အီရန်က ဟော်မုဇ်ရေလက်ကြားဟာ အပြည့်အဝ ပြန်ပွင့်ပြီဖြစ်ပြီး ဖြတ်သန်းသွားလာမှုတွေအတွက် အဆင်သင့် ဖြစ်နေပါပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြေငြာလိုက်ပါတယ်။ သမ္မတထရမ့်ကလည်း ဟော်မုဇ်က ပြန်ပွင့်ပါပြီ၊ သင်္ဘောတွေ ပြန်ဖြတ်လို့ ရပါပြီ၊ ဒါပေမယ့် အမေရိကန်ရေတပ်ရဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှုက အီရန်နဲ့ ကိစ္စတွေ ရာနှုန်းပြည့်ပြီးစီးတဲ့အထိ အပြည့်အဝ ဆက်ရှိနေဦးမှာပါ၊ ဒါကလည်း အင်မတန် မြန်မြန်ဆန်ဆန် ပြီးသွားနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ အချက်တော်တော်များများကို ဆွေးနွေးပြီး ဖြစ်လို့ပါပဲလို့ ထရုသ်မှာ ရေးသွားပါတယ်။
အီရန်က ဟော်မုဇ်ကို ဘယ်တော့မှ ပြန်မပိတ်ဖို့နဲ့ နောက်နောင်မှာလည်း ဟော်မုဇ်ကို လက်နက်တခုလို ဘယ်တော့မှ အသုံးမပြုတော့ဖို့ သဘောတူထားပြီလို့ သမ္မတထရမ့်က ဖော်ပြထားပါတယ်။ ဟော်မုဇ် ပြန်ပွင့်ပြီဆိုတာနဲ့ ရေနံစိမ်းဈေးကျပြီး စတော့မားကက် ထောင်တက်သွားပါတယ်။ စတော့မားကက်က စစ်မဖြစ်ခင်ကထက်တောင် မြင့်နေပါသေးတယ်။ အဲဒါက သမ္မတထရမ့်အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုသက်သေပါပဲ။
ဟော်မုဇ်ပွင့်ကြောင်းကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ Celestyal Discovery ခရီးသည် ၁၃၀၀ဆန့် အပျော်စီး သင်္ဘော ဖြတ်သန်းခဲ့တဲ့အတွက် ဒီစစ်ဆင်ရေးစပြီးကတဲက ဟော်မုဇ်ကို ပထမဆုံး ဖြတ်သန်းတဲ့ ခရီးသည်တင်သင်္ဘော ဖြစ်လာပါတယ်။ ဒီသင်္ဘောက မတ်လကတည်းက ဒူဘိုင်းမှာ ပိတ်မိနေခဲ့တာပါ။ အခုဖြတ်သန်းတာမှာ ခရီးသည်တွေ မပါလာပဲ အိုမန်ကို ဦးတည်ခုတ်မောင်းသွားတာ ဖြစ်ပါတယ်။
နောက်ပို့စ်တခုမှာလည်း ထရမ့်က အီရန်ရဲ့ “nuclear dust” ကို အမေရိကန်က ရယူမှာဖြစ်ပြီး ငွေကြေး တစုံတရာနဲ့ လဲလှယ်တာမျိုး လုံးဝရှိမှာမဟုတ်ကြောင်း၊ အဲဒီသဘောတူညီချက်ဟာ လက်ဘနွန်ကိစ္စနဲ့ လုံးဝ ဆက်စပ်ခြင်းမရှိကြောင်း၊ အမေရိကန်က ဟဇ်ဘိုလာကိစ္စနဲ့ပတ်သက်ပြီး လက်ဘနွန်နဲ့ သပ်သပ် ဆွေးနွေးနေတာဖြစ်ကြောင်း၊ လက်ဘနွန်ကို ဗုံးကြဲတာတွေ ရပ်သင့်ပြီ၊ ထပ်မလုပ်နဲ့တော့လို့ အစ္စရေးကို အမေရိကန်က တားမြစ်ထားကြောင်း ရေးထားပါတယ်။ Nuclear dust ဆိုတာက B-2 ဗုံးကြဲလေယာဥ်ကြီးတွေက