FBI Raid on Trump Home 3

တနင်္လာနေ့က ထရမ့်ရဲ့ မာရာလေဂိုအိမ်ကို အက်ဖ်ဘီအိုင်တွေ ဝင်စီးတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား အုတ်အော်သောင်းနင်းဖြစ်သွားတာကြောင့် ဘိုင်ဒန်နဲ့ ဘဒအစိုးရရဲ့ ရှေ့နေချုပ် မဲရစ်ဂါလန်တို့ကို မေးမြန်းဖို့ လိုက်ရှာခဲ့ကြပါတယ်။ ဘိုင်ဒန်က ဟန်းတားကိုပါခေါ်ပြီး ဗကေးရှင်းထွက်သွားလို့ မေးလို့မရသလို မဲရစ်ဂါလန်ကလည်း ဘယ်ရောက်နေမှန်း စုံစမ်းလို့ မရဘူးဖြစ်နေပါတယ်။ ဘိုင်ဒန်မိသားစုက တောင်ကာရိုလိုင်းနားက ဒီမိုကရက်တွေရဲ့ အမာခံအလှူရှင် မာရီယာအော်လွင်ရဲ့ သန်း၂၀တန် ပင်လယ်ကမ်းခြေက အိမ်ကြီးမှာ အခမဲ့ သွားရောက်ဇိမ်ခံနေပါတယ်။

(ဘိုင်ဒန်အိမ်ဖြူစရောက်ကတည်းက အရင်သမ္မတတွေလို အစိုးရအပန်းဖြေစခန်းတွေကို သွားလေ့မရှိပဲ ဒီလဝဲကမ်းခြေက သူ့အိမ်(သို့) အခုလို လူနိုင်သူဌေးတွေရဲ့ အိမ်တွေမှာပဲ အခမဲ့ လှည့်နားနေတာပါ။ ဟန်းတာက အမြဲပါသွားတာဆိုတော့ ဖြစ်နိုင်တာတခုက လက်ဝါးရိုက်တာတွေ ပွဲစားလုပ်တွေ့ပေးတာတွေကို လူမသိစေချင်လို့ ဖြစ်ပါလိမ့်မယ်။)

ဂါလန်ကတော့ လူတွေလိုက်ကြလွန်းလို့ ကနေ့မှ စာထုတ်ပြီး ထရမ့်အိမ်ကို စီးနင်းရှာဖွေဖို့ သူခွင့်ပြုပေးခဲ့တာပါလို့ ဝန်ခံပါတယ်။ လက်မှတ်ထိုးပေးတဲ့ ကောင်တီမဂျစ်စထြိတ်ရိန်းဟတ်ရော​ ဂါလန်ရောက ဝရမ်းနဲ့ သိမ်းဆည်းလာတဲ့ ပစ္စည်းတွေကို ထရမ့်ရှေ့နေတွေက မကန့်ကွက်ဘူးဆိုရင် အများပြည်သူကို ချပြဖို့ တရားသူကြီးကို တိုက်တွန်းနေကြပါတယ်။ အရင်သမ္မတတွေလို ကင်းလွတ်ခွင့်လည်းမရ၊ ဘာတွေယူသွားမှန်းမသိတော့ ချပြဖို့သဘောတူပြန်ရင်လည်း တကယ်တွေ့ခဲ့တာမဟုတ်တာတွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေ ပါနေရင် အခက်၊ မချပြပြန်တော့လည်း သွားပုတ်လေလွင့် ပြောကြမှာဆိုတော့ ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ကိစ္စတခုဖြစ်နေတာပါ။

