Operation Epic Fury (57)

အီရန်အစိုးရထဲမှာ သဘောထားတွေ ကွဲလွဲနေတဲ့အတွက် သူတို့ဘက်က တခုတည်းသော သဘောတူညီချက်ရလာချိန်အထိ တိုက်ခိုက်တာတွေ ဆိုင်းငံ့ပေးဖို့ ပါကစ္စတန်က Field Marshal Asim Munir နဲ့ ဝန်ကြီးချုပ် Shehbaz Sharif တို့ရဲ့ ပြောပြတောင်းဆိုမှုကြောင့် သမ္မတထရမ့်က သူတို့ဘက်က အဆိုပြုချက်တင်ပြလာပြီး ဆွေးနွေးမှုတွေ ပြီးဆုံးတဲ့အထိ အပစ်ရပ်ကာလကို တိုးမြှင့်သွားဖို့ တပ်တွေကို ညွှန်ကြားလိုက်သလို ရေတပ်ရဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်သွားပါတယ်။

အဲဒီမတိုင်ခင်ကသတင်းမှာတော့ အီရန်နဲ့ ဆွေးနွေးပွဲမစခင် အီရန်မှာ ဆန္ဒပြခဲ့လို့ ကြိုးပေးခံရတော့မယ့် အမျိုးသမီး/ငယ် ၈ဦးကို လွှတ်ပေးခြင်းဖြင့် ဆွေးနွေးပွဲကို စိတ်စေတနာကောင်းတွေနဲ့ အကောင်းဆုံး စတင်ကြဖို့ တိုက်တွန်း သွားပါတယ်။ နောက်ပိုင်းမှာ အပစ်ရပ်ကာလ တိုးမြှင့်မယ့် ကြေငြာချက် ထွက်လာတာက ဆွေးနွေးပွဲ မလုပ်ဖြစ်တော့တဲ့ သဘောလို့ ယူဆရမှာပါ။ ဆွေးနွေးပွဲ မလုပ်ဖြစ်သည့်တိုင် အပြစ်မရှိတဲ့ ဒီအမျိုးသမီးလေးတွေကို လွတ်စေချင်မိပါတယ်။

အဲဒီလို အပစ်ရပ်တိုးမြှင့်လိုက်တဲ့အပေါ် မကျေနပ်သူ အားမရသူတွေလည်း ရှိမှာဖြစ်သလို အီရန်နိုင်နေပြီဆိုတဲ့ အုပ်စုကလည်း ကြောက်လို့တိုးပေးလိုက်တာလိုလို ပြောကြဦးမှာပါ။ ဒါပေမယ့် စဥ်းစားကြည့်ရင် ဗိုက်နာနေတာက ရေနံတွေမပို့ရလို့ သိုလှောင်ကန်တွေ ပြည့်လာတော့မှာဖြစ်တဲ့ အီရန်ဖြစ်နေပါတယ်။ သူတို့ထဲမှာ ဒီလမကုန်ခင် သဘောတူညီချက်တခုခု ရရင်ရ၊ မရရင် အကွဲအပြဲတွေ ပိုပြီး ပြင်းထန်လာဖို့ပဲ ရှိပါတယ်။ အမြင်ကျယ်သူလား တရားသေသမားလား ဖားလားငါးလား သေချာကွဲပြားလာတော့မှာပါ။

ဆွေးနွေးပွဲနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေကြတဲ့ အီရန်ထဲကအမြင်တွေက ခုလိုင်းပေါ်ကလူတွေရဲ့ အမြင်တွေလို အမျိုးမျိုးပါပဲ။ စိတ်ဝင်စားစရာတခုက အဆိုးဆုံးဖြစ်လာနိုင်ခြေဟာ သဘောတူတာလည်းမဟုတ်၊ ဆက်တိုက်တာလည်းမဟုတ်တဲ့ မရေမရာအခြေအနေကြီးပါလို့ မြင်ကြတာပါ။ စစ်ပြီးရင်လည်း ပြန်လည်တည်ဆောက်ရေးတွေနဲ့၊ ပုံမှန်လည်ပတ်သွားလို့ ရသလို ဆက်ချမယ်ဆိုရင်လည်း ခေါင်းမာသူထိပ်ပိုင်းအကုန် ရှင်းပစ်လိုက်ရင် ပြီးသွားနိုင်ပါတယ်။ ပြီးသွားရင်တော့ တည်ဆောက်ရေးတွေနဲ့ ပြန်လည်ပတ်နိုင်ပြီပေါ့။ မရေမရာဖြစ်နေတာက အီရန်ပြည်သူတွေတင်မက ကမ္ဘာ့ရေနံဈေး ကုန်စည်လည်ပတ်မှုတွေပါ ထိခိုက်လာမှာပါ။

