပျံသန်းမှုအကြောင်းပါ ပြောလိမ့်မယ်လို့ သိရပါတယ်။
အရင်တခါတရုပ်ပြည်သွားတုန်းက အပြန်မှာ အဲဖို့စ်ဝမ်းပေါ်မတက်ခင် သုံးခဲ့သမျှ တခါသုံးဖုံးတွေ ဖျက်ဆီးပစ်ဖို့ ပုံးထဲထည့်ခဲ့ရသလိုပဲ ဝန်ထမ်းတွေရဲ့ တခါသုံးဖုံးတွေကို ဖျက်ဆီးဖို့ ပြန်သိမ်းခဲ့ပါတယ်။ သတင်းထောက်တွေရဲ့ ဖုံးတွေကိုတော့ လုံခြုံရေးအရ signal-blocking bagတွေထဲ ထည့်သိမ်းထားပြီး ဒီစီနားက စစ်စခန်းမှာ လေယာဥ်ဆင်းပြီးတော့မှ ဖုံးတွေပြန်ပေးခဲ့ပါတယ်။
ရှီနဲ့ ထရမ့်ဆွေးနွေးပွဲမှာ သမ္မတထရမ့်ကို မေးခွန်းလှမ်းအော်မေးခဲ့တဲ့ Bloomberg သတင်းထောက်ကို ရိုင်းပျတယ်ဆိုပြီး တရုပ်က မောင်းထုတ်ခဲ့ပါတယ်။ အိမ်ဖြူဘက်က ပြန်ဝင်ခွင့်ပေးဖို့ ပြောခဲ့ပေမယ့် ပြန်ဝင်ခွင့် မရခဲ့ပါဘူး။ နိုင်ငံတကာမှာ ခေါင်းဆောင်တိုင်းက သတင်းထောက်တွေမေးခွင့်ပေးတာ မဟုတ်လို့ သတင်းထောက်တွေကို အရေးတယူပြန်ဖြေပေးတဲ့ ခေါင်းဆောင်တွေကိုလည်း လေးစားမှု ပြသင့်ပါတယ်။ တွန်းတွန်းတိုက်တိုက် မေးတာနဲ့ ရိုင်းပြတာ မတူဘူးဆိုတာ မခွဲခြားနိုင်ရင် နောက်မျိုးဆက်တွေကို ဘယ်လိုသွန်သင်ကြမှာပါလဲ။