နိုဝင်ဘာ ၂၀ရက် ၂၀၂၆

APEC, ASEAN အစည်းအဝေးတွေတက်ရင်း ထရမ့် ရှီနဲ့ ပူတင်တို့နဲ့ တွေ့ခဲ့တဲ့ခရီးစဥ် ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် သမ္မတထရမ့် ဘာလုပ်လုပ် အကောင်းမမြင်ကြတဲ့ TDS ဝေဒနာရှင်များကတော့ ပူတင်နဲ့ ရှီကို တွေ့ခဲ့တဲ့ ထရမ့်ကို နှုတ်ခမ်းတလန် ပန်းတလန်နဲ့ အပြစ်ပြောလို့မဆုံးကြသေးပါဘူး။ အဲဒါကို မာကိုက ဒီ ၃နိုင်ငံက ကမ္ဘာပေါ်က နျူလက်နက်အများစုကို ပိုင်ဆိုင်ထားတာဖြစ်လို့ တွေ့ဆုံခြင်း မပြုတာကသာ အဓိပ္ပါယ်မရှိတဲ့အပြင် အန္တရာယ်တောင် ကြီးပါသေးတယ်၊ အခုလိုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိမှသာ ငြိမ်းချမ်းရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေး အစစချောမွေ့နိုင်မှာ ဖြစ်လို့ ဆက်ဆံရေးကောင်းမွန်ဖို့ အရေးကြီးတယ်လို့ ပြောသွားပါတယ်။

တကယ်တော့ ဘုရှ်၄၃လက်ထက်မှာ ပူတင်က အိမ်ဖြူကို ၂ကြိမ်လာခဲ့တဲ့အပြင် တက္ကဆက်စ်က ဘုရှ်အိမ်မှာပါ ဧည့်ခံခဲ့သေးတာပါ။ ဘုရှ်၄၃လက်ထက်မှာပဲ ရုရှားက ဂျော်ဂျီယာကို ကျူးကျော်ခဲ့တာပါ။ ၂၀၁၅ နယူးယောက်က ယူအန်ထွေ/ညီကိုလာတုန်းကလည်း အိုဘမနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ အဲဒီတုန်းက ခရိုင်းမီးယားကို သိမ်းပြီးနေပါပြီ။ အိုဘမက ရှီဒုသမ္မတတုန်းက ၂ကြိမ်နဲ့ သမ္မတဖြစ်ပြီး ၁၀ကြိမ် တွေ့ခဲ့တာပါ။ တကြိမ်က ရုရှားမှာ G-20 သွားတက်တုန်းကပါ။ ဒါကိုကြည့်ရင် သက်သက် အပြစ်ရှာချင်လို့ကို ရှာနေတာမှန်း သိသာပါတယ်။

ဒီမိုကရက်တွေက သူတို့အုပ်ချုပ်မယ့် ပြည်နယ်တွေမှာ ဒေတာစင်တာတွေကို အဓိပ္ပါယ်မရှိတဲ့ အကြောင်းမျိုးစုံပြပြီး ခွင့်မပြုဖို့ ကြိုးပမ်းနေကြတာနဲ့ ပတ်သက်လို့ အမေရိကန်မှာ လုပ်ရကိုင်ရ ခက်လာရင် တခြားနိုင်ငံတွေကို သွားဖွင့်ကြမှာဖြစ်ပြီး အဲဒီကျရင် နိုင်ငံတော်လုံခြုံရေး ထိခိုက်နိုင်တာအပြင် လူသားထုအပေါ် ရန်လို ဖျက်ဆီးလိုတဲ့ အုပ်စုတွေထံ နည်းပညာသစ်တွေ ရောက်ရှိသွားနိုင်ပါတယ်။ အဲဒါကြောင့် နိုင်ငံပြင်ပမှာ ဖွင့်မယ်ဆိုရင် ကုန်သွယ်ခွန်စတဲ့ အခွန်တွေ တိုးကောက်သွားမယ်လို့ သမ္မတထရမ့်က သတိပေးထားပါတယ်။

ယခုအာရှခရီးစဥ်မှာ သမ္မတထရမ့်နဲ့ မလေးရှားဝကခ အန္နဝါအီဘရာဟင်တို့က မလေးရှားရဲ့ Sovereign AI/SI  Cloud infrastructure ကို တည်ဆောက်ဖို့အတွက် အမေရိကန်နည်းပညာနဲ့ ဝန်ဆောင်မှုကို အသုံးပြုပြီး အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်သွားရန် စီစဥ်နေတယ်လို့ ကြေငြာသွားပါတယ်။ အဲဒါက US-ASEAN SI SPARK initiative ကနေ ပြုလုပ်သွားမှာ ဖြစ်ပြီး အမေရိကန်က သန်း ၅၀ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ Navajo Transitional Energy Co. ကလည်း မလေးရှားက TNB Fuel Services ကို မွန်တားနားက ကျောက်မီးသွေးရောင်းပေးဖို့ လက်မှတ်ထိုးထားပါပြီ။

အင်ဒိုနီးရှားက sovereign wealth fund Danantara ကလည်း  ကျောက်မီးသွေးရင်းမြစ်ကို အသုံးချနိုင်မယ့် အမေရိကန်နည်းပညာကို အမေရိကန်ရဲ့ Latitude Energy ကနေ ၂ဘီလီယံပရောဂျက်နဲ့ ရယူမှာဖြစ်ပါတယ်။

သမ္မတထရမ့်က ဖိလစ်ပိင်းကို ရေနံကို ဘယ်ကဝယ်နေတာလဲဆိုပြီး မေးပါတယ်။ အရှေ့အလယ်ပိုင်းက ဝယ်တာဆိုတော့ တရုပ်ကမင်းတို့ကိုကျူးကျော်ရင် အရှေ့အလယ်ပိုင်းက လာကူမှာလားလို့ ပြန်မေးပြီး အမေရိကန်ကနေ ဝယ်ခိုင်းခဲ့ပါတယ်။

လေကြောင်းထိန်းစနစ်တွေ မွန်းမံဖို့နဲ့ပတ်သက်ပြီး သမ္မတထရမ့်က ဟိုဖာဒီထေးလုပ်နေတာက ပိုက်ဆံကုန်ပြီး ရေရှည်မခံတဲ့အတွက် လွှတ်တော်က ဘတ်ဂျက်ရမှ နောင်ဆယ်စုနှစ်များစွာခံအောင် နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အသစ်ပြုလုပ်သွားဖို့ စီစဥ်ထားကြောင်း ရှင်းပြသွားပါတယ်။

SpaceX က အာရှ-ပစိဖိတ်ဒေသမှာ ဒုံးပျံလွှတ်တင်မယ့်နေရာ ရှာဖွေနေပြီး ဖိလစ်ပိင်းမှာ ကျွန်း ၁ခု ၂ခု ပိုင်ဆိုင်ထားတာဖြစ်တဲ့အပြင် သမ္မတမားကို့စ်ဂျူနီယာကလည်း Space X နဲ့ ပူးတွဲအလုပ်လုပ်နိုင်မယ့် အလားအလာများအပေါ် ဆွေးနွေးမှု စတင်နေပြီလို့ ဆိုပါတယ်။ Cagayan ခရိုင်ရဲ့ နေရာ အနေအထားက အီကွေတာနဲ့ နီးတာအပြင် ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်စွန်းမှာရှိတာက တခုခုဖြစ်ခဲ့ရင် လူရှိတဲ့နေရာတွေပေါ် ကျတာမျိုး မဖြစ်နိုင်လို့ ဒုံးပျံလွှတ်စင်ထားဖို့ နေရာကောင်းဖြစ်နေတာပါ။ သူတို့မျှော်မှန်းတာက စီးပွားဖြစ် လွှတ်တင်နိုင်မယ့်နေရာဖြစ်ပြီး နာဆာလို လတို့ မားစ်တို့ကို သွားဖို့မဟုတ်ပါဘူး။

နိုဝင်ဘာ ၁၄မှာ SpaceX ရဲ့ သမိုင်းဝင် ကမ္ဘာမှာ အကြီးဆုံးနဲ့ စွမ်းအားအမြင့်ဆုံး Starship ဒုံးပျံကြီး ကမ္ဘာပတ်လမ်းကြောင်းကနေ ပြန်ရောက်လာခဲ့တဲ့ နောက်တရက်ဖြစ်တဲ့ နိုဝင်ဘာ ၁၅မှာ Boeing နဲ့ Lockheed Martin တို့ ဖက်စပ်တည်ထောင်ထားတဲ့ the United Launch Alliance (ULA) ရဲ့ Vulcan ဒုံးပျံဟာ အမေဇုံရဲ့ Leo broadband internet service အတွက် ဂြိုလ်တုတွေကို တင်ဆောင်ပြီး ကမ္ဘာပတ်လမ်းကြောင်းပေါ် ပို့ပေးမယ့် ခရီးစဥ်မှာ လွှတ်တင်ပြီး ၁၀မိနစ်အကြာမှာ စက်ချို့ယွင်းမှု ဖြစ်သွားတဲ့အတွက် ဒုံးပျံရော ဂြိုလ်တုတွေပါ ဆုံးရှုံးခဲ့ပါတယ်။

အမေဇုံအပြင် ULA ရဲ့ အဓိက ဖောက်သည်က အမေရိကန်အာကာသတပ်ဖြစ်လို့ အခုလိုဆုံးရှုံးမှုက တရုပ်နဲ့ ပြိုင်နေတဲ့ နာဆာရဲ့ လပေါ်မှာ စခန်းဆောက်မယ့် ခရီးစဥ်ကို နှောင့်နှေးသွားစေနိုင်သလို အမျိုးသားလုံခြုံရေးကိစ္စတွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ULA ရဲ့ Vulcan ဒုံးပျံနဲ့ SpaceX ရဲ့ Falcon 9 တို့က သယ်နိုင်တာရော ရောက်နိုင်တာရောမှာ သိပ်မကွာပေမယ့် ပြန်သုံးနိုင်မှု၊ ကုန်ကျစရိတ်၊ တနှစ်လွှတ်နိုင်တဲ့အကြိမ်နဲ့ အောင်မြင်မှုမှတ်တမ်း တွေမှာ Falcon 9 က မယှဥ်လောက်အောင်ကို သာပါတယ်။ တခါသုံး Vulcan က လွှတ်တင်မှုရာဇဝင် အလွန်နည်းပြီး တခါလွှတ်တင်ဖို့ ၂၁၄သန်းဝန်းကျင် ကုန်ကျပါတယ်။ ပထမဆင့်ဘုစ်တာကို ပြန်သုံးနိုင်တဲ့ Falcon 9 က အကြိမ်ရာချီလွှတ်တင်ပြီးဖြစ်ပြီး အောင်မြင်မှုရာခိုင်နှုန်းက ၉၉% နဲ့ တခါလွှတ်ရင် ၇၄သန်း ကုန်ကျတာပါ။ ULA က Vulcan တည်ဆောက်ဖို့အတွက် အစိုးရဆီက ၉၆၇သန်း ရထားသလို ကန်ထရိုက်ရရင် သန်းပေါင်း သိန်းဂဏန်းရတာပါ။

အခုလို ယှဥ်ပြရတာက SpaceX ကိုသုံးရင် ပြည်သူ့ဘဏ္ဍာ အများကြီး သက်သာထိရောက်မှာ ဖြစ်ပေမယ့် အစိုးရကန်ထရိုက်တွေကနေ အဆင့်ဆင့်ပေါင်းစားတာတွေနဲ့ အသားကျနေကြတဲ့ military industrial complex ကတော့ ကြိုက်မှာမဟုတ်ပါဘူး။ ဒါကလည်း ဒီမိုကရက်အမတ်တွေက ခုထဲက အီလွန်ကို ဒုက္ခပေးဖို့ စိုင်းပြင်းနေကြတာရဲ့ အကြောင်းတခု ဖြစ်မှာပါ။

၁၄ရက်နေ့က ပြန်ရောက်လာတဲ့ Starship  (Ship 42)ကို အပူခံပြားတွေနဲ့ ဖုံးအုပ်ထားတာမှာ တပြားပဲ ပျက်စီးသွားတာဖြစ်လို့ ပြန်သုံးမယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်မှာတင် ပြန်လွှတ်တင်နိုင်မှာပါ။ ဒါပေမယ့် ပထမဆုံးပြန်ဖမ်းယူနိုင်တဲ့ သမိုင်းဝင်ဒုံးပျံဖြစ်တဲ့အတွက် ပြန်မသုံးပဲ အများသူငါကြည့်နိုင်ဖို့ ပြသထားမယ်လို့ အီလွန်က ပြောထားပါတယ်။

Leave a Reply