အခုလို စစ်ရတဲ့ အကြောင်းရင်းလို့ ဆိုတဲ့တစ်ခုကတော့ နေရှင်နယ်အာခိုက်ဖ် အမျိုးသားမှတ်တမ်းရုံးက ဒါရိုက်တာက သမ္မတထရမ့် အိမ်ဖြူကဆင်းသွားတဲ့အချိန်မှာ ပုံးတွေ ရဟတ်ယာဥ်ပေါ်တင်သွားတာ တီဗီထဲကနေ တွေ့လိုက်တော့ ဘာတွေယူသွားတာလဲလို့ သံသယဖြစ်လို့ပါလို့ ဆိုပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ဆိုင်တဲ့ ထိပ်တန်းလျို့ဝှက်တွေကို ပရင့်အောက်တွေထုတ်ပြီး အများပြည်သူကို ထုတ်လွှင့်ပြသနေတဲ့ တီဗီရှေ့မှာ ပုံးတွေနဲ့ သယ်သွားတာကို ခိုးထုတ်သွားတာလို့ထင်တဲ့ ဦးနှောက်က “အံ့မခန်း”ပါ။ နည်းပညာ ဒီလောက်ထွန်းကားနေတဲ့ခေတ်မှာ ပရင့်အောက်ထုတ်ပြီး လျို့ဝှက်ချက်တွေ သယ်သွားတယ်လို့ တွေးနိုင်တဲ့ အင်မတန်မှ စူးရောက်လှတဲ့ ဦးနှောက်တွေ ရာထူးကြီးတွေ​ရနေတာက မအလတို့ သွက်သွက်ခါတို့နဲ့များ အမျိုးတော်နေသလားပါပဲ။

အဲဒီပုံးတွေအကြောင်းကို အဲရစ်ထရမ့်က ရှင်းပြတာမှာ သူ့ဖခင်က အင်မတန်စနစ်ဇယားရှိတဲ့သူဖြစ်ပြီး အမြဲတန်း လုပ်သမျှ၊ ကြုံသမျှ ပုဂ္ဂိုလ်ရေးအမှတ်တရတွေကို သိမ်းဆည်းတတ်ကြောင်း၊ ပြီးခဲ့တဲ့လက သူ့မိခင်ရဲ့ ဈာပနမှာလည်း သူတို့စတွေ့စဥ်ကနဲ့ လက်ထပ်ပေါင်းသင်းနေစဥ်ကာလတလျောက်လုံးက အမှတ်တရ စာလေးတွေ၊ ပုံလေးတွေ၊ ကဒ်ကလေး၊ အမှတ်တရလေးတွေကို ပြန်ယူလာပြီး ပြသခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခု သိထားဖို့က သမ္မတထရမ့်က အသက် ၇၀ကျော်ဆိုတော့ ဒီဖက်ခေတ် လူလတ်ပိုင်းတွေနဲ့ လူငယ်တွေကြား လုပ်လေ့သိပ်မရှိတော့တဲ့ ဟိုတုန်းက အကျင့်လေးတွေဖြစ်တဲ့ စာလေးတွေ သိမ်းထားတာမျိုး၊ အမှတ်တရလေးတွေ သတိတရ မှတ်တမ်းတင် သိမ်းဆည်းတာမျိုး လုပ်လေ့ရှိသေးတယ်ဆိုတာပါ။

သမ္မတရာထူးနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ ယူသွားတာကို ခုမှ အမှုထလုပ်ရအောင် အိမ်ဖြူက ထွက်သွားတာပဲ တစ်နှစ်ခွဲကျော်နေပြီဖြစ်သလို ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင်လာစစ်ခဲ့တဲ့ အကြိမ်တုန်းကလည်း ထရမ့်ကိုယ်တိုင် မြေအောက် စတိုခန်းထဲထိ သွားပြီး အေးအေးဆေးဆေးစစ်၊ မင်းတို့လိုတာရှိလဲပြောလို့တောင် သွားနှုတ်ဆက်ခဲ့ပါသေးတယ်။ ပြောချင်တာက ဘယ်ဌာနက စစ်ချင်စစ်ချင် ပူးပေါင်းဆောင်ရွက်လိုက်လျောနေပါလျက်နဲ့ ကမ်းတက်လာတာ ဘောင်ကျော်လာတာကို ထင်ရှားစေချင်တာပါ။

