သမ္မတထရမ့်က အီရန်စစ်ဆင်ရေး အပြီးသတ်တော့မယ်လို့ ထင်ကြောင်း ပြောလိုက်ပြီးနောက်မှာ စတော့မားကက် မြူးမြောက် ခုန်ပေါက်ပြီး တက်သွားခဲ့ပါတယ်။ ရှီဆီကို ပို့တဲ့စာထဲမှာ ထရမ့်က အီရန်ကို လက်နက်မပို့ဖို့ ပြောလိုက်ပြီး ရှီရဲ့ ပြန်စာမှာ တရုတ်က လက်နက်ပို့ပေးနေတာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ အခုလို စာပို့တာဟာ အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့အပေါ် တရုတ်က ဝေဖန်ထိုးနှက်လိုက်ပြီး နောက်တရက်မှာဖြစ်ပါတယ်။
သမ္မတထရမ့်ရဲ့ ထရုသ်ပို့စ်မှာ အမေရိကန်က အီရန်ပိတ်ထားတဲ့ ဟော်မုဇ်ကို ဖွင့်ပေးလိုက်တဲ့အတွက် တရုတ်က အလွန် ဝမ်းသာနေကြောင်း၊ ငါက သူတို့အပါအဝင် တကမ္ဘာလုံးအတွက် လုပ်ပေးတာဖြစ်ကြောင်း၊ အဲဒီလို နိုင်ငံတကာရေပိုင်နက်ကို ပိတ်ပြီး ငွေညှစ်တာမျိုး ဘယ်တော့မှ ထပ်ဖြစ်မှာ မဟုတ်ကြောင်း၊ ရှီက ပျော်လွန်းလို့ ငါနဲ့ နောက်လတွေ့တဲ့အခါ အားရပါးရ ဖက်ရမ်းနှုတ်ဆက်မှာဖြစ်ကြောင်း၊ အခုလို အလုပ်တူတူလုပ်ရတာက ချနေတာနဲ့စာရင် ပိုမကောင်းဘူးလား၊ ချရမယ်ဆိုလည်း ငါတို့က ဘယ်သူနဲ့ယှဥ်ယှဥ် ပိုကောင်းအောင် ချနိုင်တယ်နော်လို့ ရေးသားထားပါတယ်။
ဒီနေ့မှာပဲ ရုရှားနိုင်ငံခြားရေးဝက Sergey Lavrov က ရှီနဲ့ဆွးနွေးဖို့ ပေကျင်းမှာ ရောက်နေပါတယ်။ သူတို့တပည့်ကြီးကို အမေရိကန်က ပညာပေးနေတဲ့အပေါ် ဘာများလုပ်နိုင်မလဲ ဉာဏ်နီဉာဏ်နက် ထုတ်ကြမလို့ထင်ပါရဲ့။ ဘဏ္ဍာရေးဝကဘက်ဆန့်ကတော့ သူတို့တွေ့ကြတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး၊ အီရန်က အောက်ဈေးနဲ့ ရနေကျဆီ မရတော့လို့ပါ၊ အီရန်နဲ့ ပစ်ခတ်နေကြတုန်းမှာ တရုတ်က အီရန်ရဲ့ဆီတွေ လှိမ့်ဝယ်ပြီး လှောင်ထားတာကြောင့် ကမ္ဘာ့ရေနံဈေးတွေ တက်ကုန်တဲ့အတွက် ယုံကြည်ရတဲ့ မိတ်ဆွေမဟုတ်ဘူးလို့ ပြောထားတာပါ။ တရုတ်ကို ကိုးစားမိတဲ့ ဗင်နီဇွဲလား၊ အီရန်၊ နိုင်ဂျီးရီးယားတို့အားလုံး တယောက်မှ ကံမကောင်းသေးပါဘူး။
မနေ့ကလည်း သမ္မတထရမ့်က အိန္ဒိယဝကခမိုဒီဆီ ဖုံးခေါ်ပြီး နှစ်နိုင်ငံ ပူပေါင်းဆောင်ရွက်ရေးမှာ အများကြီး တိုးတက်လာတဲ့အပေါ် ပြန်သုံးသပ်ခဲ့ကြပြီး ရှေ့ကိုလည်း ကမ္ဘာ့ကိစ္စရပ်များအပေါ်မှာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သွားဖို့ တကိပြုခဲ့ကြပါတယ်။ အနောက်အာရှ (အနောက်ကမ္ဘာ အခေါ် အရှေ့အလယ်ပိုင်း) ကိစ္စနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြသလို ဟော်မုဇ်ကို လုံခြုံစွာ ဖြတ်သန်းခွင့်ကို ထိန်းသိမ်းထားဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့ကြပါတယ်။
အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ပြီး ၃ရက်တောင် မပြည့်သေးချိန်မှာ အီရန်ဘက်က အလံဖြူထောင်မယ့် သဘော ပြနေပြီဖြစ်ပါတယ်။ အီရန်အစိုးရနဲ့ နီးစပ်တဲ့ရင်းမြစ်တခုက အီရန်အနေနဲ့ ဟော်မုဇ်ရဲ့ အိုမန်ဘက်ခြမ်းပိုင်းကို သင်္ဘောတွေ လွတ်လပ်စွာ သွားလာခွင့်ပြုမယ်၊ မနှောက်ယှက်တော့ဘူး၊ ဒါပေမယ့် သူ့ဘက်ခြမ်းက ရေပိုင်နက်ကိုတော့ သူတို့ပဲ ထိန်းချုပ်ပါရစေလို့ အသံထွက်လာပါပြီ။ ဟော်မုဇ်ရေလက်ကြားက အကျဥ်းဆုံးနေရာက ၂၁မိုင်ကျယ်ပြီး အဲဒီထဲက ၁၂မိုင်ကို အီရန်က သူတို့ရေပိုင်နက်လို့ ကြေငြာထားတာကို အမေရိကန်က ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ပါဘူး။ အီရန်က အိုမန်ဘက်ခြမ်းမှာ မိုင်းတွေချထားလို့ အန္တရာယ်ရှိတယ်လို့ ကြေငြာပြီး သင်္ဘောတွေကို သူ့ဘက်ခြမ်းကပဲ ပိုက်ဆံပေးပြီး ဖြတ်စေတာ ဖြစ်ပါတယ်။
အမေရိကန်လုပ်တဲ့ပုံစံက ဟော်မုဇ်ကို အီရန်တွေ ခြိမ်းခြောက်နေတဲ့ကြားက သူ့ဖျက်သင်္ဘော ရအောင် ဝင်ခဲ့ပြီး အဲဒီထဲက ပါရှန်းပင်လယ်ကွေ့မှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို နိုင်ငံတကာ ရေပိုင်နက်ထဲကနေ ထွက်လာစေတာဖြစ်ပါတယ်။ အမေရိကန်က ဟော်မုဇ်အလွန် အိုမန်ပင်လယ်ကွေ့မှာ စောင့်ပြီး အဲဒီတလျောက်က အီရန်ဆိပ်ကမ်းတွေကို ဝင်ထွက်မှုမရှိအောင် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အီရန်က ဟော်မုဇ်ကို ပိတ်ဆို့ထားတဲ့အပေါ် အမေရိကန်က ထပ်ပိတ်လိုက်တော့ အီရန်ရဲ့ တခုတည်းသော အကြပ်ကိုင်စရာဖဲချပ်က သုံးမရတဲ့ အသေဖြစ်သွားတော့တာပါပဲ။
အီရန်က သူတို့ရဲ့ ဈေးသက်သာတဲ့ ဒရုန်းတွေ များပြားလှတဲ့ ဒုံးကျည်တွေက သူတို့ကို လုံခြုံစေမယ်လို့ ထင်ခဲ့တာဖြစ်ပြီး အဲဒါတွေမကယ်နိုင်တော့ ဟော်မုဇ်ကို လက်နက်တခုလို အသုံးချလာတာပါ။ သူတို့ တွက်ကိန်းမှာ ရေနံဈေးတွေတက်ရင် အမေရိကန်ပြည်သူတွေ မကျေနပ်ဖြစ်မယ်၊ အဲဒါထက် မီဒီညာနဲ့ တရုတ်၊ ဆိုရော့စ်တို့ ကျောထောက်နောက်ခံပေးထားတဲ့ ဆန္ဒပြသောင်းကျန်းသူတွေအတွက် ထိုးနှက်ဖို့ အကွက် ဖြစ်သွားမယ်၊ ကြာလာလေ ပိုဆိုးလေအပြင် စစ်စားရိတ်က ထောင်းဦးမှာဖြစ်လို့ ထရမ့်ကြီး လက်လျော့ရလိမ့်မယ်လို့ တွက်ခဲ့တာကနေ ၆ပတ်လောက်နဲ့ အသက်ငင်နေတာက သူတို့ဖြစ်နေပါပြီ။
အီရန်ကရေနံဈေးတက်စေချင်ဇောနဲ့ အိမ်နီးချင်းနိုင်ငံတွေက ရေနံချက်စက်ရုံတွေကို သွေးရူးသွေးတန်း တိုက်ခိုက်တော့လည်း သူတို့ဘဏ်/ ဆန်ရှင်ရှောင်တဲ့လမ်း သူတို့ပြန်ပိတ်လိုက်သလိုပါပဲ။ ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရန်ဆီက ရေနံဝယ်နေတဲ့နိုင်ငံတွေကို မင်းတို့ဘဏ်တွေမှာ အီရန်ပိုင်ငွေတွေ ရှိနေတယ်ဆိုရင် secondary sanction လုပ်ရလိမ့်မယ်လို့ ပြောထားပြီဖြစ်ပါတယ်။ ရေတပ်က ဟော်မုဇ်မှာ အီရန်ရဲ့ oil flow ကို ထိန်းချုပ်နေသလို ဘဏ္ဍာရေးကလည်း အီရန်ရဲ့ cash flow ကို ထိန်းချုပ်ထားတာပါ။
ခုချိန်အထိ ဟော်မုဇ်နားက အမေရိကန်ရေတပ်က အီရန်ဆီက ရေနံမှောင်ခို လာတင်မယ့် ရေနံတင်သင်္ဘော ၁၀စီးကို တားဆီးပြီး ပြန်လှည့်ခိုင်းခဲ့ပါတယ်။ အမေရိကန်ရေတပ်က “အီရန်ဆိပ်ကမ်းက ထွက်ခွာမယ့် သင်္ဘောအားလုံး ချက်ချင်း ပြန်လှည့်ပါ။ အီရန်ဆိပ်ကမ်းကို ဦးတည်လာနေတာ ဆိုရင်လည်း ဆက်မသွားပါနဲ့၊ ပိတ်ဆို့မှုကို မချိုးဖောက်ပါနဲ့၊ မိရင် သင်္ဘောပေါ် တက်ပြီး စစ်ဆေး ပစ္စည်းသိမ်း လုပ်ရပါလိမ့်မယ်၊ မလိုက်နာရင် အင်အားသုံးမယ်”လို့ ကြေငြာ ထားတာပါ။
အီရန်အလံတင်ထားတဲ့ ကုန်သင်္ဘောတစီးက အီရန်ရဲ့ ဘန်ဒါအာဘက်စ်ဆိပ်ကမ်းကနေ ထွက်ခွာလာပြီး အမေရိကန်ရေတပ်ကို ရှောင်ဖယ်ကာ အီရန်ကမ်းခြေနားက ကပ်ပြီးထွက်ဖို့ လုပ်ခဲ့တဲ့အတွက် အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းကို ပြန်လှည့်ခိုင်းခဲ့ရပါတယ်။ ဟော်မုဇ်ကနေ လွတ်ထွက်လာပြီး အာရေဗျပင်လယ်မှာ တရုတ်ကို ဦးတည်နေတဲ့ အီရန်ရေနံတင် သင်္ဘာ ၃စီးကို အမေရိကန်ရေတပ်က ရပ်တံ့စေပြီး ပြန်လှည့်ခိုင်းခဲ့ပါတယ်။ ဖမ်းမိတဲ့ အီရန်သင်္ဘောတွေကို အာရေဗျပင်လယ်မှာဖြစ်စေ အိန္ဒိယသမုဒ္ဒရာမှာဖြစ်စေ ယာယီထိန်းသိမ်းသွားမယ်လို့ WSJ က တင်ပြထားပါတယ်။
အမေရိကန်ရဲ့ ရေနံတင်ပို့မှုက ၂၀၂၁မှာ တနေ့ကို စည် ၃-၄သန်းလောက်ပဲ ရှိရာက အခုဆိုရင် ၅.၂ သန်းနဲ့ စံချိန်တင်ထားပါပြီ။ မကြာခင် တနေ့ စည် ၆သန်းအထိ ဖြစ်လာတော့မှာပါ။ ရေနံထွက်ပစ္စည်းတွေ အားလုံးပေါင်းရင် ၁၀သန်းကျော်ဖြစ်နေပါပြီ။