ထရမ့်ကို တချိန်လုံး တိုက်ခိုက်နေခဲ့တဲ့ ဘုရှ်၄၃လက်ထက်က ဒုသမ္မတဒစ်ချေနီရဲ့ သမီး လဇ်ချေနီဟာ ဒီကနေ့ဝိုင်ယိုမင်းမှာပြုလုပ်တဲ့ ပါတီတွင်းပဏာမရွေးကောက်ပွဲမှာ ထရမ့်ထောက်ခံပေးထားသူ ဟေ့ချ်မန်ကို (၆၅ – ၃၀)နဲ့ အပြတ်အသတ် ရှုံးနိမ့်နေပါတယ်။ မဲတွေက ရေတွက်ဆဲဖြစ်တော့ ဘယ်သူနိုင်တယ်ဆိုတာ တရားဝင် မကြေငြာရသေးပါဘူး။ အရင်အကြိမ်က ၇၃ရာခိုင်နှုန်းမဲနဲ့ နိုင်ထားတာကို အားကိုးပြီး ခုတကြိမ်မှာ ရှုံးနိုင်ခြေရှိပေမယ့် ဝင်ပြိုင်ခဲ့တာပါ။ သူမကို ဂျန်၆ကိစ္စမှာ မာဂါရီပါဘလစ်ကန်တွေနဲ့ မရပ်တည်ပဲ ဒီမိုကရက်တွေကတဲ့ဇတ်မှာ တက်တက်ကြွကြွ ပါဝင်ပြီး အပြစ်မရှိ အပြစ်ရှာခဲ့လို့ မာဂါရီပါဘလစ်ကန်များက မလိုလားကြတော့တာဖြစ်ပါတယ်။
အစ္စရေးမှာ ဝန်ကြီးချုပ် ၁၅နှစ် လုပ်ခဲ့တဲ့ ဘန်ဂျမင် နေတန်ယာဟု(ဘီဘီ)ကို ဂျူးတဦးဖြစ်တဲ့ ဘန်ရှာပီရိုက အင်တာဗျူးထားတာကို နားထောင်လိုက်ရပါတယ်။ ဘီဘီရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအမြင်တွေဟာ ထရမ့်နဲ့ တော်တော်ဆင်တာ တွေ့ရပါတယ်။
- အစ္စရေးလို နိုင်ငံပေါက်စလေးက စစ်သွေးကြွတွေ ရန်သူတွေ ဝိုင်းနေတဲ့ နယ်မြေမှာ အောင်အောင်မြင်မြင် ရပ်တည်နိုင်ဖို့အတွက် စစ်ရေး သံတမန်ရေးက များစွာ အရေးကြီးကြောင်း၊
- စစ်ရေးအားကောင်းဖို့အတွက် တိုင်းပြည်စီးပွားရေးက သွက်လက်မြိုင်ဆိုင်စွာ လည်ပတ်နေဖို့လိုပြီး
- တိုင်းပြည်စီးပွားရေးကောင်းဖို့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးကသာ စွမ်းဆောင်နိုင်ကြောင်း၊
- နည်းပညာတိုးတက်ပြီး လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးမရှိရင် ဦးနှောက်ယိုစီးမှုတွေ ဖြစ်လာနိုင်ကြောင်း၊
- သံတမန်ရေးကလည်း စစ်ရေးအင်အား စီးပွားရေးအင်အားပေါ် အများကြီး မူတည်ကြောင်း၊
- ရန်သူကို လိုက်လျောနေရတာက ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာမဟုတ်ပဲ ပိုအင်အားကြီးတဲ့သူကသာ ငြိမ်းချမ်းရေးဖြစ်/မဖြစ် ရွေးချယ်နိုင်ကြောင်း၊
- ခုဆိုရင် အီရန်ကို မထိန်းနိုင်လို့ အီရန်က နျူလက်နက် ပြည့်ပြည့်ဝဝထုတ်နိုင်သွားပြီဆိုရင် တစ်လုံးနှစ်လုံးမက အလုံးများစွာ ထုတ်တော့မှာဖြစ်ကြောင်း၊ အဲဒါဆိုရင် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးမှာ ပြဿနာ ရှိလာနိုင်ကြောင်း ပြောကြားသွားပါတယ်။
ဘီဘီပြောတာနဲ့ သွားပတ်သက်နေတဲ့ သတင်းက ဆော်လ်မွန်ရပ်ရှ်ဒီးဓါးထိုးခံရမှုနဲ့ ပတ်သက်တဲ့ ဘိုင်ဒန်တို့ ထုတ်ပြန်ချက်ပါ။ အိမ်ဖြူထုတ်ပြန်ချက်ထဲမှာ ရှပ်ရှ်ဒီးအကြောင်းတွေပဲ ပြောသွားပြီး သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့သူအကြောင်း တလုံးတပါဒမှ ဖော်ပြမထားသလို ရှုတ်ချမထားပါဘူး။ ရပ်ရှ်ဒီးကို ဓါးနဲ့ထိုးခဲ့သူက အသက် ၂၄နှစ်ရှိ ဟာဒီမတားဖြစ်ပြီး ရပ်ရှ်ဒီးကို သေမိန့်ထုတ်ထားခဲ့ဖူးတဲ့ အီရန်အစိုးရရဲ့ တော်လှန်ရေးအစောင့်တပ်နဲ့ ရှီးယားအစွန်းရောက်တွေကို ထောက်ခံသူ ဖြစ်ပါတယ်။
နယူးယောက်ပြည်နယ်ရဲကတော့ မတားရဲ့ စေ့ဆော်မှုက ဘာဆိုတာ မသိသေးဘူးလို့ ဆိုပါတယ်။ ဆင်အကောင်ကြီးမြင်တာတောင် ဆင်ခြေရာရှာနေကြတော့ ဘာများဖြစ်နိုင်သေးလို့လဲဟင်လို့ မေးရမလိုပါပဲ။ ရပ်ရှ်ဒီးကိုမပြောနဲ့ နိုင်ငံတကာက သူ့စာအုပ်ထုတ်ဝေသူတွေတောင် ဓါးထိုးခံရ၊ လုပ်ကြံခံရတာတွေ ဖြစ်ခဲ့တာပဲ။ ရပ်ရှ်ဒီးကတော့ မျက်စေ့တဖက်ဆုံးရှုံးဖို့ များပေမယ့် အခြေအနေတည်ငြိမ်နေပြီး စိတ်ဓါတ်ရေးရာလည်း ကောင်းမွန်နေပါတယ်။
အဲဒါက ဘီဘီပြောတာနဲ့ ဘယ်လိုပတ်သက်လဲဆိုတော့ အီရန်အပေါ် ဟူစိန်အိုလက်ထက်က နျူလက်နက်မထုတ်ဖို့ ငွေသားဘီလီယံနဲ့ချီပေးပြီးဖားခဲ့တဲ့အပြင် ထရမ့်လက်ထက်မှာ လုပ်ခဲ့သမျှ တင်းကြပ်ထားမှုတွေအကုန်လုံးကို ဘိုင်ဒန်တက်တက်ချင်း အူယားဖားယားပယ်ဖျက်ပေးခဲ့ပါတယ်။ တာဝန်ယူမှု/တာဝန်ခံမှုကို နားမလည်တဲ့ ဟူစိန်တို့ ဖားနေခဲ့တုန်းကလည်း အီရန်က စာချုပ်ပါအတိုင်း လိုက်နာ/မနာ ဘယ်သူမှ စောင့်ကြည့်နေတာ မဟုတ်ပါဘူး။ အဲဒါကိုကြည့်ရင် ဘယ်သူက အပေါ်စီးကရောက်နေလဲ သိမှာပါ။
အီရန်လို ရန်လိုတဲ့ အကြမ်းဖက်နိုင်ငံက နျူလက်နက် ထုတ်နိုင်ပြီဆိုရင် ကမ္ဘာ့အာဏာရှင်နိုင်ငံတွေကို မရောင်းဘူးလို့ မပြောနိုင်တဲ့အတွက် မြောက်ကိုရီးယားလို နျူလက်နက်ပြပြီး ထင်တိုင်းကြဲနေတဲ့ နိုင်ငံတွေ များလာနိုင်တာ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်တာကို တွေးထားဖို့ လိုပါမယ်။ အာဏာရှင်တွေဆိုတာ ပြည်သူဘယ်လောက်ငတ်ငတ် သူတို့အာဏာမြဲဖို့ ရှိသမျှပိုက်ဆံလက်နက်ဝယ်မှာ အသေအချာပါပဲ။
ဘိုင်ဒန်တက်လာပြီး နယ်စပ်ဖွင့်လိုက်ချိန်ကစလို့ အီရန်လိုလားတဲ့ အကြမ်းဖက်တွေ အမေရိကန် မြေပေါ်မှာ ဇောင်းထတာ ဒီတကြိမ်တည်း မဟုတ်ပါဘူး။ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘိုလ်တန်နဲ့ အီရန်ဖွား အမေရိကန်သတင်းသမားတို့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြတာတွေ ရှိပါသေးတယ်။ အက်ဖ်ဘီအိုင်လိုဌာနမျိုးက ရီပါဘလစ်ကန်တွေကိုပဲ မဲပြဿနာရှာနေရင် အကြမ်းဖက်တွေ ဂျိုကြွကြဦးမှာပါပဲ။ ၉/၁၁တွေ ထပ်မဖြစ်ဖို့ပဲ ဆုတောင်းရတော့မှာပါ။
ဒေါ်နံစီတိုင်ဝမ်သွားခဲ့တာကို အမျိုးမျိုးဘာသာပြန်ကြပါတယ်။ တရုပ်ကြီးကို အာခံပြခဲ့သလိုဖြစ်တော့ လက်ခုပ်သံတွေ ရခဲ့ပေမယ့် တိုင်ဝမ်ဘက်မှာရပ်တယ်ဆိုတာ ပြဖို့ အဲဒီလိုလုပ်တာ လိုအပ်ရဲ့လားဆိုတဲ့ မှတ်ကျောက်နဲ့ တိုက်စစ်ရင်တော့ သူမစာမေးပွဲ ကျပါတယ်။ တပိုင်းကတော့ ဘိုင်ဒန်အသုံးမကျတာပါ။ သမ္မတထရမ့်တုန်းက တိုင်ဝမ်လည်းမသွား၊ ယူကရိန်းဘက်လည်း ခြေဦးမလှည့်ခဲ့ပေမယ့် တရုပ်၊ ရုရှား၊ မကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းက စစ်သွေးကြွတွေပါ အမြှီးကုပ်နေခဲ့ကြရတာ အားလုံးအမြင်ပါပဲ။ ပြောရရင် ထရမ့်က သမ္မတတွေထဲမှာ နိုင်ငံခြားခရီးသွားတာ အနည်းဆုံးသမ္မတပါ၊ မလိုအပ်ပဲ သွားတဲ့ခရီးတိုင်းဟာ ပြည်သူ့ပိုက်ဆံကို ဖြုန်းတီးတယ်လို့ ယူဆသူ ဖြစ်တဲ့အတွက် တကယ်လိုအပ်တာမှ သွားတာဖြစ်ပြီး သွားတဲ့နိုင်ငံတိုင်းကလည်း ပြောစမှတ်ပြုလောက်အောင် ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြပါတယ်။
ချုပ်ရရင် ဒေါ်နံစီရဲ့ တိုင်ဝမ်၊ ကိုရီးယား၊ စင်္ကာပူခရီးစဥ်ဟာ တရုပ်ကို အာခံရဲတယ်ဆိုတာကို ဗန်းပြပြီး သူ့သားစီးပွားရေးလုပ်ငန်းတွေကို ပြည်သူ့စားရိတ်နဲ့ လေယာဥ်စီးလုံးငှားပြီး စာရင်းဖျောက်သွားတဲ့ ခရီးစဥ်ဖြစ်တဲ့အပြင် ပြည်သူ့အနာကို ဆားပက်တဲ့ အသုံးစရိတ်ဘေလ်ကနေရော ပြည်တွင်းဒုက္ခတွေကရော၊ သူ့ယောက်ျားအမှုကရော အာရုံလွှဲတာသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။
အဲဒီခရီးစဥ်က ရလိုက်တဲ့ဆိုးကျိုးတခုက အမေရိကန်တွေက တောင်းဆိုနေတဲ့ အိုပီရွိုက်/ဖန်တနိုင်းချက်တဲ့ ကုန်ကြမ်းတွေကို တရုပ်က တင်ပို့နေတာကို တားမြစ်ပေးဖို့ ငြင်းဆန်နေတာပါပဲ။ အရင်ထဲက ဝင်အဖမ်းမပြခင် ကြိုသတင်းပေးထားလို့ ရှောင်ပြေးတာမျိုးတွေရှိပေမယ့် အခုတော့ ဒေါ်နံစီခရီးစဥ်ကို အကြောင်းပြစရာတခုအဖြစ် အသုံးချနေပါပြီ။ တရုပ်ရဲ့ခေတ်သစ်ဘိန်းစစ်ပွဲကြောင့် အမေရိကန်တွေ တနှစ်ကို သိန်းဂဏန်း အသက်ဆုံးရှုံးနေတာပါ။