CENTCOM ရဲ့ ထုတ်ပြန်ချက်မှာ ဟော်မုဇ်ကို ပိတ်ထားတဲ့ ပထမ ၂၄နာရီအတွင်းမှာ ဘာသင်္ဘောမှ ဖြတ်မသွားခဲ့ဘူးလို့ ဆိုပါတယ်။ ကုန်သင်္ဘော ၆စီးက အမေရိကန်ရေတပ်ရဲ့ ညွှန်ကြားချက်အတိုင်း အိုမန်ပင်လယ်ကွေ့ထဲက အီရန်ဆိပ်ကမ်းကို ပြန်ထွက်ခွာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပိတ်ဆို့မှုက ပါးရှန်းနဲ့ အိုမန်ပင်လယ်ကွေ့ ၂ခုစလုံးက အီရန်ဆိပ်ကမ်းတွေ အကုန် အကျုံးဝင်ပြီး အီရန်ဆိပ်ကမ်းနဲ့ မသက်ဆိုင်တဲ့ ကျန်သင်္ဘောအားလုံး လွတ်လပ်စွာ ဖြတ်သန်းခွင့် ပြုထားပါတယ်လို့ ပါရှိပါတယ်။ CENTCOM commander Adm. Brad Cooper ရဲ့ နောက်ဆုံး ကြေငြာချက်မှာတော့ ပိတ်ဆို့မှု စတင်ပြီး ၃၆နာရီ တောင် မရှိသေးခင်မှာ အမေရိကန်တပ်တွေက အီရန်ရဲ့ ရေကြောင်းကုန်သွယ်မှု အားလုံးကို လုံးဝ ပိတ်ဆို့နိုင်ခဲ့ပါပြီလို့ ဆိုထားပါတယ်။
အီရန်နဲ့ တရုတ်ကောင်းသတင်းတွေကို အမြဲ ဝမ်းသာအားရ တင်လေ့ရှိတဲ့ သတင်းဌာနတွေကတော့ တရုတ်ရေနံတင်သင်္ဘောဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ကျော်ဖြတ်သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသင်္ဘောက ဆန်ရှင်လုပ်ထားတဲ့ အီရန်ရေနံတွေကို လာလာဝယ်ယူနေတာကြောင့် အမေရိကန်ဆန်ရှင် ထိထားတဲ့ သင်္ဘောဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ပါရှန်းပင်လယ်ကွေ့မှာ အကျဥ်းဆုံးဖြစ်တဲ့ ဟော်မုဇ်တောင် ရေမိုင် ၂၁မိုင် ကျယ်တာဖြစ်ပြီး အမေရိကန်တွေ ပိတ်ဆို့ထားတဲ့ အိုမန်ပင်လ်ကွေ့က မိုင် ၅၀လောက် ကျယ်နိုင်ပြီး အမေရိကန်က စစ်သင်္ဘော ၁၅စီး၊ လေယာဥ် အစီး ဒါဇင်များစွာနဲ့ လူအင်အား ၁၀၀၀၀ နီးပါး သုံးပြီး ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ ဘလူမ်းဘတ်သတင်းမှာ တရုတ်သင်္ဘောက အမေရိကန်က ပိတ်ဆို့ထားလို့ ပြန်လှည့်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာ ထပ်မံထွက်လာပြီး ဖြတ်သန်းသွားတာလို့ ဖော်ပြထားပါတယ်။ ဒီသတင်းသာ မှန်ခဲ့ရင် မိုင် ၅၀ဆိုတာ အကျယ်ကြီးဖြစ်လို့ AIS မဖွင့်ပဲ လွတ်မယ်ထင်တဲ့နေရာက ဖြတ်သွားတာ ဖြစ်နိုင်သလို မကြေငြာခင်ကတည်းက ရောက်နေတဲ့ သင်္ဘောလည်းဖြစ်၊ လက်နက်အဝင်လည်းမဟုတ်တဲ့အတွက် ဒီတစီးနဲ့ ပိုကြီးတဲ့ရည်မှန်းချက်ကို အနှောက်အယှက် အဖြစ်မခံတာလည်း ဖြစ်နိုင်ပါတယ်။