အက်ဖ်ဘီအိုင်က ဘာဆင်ခြေပေးသလဲဆိုတော့ မာရာလေဂိုအိမ်ကြီးထဲမှာ ငါတို့လူရှိတယ်၊ အဲဒီလူက သတင်းပေးလို့ ငါတို့လာရတာလို့ ဆိုပါတယ်။ မာရာလေဂိုအိမ်ကြီး ခြံကြီးက အကြီးကြီးဆိုပေမယ့် အဲဒီဝင်းက ပွဲတွေ ပါတီတွေ လုပ်ဖို့ ငှားလို့ရတဲ့ ကန်းထရီးကလပ်ဘ်လုပ်ထားတာပါ။ သူတို့မိသားစုသီးသန့်နေတာက ပေ ၃၀၀၀ပဲကျယ်တဲ့ သီးသန့်နေရာပါ။ အဲဒီနေရာကို အေးဂျင့် ၄၈ဦး ဝင်ရှာတာ၊ စာရွက်စာတမ်းတွေက မြေအောက် စတိုခန်းမှာ တွေ့ပြီးဖြစ်ပေမယ့် ထရမ့်အိပ်ခန်းရော၊ ရုံးခန်းရော၊ မီလာနီယာအဝတ်ဘီရိုရော မီးခံသေတ္တာရောကို မနက်၉နာရီကနေ ညနေ ၆နာရီခွဲအထိ ရှာနေကြတာ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ပါဘူး။

ဂါလန်က ထရမ့်ရှေ့နေတွေမှာ ရှာတာကို ကြည့်ခွင့်ရှိတယ်လို့ ဆိုပေမယ့် လာတာကြိုမပြောခဲ့တော့ တနာရီလောက်ကြာမှ ရောက်ခဲ့ကြတဲ့အပြင် တကယ်တမ်းမှာ ဝင်းထဲကိုတောင် ပေးမဝင်ခဲ့ကြပါဘူး။ မိသားစုနဲ့ နီးစပ်သူတဦးက အသံဖမ်းကိရိယာတွေ တပ်ကောင်းတပ်ခဲ့နိုင်တယ်လို့ ခန့်မှန်းနေပါတယ်။ ၂၀၁၅တုန်းကတောင် ဟူစိန်အို့အမိန့်နဲ့ ဖုံးတွေဖြတ်နားထောင်သေးတာပဲလေ။ ကိုယ်ကျင့်သိက္ခာ တပြားသားမှ မရှိသူတွေအတွက် မလုပ်ဝံ့တာလည်း ရှိအံ့မထင်ပါဘူး။

အခုလို ဝင်စီးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၆တုန်းက ကလင်တန်ကမ်ပိန်းရှေ့နေနဲ့ ရုရှားကိုလူးရှင်းလိမ်လည်မှုမှာ အဓိက လှုပ်ရှားခဲ့တဲ့ ဥပဒေအဖွဲ့ထဲက တဦးလည်းဖြစ်တဲ့ မာခ်အဲလီယားစ်က ဒီလိုဝင်စီးရတဲ့ အကြီးဆုံးအကြောင်းရင်းဟာ အမေရိကန်နိုင်ငံရေးမှာ အကြီးအကျယ်ပေါက်မဲ့ကိစ္စဖြစ်တာကို မီဒီယာတွေက သဘောမပေါက်နေကြဘူးလို့ တနင်္လာနေ့က တွိသွားပါတယ်။ သူပြောချင်တာက ကလပ်စီဖိုင်းမက်တီးရီးရလ်တွေကို ယူသွားခဲ့တာ ပြစ်မှုထင်ရှားရင် ငွေဒဏ်၊ ထောင်ဒဏ်အပြင် ရာထူးကနှုတ်ထွက်ရမယ်၊ အမေရိကန်ဥပဒေအရ ဘယ်လိုရာထူးမှ ယူလို့ မရစေရဆိုတဲ့ ကုဒ်ကို ညွှန်းထားတာဖြစ်ပါတယ်။

အဲဒါကို ကြည့်ခြင်းအားဖြင့် ထရမ့်ကို သူတို့စွပ်စွဲနေတာတွေ များပြားသလောက် တကယ်တမ်း ပြစ်ချက်တင်လို့ရတာ လက်ဆုပ်လက်ကိုင်ပြလို့ရတာ ဘာဆို ဘာမှမရှိတာ ထင်ရှားနေပါတယ်။