ဗုံးချထားလို့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ သန့်စင်ထားတဲ့ ယူရေနီယံတွေကို ဆိုလိုတာပါ။ အစောပိုင်းကယူရေနီယံတွေကို အမေရိကန်ကို ပို့ပေးရမယ်ဆိုပေမယ့် နောက်ဆုံးသတင်းမှာ အမေရိကန်တာဝန်ရှိသူတွေကို အီရန်ထဲကို ဝင်ပြီး ယူခွင့်ပြုမယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ အီရန်တိုက ဒီစနေတနင်္ဂနွေမှာ ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အသေးစိတ် ညှိနှိုင်းကြမှာ ဖြစ်တယ်လို့ CBS က ဖော်ပြထားပါတယ်။ အကောင်းဆုံးက အီရန်က သူတို့ရဲ့ ယူရေနီယံတွေကို ဝင်ယူခွင့်ပေးမှာဖြစ်တဲ့အတွက် အမေရိကန်တပ်တွေ အီရန်ထဲ ဝင်တိုက်စရာမလိုတော့တာပဲ ဖြစ်ပါတယ်။
ဟော်မုဇ်ပြန်ပွင့်ပြီဆိုတော့မှ ဥရောပအထည်ကြီးပျက်တွေက ပုဆိုးခြုံထဲကထွက်လာပြီး ဟော်မုဇ်ရေလက်ကြားက သင်္ဘောတွေသွားလာတာကို စောင့်ရှောက်ဖို့ စစ်မစ်ရှင်ကို ဗြိတိန်နဲ့ ပြင်သစ်တို့က ဦးဆောင်ကြမယ်လို့ အသံကောင်းဟစ်ကြပါတယ်။ သမ္မတထရမ့်ကတော့ နေတိုးက သူ့ကို ဟော်မုဇ်အတွက် အကူအညီလိုသလားလို့ ဖုံးခေါ်ကြောင်း၊ သူက မလိုဘူး၊ မလာနဲ့၊ မင်းတို့ ရေနံဝယ်ဖို့ဆိုရင်တော့ လာဝယ်လို့ ပြောလိုက်ကြောင်း ပို့စ်တင်ထားပါတယ်။
အီရန်မှာက ရေတပ်လုံးဝ မရှိတော့တာတော့ မဟုတ်ပါဘူး၊ ကမ်းရိုးတန်းသွားတဲ့၊ မိုင်းချတဲ့ စပိဘုတ်လေးတွေလောက်ပဲ ကျန်တော့တာပါ။ အခုတော့ အီရန်က အမေရိကန်ရဲ့ အကူအညီနဲ့ မိုင်းရှင်းနေပြီလို့ သမ္မတထရမ့်က ရေးထားပါတယ်။
အီရန်ဘက်က သတင်းတချို့မှာတော့ အီရန်က နျူကိစ္စအပေါ် သဘောတူလိုက်ပြီဆိုတာ မဟုတ်ကြောင်း တင်ကြသလို တချို့ကလည်း လက်ဘနွန်က ဟဇ်ဘိုလာတွေကို မတိုက်တော့ဘူးဆိုလို့ နျူကိစ္စ သဘောတူလိုက်တာလို့လည်း တင်ကြပါတယ်။ သေချာတာက အီရန်ဘက်မှာ သဘောထား အမျိုးမျိုးဖြစ်နေတာပါ။ စစ်တပ်အသိုင်းအဝိုင်းက စီးပွားရေးဖိအားကို နားလည်ပုံမရပေမယ့် နိုင်ငံရေးအသိုင်းအဝိုင်းကတော့ သူတို့မှာ အချိန်သိပ်မကျန်တော့တာ သဘောပေါက်ကြပုံပါပဲ။
အီရန်မှာ အာဏာရှိအသိုင်းအဝိုင်းအတွင်း သဘောထားတွေ ဘယ်လိုပဲကွဲကွဲ တူတာတခုကတော့ အမေရိကန်နဲ့ အစ္စရေးတို့ကို ထောက်ခံထားတဲ့သူတွေကို လိုက်ဖမ်း၊ ပစ္စည်းသိမ်း လုပ်နေတာပါပဲ။ ပြည်သူကို ရန်သူလိုမြင်နေသ၍ ပြည်သူ့မေတ္တာကို ရရှိဖို့ မဖြစ်နိုင်ဘူးဆိုတာ သိသင့်နေပါပြီ။