တလောက စွမ်းအင်အပါအဝင် အစစ ကြပ်တည်းနေတဲ့ ကျူးဘားကို ရုရှားက ဆီသင်္ဘောတစီး ပို့လိုက်တာကို ထရမ့်က တစီးနဲ့ ဘာမှ မဖြစ်ပါဘူး၊ ကျူးဘားက ပိုက်ဆံပြန်ရမှာလည်းမဟုတ်တော့ သူတို့အဆုံးခံနိုင်ရင် ပြီးတာပဲဆိုတဲ့ သဘောနဲ့ ခွင့်ပြုပေးခဲ့တဲ့ သာဓက ရှိပါတယ်။ တရုတ်က အီရန်ကို ဖြတ်သန်းခ ပေးမယ့်သူ မဟုတ်တာရယ် တရုတ်နဲ့ ထိပ်တိုက်တွေ့ဖို့ အချိန်မတန်သေးတာရယ် တွေကြောင့် လွှတ်ထားလိုက် တာလည်း ဖြစ်နိုင်ပါတယ်။ တရုတ်အနေနဲ့ နောက်တခါ risk ထပ်ယူဖို့ မလွယ်တော့လောက်ပါဘူး။ တရုတ်ရဲ့ အဓိကရေနံပို့လမ်းကြောင်းဖြစ်တဲ့ မလက္ကာကိုလည်း အင်ဒိုနဲ့ ထိန်းထားလိုက်ပြီပဲလေ။
အစ္စရေးဘက်က လာတဲ့သတင်းမှာ အီရန်ရဲ့ နေ့စဥ်ဖြစ်ပျက်နေကြ ကိစ္စအဝဝကို စီမံခန့်ခွဲနေရတဲ့ သမ္မတက အမေရိကန်နဲ့ သွားဆွေးနွေးတဲ့ အီရန်အဖွဲ့ လက်ဗလာနဲ့ ပြန်လာရတဲ့အပေါ်မှာ အလွန်အမင်း စိတ်ပျက်နေကြောင်း၊ တခြားဟာနဲ့စာရင် တိုင်းပြည်လည်ပတ်ဖို့ ငွေလိုနေတာဖြစ်ကြောင်း၊ ငွေမရလာလို့ စိတ်တိုပြီး သူ့ဝန်ထမ်းတွေရှေ့ အော်ဟစ်နေခဲ့ကြောင်း၊ ငွေမရရင် အီရန်စီးပွားရေးက ၂ပတ် ၃ပတ်ဆို ပြိုလဲပြီဖြစ်ကြောင်း၊ အဲဒီလိုဖြစ်လာတဲ့အခါ အားလုံးက သူ့ဆီပဲ ဦးတည်လာကြမှာ ဖြစ်ကြောင်း၊ သူတို့စီးပွားရေးက အခုလိုဖြစ်နေတာ ရက်သတ္တပတ် အတန်ငယ်ရှိသွားပြီဖြစ်ပြီး အခုလို သူတို့ရဲ့ တခုတည်းသောဝင်ငွေဖြစ်တဲ့ ဆိပ်ကမ်းတွေပါ ပိတ်ပစ်မယ်ဆိုရင် လစာတွေ ဘယ်ကပိုက်ဆံနဲ့ သွားပေးရမယ်မှန်း မသိတော့ကြောင်း၊ သူ့ရဲ့ အတွင်းစည်းကလာတဲ့သတင်းကို ကိုးကားပြီး တင်ပြထားပါတယ်။
နောက်သတင်းတပုဒ်မှာလည်း အီရန်သမ္မတက IRGC ကွန်မန်ဒါတွေကို အပြီးစစ်ပြေငြိမ်းတာမျိုး မဟုတ်ပဲ ဆက်တိုက်နေဦးမှာဆိုရင် နိုင်ငံ့စီးပွားရေးက ရက်သတ္တပတ် အနည်းငယ်အတွင်း လုံးဝ ပြိုလဲတော့မယ်လို့ သတိပေးထားကြောင်း ဖော်ပြထားပါတယ်။ စစ်မဖြစ်ခင်ကတည်းက ငွေဖောင်းပွမှုက ၄၇% နဲ့ အဆိုးရွားဆုံးဖြစ်နေခဲ့ပြီး ၆၉% အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အသစ်ထုတ်လိုက်တဲ့ ၁၀သန်းတန် ငွေစက္ကူရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၇-၈ လောက်ပဲ ရှိနေတာ ဖြစ်ပါတယ်။ သာမာန်ဝန်ထမ်း/စစ်သားတဦးက တလ $ 100 ကျော်ရတဲ့အချိန်မှာ IRGC တပ်က ပျှမ်းမျှ $300 လောက်ရပြီး ဟဇ်ဘိုလာတို့လို proxy တွေက တလကို $1300 ကျော် ရကြတာ ဖြစ်ပါတယ်။