ဒါပေမဲ့ သမ္မတထရမ့် ယူဆောင်သွားခဲ့တာက ကမ္ဘာ့ခေါင်းဆောင်တွေက သူ့ကိုပေးတဲ့ စာတွေကို အမှတ်တရအနေနဲ့ ယူသွားတာဖြစ်ပြီး ဘာလုံခြုံရေးလျို့ဝှက်ချက်မှ မပါလို့လည်း ပေါ်ပေါ်ထင်ထင်သယ်ဆောင်သွားပြီး သူ့အိမ်အောက်ထပ်မှာပဲ ထားထားတာဖြစ်ပါတယ်။ တကယ်လို့ ဒီစာတွေက သူ့မှာသိမ်းပိုင်ခွင့်မရှိဘူး၊ နေရှင်နယ်အာခိုက်ဖ်ကို ပို့မှရမယ်ဆိုရင်လည်း ပို့ပါမယ့်အကြောင်း ထရမ့်ရှေ့နေကတဆင့် အက်ဖ်ဘီအိုင်တို့ နေရှင်နယ်အာခိုက်ဖ်တို့ကို ပြောထားပြီးသား ဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့အချက်က အခြေခံဥပဒေကသာ သမ္မတဖြစ်ဖို့ အရည်အချင်းတွေ သတ်မှတ်ထားတာဖြစ်ပြီး တခြားဥပဒေတွေက အဲဒီအချက်ကို လွှမ်းမိုးခွင့် မရှိပါဘူး။ အမေရိကန်အခြေခံဥပဒေမှာ သမ္မတအရွေးခံမယ့်သူဟာ အသက် ၃၅နှစ်ပြည့်ပြီးဖြစ်ရမယ်၊ အမေရိကန်နိုင်ငံသားအဖြစ် မွေးဖွားလာရမယ်လို့ပဲ သတ်မှတ်ထားပါတယ်။

ငါးမရလည်း ရေချိုးပြန်မယ့် ဒီမိုကရက်တွေကတော့ သူတို့အကြံမအောင်လည်း ထရမ့်ဘက်က မခံမရပ်နိုင်သူတွေ ဆန္ဒပြကြ၊ ဆူပူကြမယ်ဆိုရင် အဲဒါကို အကြောင်းပြပြီး ရီပါဘလစ်ကန်တွေကို နည်းမျိုးစုံနဲ့ ကြပ်ကြဦးမှာပါ။ ဒါပေမဲ့ ထရမ့်ထောက်ခံသူတွေရဲ့ ဒေါသက အလှူငွေတွေအဖြစ်ကို ပြောင်းလဲပြီး ၂၄နာရီအတွင်း ခေတ်သစ်သမိုင်းမှာတခါမှ မရှိဘူးတဲ့စံချိန်တွေကို ရောက်ရှိသွားပါတယ်။

စင်စင်နာ့တီက အက်ဖ်ဘီအိုင်ရုံးကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ လက်နက်ကိုင်ရစ်ကီရှစ်ဖာကိုတော့ ရဲတွေက နေရာမှာတင် ပစ်သတ်ခဲ့ပါတယ်။ ၂၀၁၇က ထရမ့်ခန့်ထားခဲ့တဲ့ အက်ဖ်ဘီအိုင်ဒါရိုက်တာ ခရစ်စတိုဖာဝရေးက သူ့အပေါ်နဲ့ အက်ဖ်ဘီအိုင်အပေါ် ခြိမ်းခြောက်မှုများကို စိတ်ပျက်ဖွယ်ရာ အန္တရာယ်များအဖြစ် ဝေဖန်သွားပါတယ်။ တကယ်တမ်းပြောရရင် အပုပ်နဲ့ ထောင်းထောင်းထနေတဲ့ ကလင်တန်တို့ ဘိုင်ဒန်တို့ ပလိုးစီတို့ကို လူအင်အားနဲ့ သွားရောက်စစ်ဆေးဖို့ထားလို့ စစ်ဖို့ စကားဦးတောင် မသန်းခဲ့တာကမှ ပိုစိတ်ပျက်ဖွယ် ကောင်းတယ်လို့ ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: