အစ္စလာမိုဖိုးဘီးယားနဲ့ ဂျီနိုဆိုက်

ဖိုးဘီးယားဆိုတဲ့ ဆေးဘက်အသုံးအနှုန်းက ယုတ္တိမတန်လောက်အောင် အလွန်အမင်း ကြောက်ရွံ့တဲ့ စိတ်ရောဂါတမျိုးလို့ အဓိပ္ပါယ်ရပါတယ်။ ဖိုးဘီးယားလို့ အမှန်တကယ် တံဆိပ်ကပ်နိုင်တာ နဲနဲပါ။ အစ္စလာမိုဖိုးဘီးယားကို အသုံးများလာကြတာက ၂၀၀၁ 9/11 ပြီးမှ ဖြစ်ပါတယ်။ အဲဒါကျတော့ အစ္စလာမ်မုန်းတီးရေးလို့ ဂူဂယ်ကဘာသာပြန်ပြီး အစ္စလာမ်ဘာသာဝင်/ မွတ်စလင်တွေအပေါ် ဘက်လိုက်မှု၊ ရန်လိုမှု၊ ခွဲခြားဆက်ဆံမှု (သို့) ကြောက်ရွံ့မှုလို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။

ရှိရှိသမျှ မွတ်စလင်အားလုံးအပေါ် တပုံစံတည်းမြင်နေမယ်ဆိုရင်တော့ အဲဒီအသုံးအနှုန်းနဲ့ အကျုံးဝင်နိုင်မှာပါ။ ဒါပေမယ့် ခရစ်ယာန်တို့ ဗုဒ္ဓဘာသာတို့မှာ ဂိုဏ်းကွဲတွေက အယူအဆတွေ ဖွင့်ဆိုမှု ကျင့်သုံးမှုတွေ ကွဲပြားသလိုပဲ မွတ်စလင်လောကမှာလည်း ကိုရမ်အပေါ် ဖွင့်ဆိုချက်၊ ခံယူချက်၊ ကျင့်သုံးမှု အများကြီး ကွာခြားကြတာဖြစ်လို့ အားလုံးကို တပုံစံတည်းမြင်ဖို့ မဖြစ်နိုင်ပါဘူး။

ပေါ်လတစ်ကယ်အစ္စလာမ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ ဘာသာရေးနဲ့ နိုင်ငံရေးက ရောယှက်နေပြီး အကြမ်းဖက်မွတ်တွေကို ထောက်ပံ့ပေးကြသလို ကမ္ဘာကို သူတို့ဝါဒ လွှမ်းမိုးဖို့ ကြိုးစားကြပါတယ်။ အကြမ်းဖက်တွေထဲမှာ မွတ်ဘရားသားဟုဒ်က နိုင်ငံအလိုက်ရှိပြီး အီရန်ကလည်း ရသမျှပိုက်ဆံက အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်ဖို့ပဲ ဦးတည်ထားတာပါ။ တက္ကသိုလ်တွေ နိုင်ငံရေးသမားတွေကတဆင့် ကမ္ဘာကို အစ္စလာမ်လွှမ်းဖို့ ငွေလမ်းခင်းပြီး လှုပ်ရှားနေတာက ကာတာဖြစ်ပြီး ကွန်ယက်တွေနဲ့ ပံ့ပိုးပေးနေတာက တူရကီဖြစ်ပါတယ်။

မွတ်စလင်နိုင်ငံတိုင်းက အကြမ်းဖက်တာကို ထောက်ခံတာ ကမ္ဘာကိုလွှမ်းမိုးဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူး။ အစ္စလာမ်ကို ဘာသာရေး ယဥ်ကျေးမှုအနေနဲ့ပဲ ကျင့်သုံးပြီး နိုင်ငံရေးထဲ မသွင်းပဲ အကြမ်းဖက်တွေကိုပါ ဆန့်ကျင်တဲ့ မွတ်စလင်နိုင်ငံတွေလည်း ရှိပါတယ်။ ဥပမာ ယူအေအီး၊ ဆော်ဒီ၊ ဘာရိန်း၊ ဂျော်ဒန်၊ အီဂျစ်၊ လစ်ဗျားစတာတွေပါ။ ဆော်ဒီဆို သူ့နိုင်ငံတွင်းမှာ ရှရီးယားဥပဒေကို တင်းတင်းကြပ်ကြပ် ကျင့်သုံးပေမယ့် သူများနိုင်ငံတွေကို သူ့လိုလိုက်လုပ်ဖို့ တွန်းနေတာ မဟုတ်ပါဘူး။ ဒီတော့ အားလုံးကိုခြုံပြီး ဖိုးဘီးယားဖြစ်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ လုပ်ရပ်ပေါ်ပဲ မူတည်တာပါ။

၁၉၇၉ကစလို့ ကမ္ဘာမှာ မွတ်စလင်အကြမ်းဖက်အုပ်စုတွေက အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၆၆၈၇၂ ပြုလုပ်ခဲ့ပြီး လူပေါင်း ၂သိန်းခွဲခန့် သေဆုံးခဲ့တာဆိုတော့ ဖိုးဘီးယားဆိုတဲ့အသုံးအနှုန်းနဲ့လည်း မကိုက်နေပါဘူး။ စိုးရိမ်လို့ ကြောက်ကြတယ်ဆိုရင်တောင် မစိုးရိမ်ကြဖို့မပြောပဲ ပိုခြောက်ပြကြပြီးမှ ဖိုးဘီးယားလို့ စွပ်စွဲတာက သဘာဝကျ/မကျ ပြန်စဥ်းစားသင့်ပါတယ်။ ခုတွေ့နေတာကတော့ အစ္စလာမ်ကို ဘာသာရေး/ယဥ်ကျေးမှုအနေနဲ့ပဲ ထားတဲ့နိုင်ငံကလူတွေက အနောက်နိုင်ငံတွေအနေနဲ့ ကြုံလာမယ့်အန္တရာယ်တွေကို လျော့မတွက်ဖို့ သတိပေးနေကြတာပါ။

ဂျီနိုဆိုက်နဲ့ ပတ်သက်လို့ ၁၉၄၈ ယူအန်ဂျီနိုဆိုက်ကွန်ဗန်းရှင်းမှာ ဂျီနိုဆိုက်ဆိုတာကို ရည်ရွယ်ချက်နဲ့ သတ်မှတ်ကြောင်း၊ လူဘယ်လောက်သတ်မှ ဘယ်လောက်သေမှ မဟုတ်ပဲ လူအုပ်စုတခုလုံးကိုဖြစ်စေ တစိတ်တပိုင်းကိုဖြစ်စေ တမင်တကာ ရုပ်ပိုင်းဆိုင်ရာဖျက်ဆီးခြင်းပြုလုပ်ရင် ဂျီနိုဆိုက်ပြစ်မှု မြောက်ကြောင်း၊ သတ်တယ်ဆိုတဲ့အပိုင်းတောင် ပါဝင်စရာမလိုကြောင်း စသဖြင့် လျော့တိလျော့လျဲ ဖွင့်ဆိုထားပါတယ်။ ဒါကြောင့်လည်း ဟိုမှာလည်းဂျီ ဒီမှာလည်းဂျီနဲ့ တဂျီတည်းဂျီနေကြတာကို တွေ့ရမှာပါ။

ယူအန်ဂျီနိုဆိုက်ကွန်ဗန်းရှင်းက ဒုကမ္ဘာစစ်အတွင်း ဂျာမဏီမှာ ဂျူးတွေကို မုန်းတီးသမှုနဲ့ အစုအပြုံလိုက် သတ်ခဲ့တဲ့ Holocaust ကြောင့် ပေါ်လာတာဆိုပေမယ့် အခုလိုဖွင့်ဆိုချက်က တကယ့်ဂျီနိုဆိုက်မှုကိုတောင် ပေါ့ပျက်ပျက် ဖြစ်သွားစေပါတယ်။ ကွန်ဗန်းရှင်းက ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဖွင့် သူ့ရဲ့မူလအဓိပ္ပါယ်က ပျောက်မသွားပါဘူး။ လူမျိုးတုံးဆိုတာက အပြင်းထန်ဆုံး ရာဇဝတ်မှု ဖြစ်တဲ့အတွက် ဒီလိုစွပ်စွဲနိုင်ဖို့နဲ့ ကျူးလွန်ကြောင်းဆုံးဖြတ်နိုင်ဖို့ ထင်ရှားများပြားတဲ့ သက်သေ အထောက်အထားတွေလိုအပ်မယ်ဆိုတာ ရှင်းပြနေစရာ လိုမယ်မထင်ပါဘူး။

အခုကိစ္စမှာ ၂၀၁၆တုန်းက ARSA က စပြီး အကြမ်းဖက်ခဲ့တာရယ် အဲဒီနောက်မှ မြန်မာစစ်တပ်က ရှင်းလင်းရေးပြန်လုပ်တာရယ် အဲဒီမတိုင်ခင်က လွှတ်တော်ထဲထိ ဝင်လာနေတာရယ်ဆိုတော့ သက်သက်မုန်းတီးလို့သတ်တာဆိုတဲ့ intent က ခိုင်မာမှုရှိမနေပါဘူး။ တခြားခိုင်မာတဲ့ အထောက်အထားရဖို့ ကြိုးစားတာမျိုးလည်း မတွေ့ရဘူးလို့ ဆိုကြပါတယ်။ စတင်အကြမ်းဖက်သူနဲ့ အကြမ်းဖက်ခံရသူတွေရဲ့ နစ်နာမှုကို လုံးဝလစ်လျူရှုထားတာလည်း နည်းလမ်းမကျနေပါဘူး။ မြန်မာစစ်တပ်ဘက်က လိုတာထက်ပိုပြီး ကျူးလွန်ခဲ့တာတွေရှိမယ်၊ အထောက်အထား ခိုင်လုံမယ် ဆိုရင် နိုင်ငံနာမည်တပ်မယ့်အစား ကျူးလွန်သူတွေကိုပဲ စွဲချက်တင်ရမှာပါ။ ဘယ်သူ့နာမည် ဘယ်နှစ်ခါ ပါပါ နိုင်ငံကိုခေါင်းတပ်တာဖြစ်လို့ နိုင်ငံနဲ့ လူမျိုးပုံရိပ်ကို ထိခိုက်စေပါတယ်။ အမေရိကန်မှာတောင် မြန်မာပြည်ကလို့ ဆိုတာနဲ့ အဲဒီကိစ္စနဲ့ရန်တွေ့ခံရတာ ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်။

၁၉၇၁ မတ်လတုန်းက မိုင်တထောင်လောက်ဝေးတဲ့ အနောက်ပါကစ္စတန်က ခွဲထွက်ဖို့ကြိုးစားခဲ့တဲ့ အခုဘင်္ဂလာဒေ့ရှ်ဖြစ်လာမယ့် အရှေ့ပါကစ္စတန်က ဘင်္ဂါလီတွေကို တပ်အင်အားသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဘင်္ဂလာဒေ့ရှ်ဘက်ကခေါင်းဆောင်တွေက ဂျီနိုဆိုက်လို့ စွပ်စွဲခဲ့တာပါပဲ။ အဲဒီမှာလည်း သက်သက်မုန်းလို့ လာသတ်တာမဟုတ်ပဲ ခွဲထွက်လို့ စစ်ဖြစ်ကြတာပါ။

ဒီဇင်ဘာ ၁၉၇၁မှာ ခွဲထွက်မှု အောင်မြင်သွားပြီး ၁၉၇၂အစောပိုင်းမှာ ပါကစ္စတန်က ထိပ်တန်းအရာရှိ ၁၉၅ဦးကို ဂျီနိုဆိုက်နဲ့ တရားစွဲဖို့ ကြိုးစားခဲ့သလို နောက်အစိုးရအဆက်ဆက်က ပါကစ္စတန်တွေကို ဂျီနိုဆိုက်ဖြစ်ခဲ့တာ အသိအမှတ်ပြုဖို့၊ တောင်းပန်ဖို့နဲ့ နိုင်ငံတကာအသိအမှတ်ပြုဖို့ ဆက်တိုက် ကြိုးစားလာခဲ့ပါတယ်။ အဲဒီခွဲထွက်စစ်ပြီးလို့ ၄၆နှစ်ကြာပြီး ၂၀၁၇ကျတော့မှ ခွဲထွက်လိုသူတွေကို စတင်ဖြိုခွင်းခဲ့တဲ့ မတ်လ ၂၅ရက်နေ့ကို ဂျီနိုဆိုက်နေ့လို့ သတ်မှတ်ခဲ့တာပါ။

သူတို့နှစ်ဖက်လုံးက မွတ်စလင်တွေဆိုတော့ ဂျီနိုဆိုက်ကို ဟိန္ဒူတွေအပေါ် ကျူးလွန်တာပါလို့ စွပ်စွဲပါတယ်။ အဲဒီတုန်းက ဘင်ဂါလီတွေရဲ့ ၁၃% ကပဲ ဟိန္ဒူတွေဖြစ်ပါတယ်။ စစ်အတွင်း သေဆုံးကြတဲ့ စစ်သည်က ဘင်္ဂလာဒေ့ရှ်က ၃သောင်းခန့်၊ အိန္ဒိယက ၂၅၀၀-၃၈၄၃၊ ပါကစ္စတန်က ၈၀၀၀-၉၀၀၀ ဖြစ်ပြီး အရပ်သားပါဆိုရင် ပါကစ္စတန်က ခန့်မှန်းတာ ၂၆,၀၀၀၊ စီအိုင်အေခန့်မှန်းတာ ၂သိန်း၊ ပညာရှင်တွေ ခန့်မှန်းတာ ၃သိန်း-၅သိန်း၊ ဘင်္ဂလာဒေ့ရှ်ကခန့်မှန်းတာ ၃သန်းတဲ့။ သုညတလုံးစီပဲ ကွာသွားတာပါ။

စိတ်ဝင်စားစရာကောင်းတာက ယူအန်ဂျီနိုဆိုက်ကွန်ဗန်းရှင်းလုပ်တဲ့ ၁၉၄၈မတိုင်ခင်က အင်မတန် စနစ်ကျတဲ့ ဗြိတိသျှကိုလိုနီသန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုး မရှိခဲ့ဘူးဆိုတာပါပဲ။ ရိုဟင်ဂျာ ဆိုတာကို စပြီးဖော်ပြခဲ့တာ ၁၉၅၁ကျမှ သတင်းစာထဲမှာ အဲဒီတုန်းကအမတ် Abdul Gaffar ရဲ့ ဆောင်းပါးကျမှ စခဲ့တာဖြစ်ပါတယ်။ ဒေါ်စုက အတိုက်အခိုက်မျိုးစုံခံပြီး ဒီလူမျိုးနာမည်မရှိပါဘူးလို့ ကမ္ဘာသိပြောထားတာကို မျက်နှာအိုးမဲသုတ်ပြီး တိုင်းရင်းသားပြည်သူတွေအရေး ဖက်ဒရယ်အရေး ထက် အဲဒီလူစုအရေးကို ဦးထိပ်ထားပြီး မရှိတဲ့နာမည်ကိုမှ မက်မက်စက်စက် ခေါ်နေသူများကို ကြည့်လိုက်ရင် မကြာသေးမီက ချင်းတိုင်းရင်းသားတွေကို နှစ်ပြားမတန်အောင် ပုတ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့ သူတွေပဲ ဖြစ်နေကြပါတယ်။ ညီညွတ်ရေးဆိုတာ ကောင်းတယ်ဆိုပေမယ့် ညီညွတ်သင့်တဲ့လူတွေ ညီညွတ်ကြတာမဟုတ်ရင်တော့ အန္တရာယ်ကြီးပါတယ်။

အလားတူပဲ ဗြိတိသျှကိုလိုနီသန်းခေါင်စာရင်းမှာ ပါလက်စ်တိုင်းဆိုပြီး ဖော်ပြလာတာ ၁၉၂၂ကမှ စပါတယ်။ ဂါဇာကမ်းမြှောင်က အာရှနဲ့ အာဖရိကကြားမှာရှိလို့ ကုန်သွယ်ရေးအရ အချက်အချာကျတဲ့ နေရာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နှစ် ၅၀၀၀အတွင်း လူမျိုးစုံနေခဲ့ကြတာပါ။ ဘိုင်ဘယ်လ်မှာပါတဲ့ Philistines ဆိုတဲ့ မြေထဲပင်လယ် တောင်ဘက်က လူဖြူနဲ့ဒေသခံ သွေးနှောသူတွေလည်း ပါပါတယ်။

ဂျီနိုဆိုက်ခံရပါတယ်လို့ လှိမ့်အော်ခဲ့တဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ခေါင်းဆောင် ယာဆာအာရာဖတ်ရဲ့ တဦးတည်းသောသမီး ဇာဝါက အာရာဖတ်သေသွားပြီးနောက်မှာ ၈ဘီလီယံ အမွေရခဲ့ပါတယ်။ ဂါဇာမှာ တခါမှအခြေချမနေဘူးပေမယ့် လန်ဒန်မှာ လမ်းတလမ်းလုံး ဝယ်ထားနိုင်ခဲ့ပါတယ်။ ပြင်သစ်ထိပ်တန်း တက္ကသိုလ်တခုက ဘွဲ့ရထားပြီး လူဖြူမိခင်နဲ့အတူ ပဲရစ်က လူကုံထံတွေနေတဲ့နေရာမှာ နေနေကြပါတယ်။ ဒါပေမယ့် ပါလက်စ်တိုင်းဒုက္ခသည်တွေအတွက် ဖွဲ့ပေးထားတဲ့ UN Relief & Work Agency စံနှုန်းအရ သူတို့က ဒုက္ခသည်အဖြစ် အကျုံးဝင်နေပြီး အဲဒီအဖွဲ့ကလည်း တနှစ်ကို ၈၈၇သန်း ဝင်နေတော့ ထောက်ပံ့ကြေးတပုံတပင် ရဦးမှာပါ။ အကြိမ်ကြိမ် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ကလင်တန်က PLO ဟာ ငြိမ်းချမ်းရေးလိုချင်တာမဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြောလာတဲ့အထိပါပဲ။ တော်လှန်ရေးဗန်းပြပြီး လုပ်စားသွားတဲ့ ရှေ့ဆောင်လမ်းပြကြီးဖြစ်လို့ သူ့လမ်းစဥ်လိုက်ချင်ကြသူတွေ နည်းမထင်ပါဘူး။

Leave a Reply