လက်ဘနွန်က ဟဇ်ဘိုလာခေါင်းဆောင်ပိုင်းတော်တော်များများကို အစ္စရေးက ရှင်းခဲ့ပြီးတဲ့နောက်မှာ လက်ဘနွန်နဲ့ အစ္စရေးတို့ကြား သံတမန်ရေးဆွေးနွေးပွဲတွေကို မာကိုရူဘီယိုက ဦးဆောင်ပြီး ဝါရှင်တန်မှာ ကျင်းပနေပြီဖြစ်ပါတယ်။ လက်ဘနွန်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစ္စရေးဘက်ကို ကမ်းလှမ်းလာတာလို့ ဆိုပါတယ်။ ဆွေးနွေးဖို့ထဲမှာ ဟဇ်ဘိုလာအကြမ်းဖက်အဖွဲ့ကို လက်နက်ကိုင်ခွင့် ရုတ်သိမ်းဖို့၊ ဟဇ်ဘိုလာကို လက်ဘနွန်ကနေ ဖယ်ရှားဖို့နဲ့ နှစ်နိုင်ငံခြား ငြိမ်းချမ်းစွာ ဆက်ဆံရေး ထူထောင်ဖို့တို့ ဖြစ်ပါတယ်။
ပြည်တွင်းရေနံထုတ်လုပ်မှုကို အားပေးနေသလို ဗင်နီဇွဲလားရေနံကို ထိန်းချုပ်လိုက်ပြီး ဟော်မုဇ်ကို ရှောင်ချင်သူတွေက အမေရိကန်ကနေ ဆီဝယ်လာကြတဲ့အတွက် အမေရိကန်က ကမ္ဘာ့ရေနံစိမ်း ဈေးကွက်ရဲ့ ၃၆% ကို ထိန်းချုပ်ထားပြီလို့ သိရပါတယ်။ ပမာမားတူးမြောင်းနဲ့ မလက္ကာရေလက်ကြား တို့ကိုလည်း တရုတ်စွက်ဖက်မှုကနေ အဟန့်အတားဖြစ်အောင် စီစဥ်ထားတဲ့အတွက် ဂရင်းလန်နဲ့ အာတိတ်ရေလမ်းကြောင်းတွေပါ ထိန်းချုပ်နိုင်ရင် အကြမ်းဖက်တို့ ပူရှီတို့ ညစ်မှာကို ပူစရာ မလိုတော့ပဲ ဖြစ်လာမှာပါ။
အစ္စလာမ်မာဘတ်ဆွေးနွေးပွဲအပြီး နာရီပိုင်းအကြာမှာ IRGC တပ်ချုပ် အာမက်ဗာဟီဒီက ဆူပရင်းမ်လီဒါအလောင်းတောင် မြေမချရသေးဘူး၊ (အီရန်အဖွဲ့ကို ဦးဆောင်တဲ့) Ghalibaf (လွှတ်တော်ဥက္ကဋ္ဌ) က ဆူပရင်းမ်လီဒါကို သတ်ခဲ့တဲ့သူတွေနဲ့ လက်ဆွဲနှုတ်ဆက်နေပြီလို့ ပြောသွားပါတယ်။ ဂါလီဘတ်ဖ်ကလည်း သဘောထားပျော့ပြောင်းလှသူမဟုတ်ပေမယ့် ဗဟီဒီနဲ့စာရင် အခြေအနေကို ပိုနားလည် ပါးနပ်သူဖြစ်နိုင်ပါတယ်။ ဒါတောင်မှ အီရန်က စိတ်စေတနာကောင်းနဲ့ လာတက်တာပါ၊ ယုံကြည်မှုရှိလို့တော့ မဟုတ်ဘူးလို့ X မှာ ရေးသွားသေးတာပါ။ ဗန့်စ်ကလည်း အီရန်အဖွဲ့ထဲမှာတင် သဘောတူညီမှု မရပဲ ဆုံးဖြတ်နိုင်သူ မပါနေတာကြောင့် တီဟီရန်ကို ပြန်ပြီး ဆွေးနွေးရတာလို့ ပြောသွားတဲ့အတွက် ဂါလီဘတ်ဖ်မှာလည်း တကယ့်အာဏာ မရှိဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။
အီရန်ဘက်က နျူကိစ္စကို ၅နှစ်ဆိုင်းငံ့ပေးမယ်လို့ ကမ်းလှမ်းထားပြီး အမေရိကန်ဘက်က သတင်းမှာ နှစ် ၂၀ အပြည့် ဆိုင်းငံ့ပေးရမယ်လို့ တွေ့ရပါတယ်။ ဒုတိယအကြိမ် ဆွေးနွေးမှုက ဒီတပတ်ထဲမှာတောင် ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အီရန်က ညီအကိုတွေလို့ ခေါ်ခဲ့တဲ့ ပါကစ္စတန်က ပိုက်ဆံလိုတာနဲ့ ဆော်ဒီကို တပ်တွေပို့ထားတဲ့အတွက် ပါကစ္စတန်ကို ကြားဝင်သူအဖြစ် ယုံကြည်သေးလားဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။