Bloomberg သတင်းထဲမှာ ပင်လယ်ကွေ့နိုင်ငံတချို့နဲ့ ဥရောပက ခေါင်းဆောင်တွေဟာ အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေး သဘောတူညီရဖို့ ၆လလောက် ကြာနိုင်တဲ့အတွက် လက်ရှိအပစ်ရပ်ကာလကို တိုးမြှင့်သင့်တယ်လို့ ဖော်ပြကြပါတယ်။ လက်ဝဲတွေကတော့ ကြာစေချင်မှာပါပဲ။ အီရန်ကလည်း တတ်နိုင်သလောက် အချိန်ဆွဲမှာပါပဲ။ ဒါက သူတို့အမြဲသုံးတဲ့ ဗျူဟာဖြစ်ပါတယ်။ အမေရိကန်မှာ မစ်တမ်းလာတော့မှာဆိုတော့ ထရမ့်ကို အကြပ်ရိုက်စေဖို့ အဲဒီအထိ အချိန်ဆွဲစေချင်ကြတာ ဖြစ်ပါတယ်။ ထရမ့်က လုံးဝအချိန်ဆွဲခံမယ် မထင်ပါဘူး။ သူလုပ်တဲ့နှုန်းက သမားရိုးကျအစိုးရတွေ မဆိုထားနဲ့၊ တော်ရုံစီးပွားရေးလုပ်ငန်းတွေမှာတောင် အဲဒီလောက် မြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်ကြတဲ့ မိုကြိုးလျှပ်စီးလို မြန်ဆန်တဲ့ အဟုန်နဲ့ပါ။ အခုပို့စ်က OEF စစ်အကြောင်းပဲဖြစ်လို့သာ၊ တခြားမှာ ထရမ့်လှုပ်ရှားနေတာတွေပါ ရေးရရင် တနေ့တာဟာ ဘယ်လိုမှ မလောက်ငနိုင်ပါဘူး။
ရုရှားကလည်း ယူကရိန်းနဲ့စစ်ပွဲကို ပြီးဆုံးအောင် ညှိနှိုင်းမှုအစိတ်အပိုင်းအနေနဲ့ ရုရှားအပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေကို ဖယ်ရှားပေးမယ်ဆိုရင် အမေရိကန်ဒေါ်လာကို အခြေခံတဲ့ ကုန်သွယ်မှုစနစ်ကို ပြန်သွားဖို့ စဥ်းစားမယ်လို့ ဆိုပါတယ်။
သတင်းတွေအမျိုးမျိုးထွက်နေတဲ့ အမေရိကန်ဆန်ရှင်ထိထားတဲ့ တရုတ်ရေနံတင်သင်္ဘော Rich Starry က ယူအေအီးက မက်သနော စည် ၂သိန်းခွဲတင်ဆောင်လာပြီး ဟော်မုဇ်ကို ကျော်ကာ အမေရိကန်နေဗီ ပိတ်ဆို့ထားတဲ့လိုင်းကနေ ထွက်သွားပြီးတော့မှ အမေရိကန်ရေတပ်က ပြန်လှည့်ခိုင်းတဲ့အတွက် အီရန်ကမ်းရိုးတန်းတနေရာမှာ ကျောက်ချနေရတာ ကနေ့အထိပါပဲ။
အစောပိုင်းမှာ လက်ဝဲမီဒီညာ တွေက အဲဒီသင်္ဘောက အီရန်ကရေနံတွေ တင်လာတာပါ၊ အမေရိကန် ဆန်ရှင်လည်း ထိထားတဲ့ သင်္ဘောပါ၊ ဒါပေမယ့် အမေရိကန်ရေတပ်ကို သာသာလေး ဖြတ်နိုင်ခဲ့ပါတယ် လို့ ဝမ်းသာအားရ အူယားဖားယားတင်ကြတာပါ။ ယူအေအီးက တင်လာတာပါလို့ သတင်းထွက်တာ နောက်မှပါ။ ဒါပေမယ့် ယူအေအီးကတင်လာလို့ လွှတ်ပေးလိုက်တယ်ဆိုတာလည်း မဟုတ်ပြန်ပါဘူး။ သင်ခန်းစာက CENTCOM က တစီးမှ မလွတ်ဘူးဆို မလွတ်ဘူးလို့ပဲမှတ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။