အပစ်ရပ်ကာလအတွင်းမှာ အမေရိကန်ဘက်က လက်နက်/လူအင်အား သိသိသာသာ ဖြည့်တင်းထားသလို ခုမှ စစ်ကူရောက်လာတဲ့ USS Bush လေယာဥ်တင်သင်္ဘောကြီးပေါ်မှာ သိပ္ပံရုပ်ရှင်တွေထဲကလို Directed energy weapon လို့ခေါ်တဲ့ လေဆာလက်နက်တွေ တပ်ဆင်ထားပြီး လေ့ကျင့်ပစ်ခတ်နေကြပြီ ဖြစ်ပါတယ်။ အဲဒီလေဆာလက်နက်တွေက ပျံသန်းနေတဲ့ ဘယ်အရာကိုမဆို အကုန်အကျ သက်သက်သာသာ မြန်မြန်ဆန်ဆန်နဲ့ လောင်ကျွမ်း/ အရေပျော်/ အငွေ့ပျံစေတာ ဖြစ်ပါတယ်။ ကျည်လည်းမလိုပါဘူး၊ ပါဝါရှိနေသ၍ ပစ်နိုင်တာဖြစ်ပါတယ်။

အီရန်ဘက်ကလည်း အားကျမခံပါပဲ၊ မနေ့ညက အစ္စရေးကို မကြာခင်ကပစ်ထားထဲ့ ကီလို ၂၀၀၀အထိ သွားနိုင်တဲ့ Khorramshahr-4 ballistic missile တခုကို ထုတ်လာပြီး တီဟီရန်က တော်လှန်ရေးပန်းခြံ မှာ လှည့်ပြခဲ့ပါတယ်။ တကယ်သာ သူတို့ဘက်မှာ လက်နက်တွေ အများကြီးရှိပြီး ကြောက်စရာမလိုတဲ့ အခြေအနေဆိုရင် အပစ်ရပ်ကာလမှာ အမေရိကန်နဲ့ အစ္စရေးကို ကျည်တချက်မှ မဖောက်ရဲစရာ မရှိဘူးဖြစ်ပါလိမ့်မယ်။ ဂါလီဘတ်ဖ်ကလည်း စစ်မြေပြင်မှာ ကဒ်အသစ်တွေ ထုတ်ပြဖို့ ပြင်နေပါသတဲ့။

အိန္ဒိယသမုဒ္ဒရာထဲမှာ အမေရိကန်ရေတပ်က ဖမ်းထားတဲ့ အီရန်က ဆန်ရှင်ထိထားတဲ့ ရေနံတင်သင်္ဘော M/T Tifani ဟာ ခါ့ဂ်ကျွန်းကနေ ရေနံစိမ်းစည် ၂သန်းနီးပါး တင်ဆောင်လာပြီး တရုတ်ကို ဦးတည် သွားနေတာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောပေါ်ကို ကျည်တချက် မဖောက်လိုက်ရပဲ တက်စစ်ခဲ့ပြီး အဲဒီရေနံတွေကို သိမ်းယူလိုက်တာဖြစ်ပါတယ်။ နိုင်ငံတကာရေပိုင်နက်ထဲမှာ ရှိနေတာက ဆန်ရှင်ထိထားတဲ့ သင်္ဘောတွေအတွက် ကင်းလွတ်နယ်မြေမဟုတ်ဘူးဆိုတာကို ပြလိုက်တာပါပဲ။

တရုတ်ကတော့ ဒီလိုအတင်းအကြပ်တားဆီးတာဟာ ထိလွယ်ရှလွယ်လုပ်ရပ်ဖြစ်လို့ တင်းမာမှုတွေ မြင့်တက်စေတဲ့အတွက် နှစ်ဖက်စလုံးက ထိန်းသိမ်းမှုပြကြဖို့၊ ဒေသတွင်းမတည်ငြိမ်မှုကို ပိုဆိုးအောင် မလုပ်ဖို့ နိုင်ငံခြားရေးဝကဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါ်ကျားခွန်က ပြောသွားပါတယ်။ အရင်ကလို ဝမ်ယိ ဆူပူကြိမ်းမောင်းတာတွေ မရှိတော့တာ ကြီးမားတဲ့အပြောင်းအလဲပါပဲ။

USA Rare Earth ကုမ္ပဏီက ဘရာဇီးနိုင်ငံ Goias က Pela Ema မိုင်းပိုင်ရှင် Serra Verde Group ကနေ မြေရှားဓါတ်သတ္ထု ၂.၈ဘီလီယံဖိုး ဝယ်ယူလိုက်ပါတယ်။ အာရှပြင်ပက အကြီးဆုံးမိုင်းဖြစ်တဲ့ Pela Ema မှာ သံလိုက်မြေရှားထဲက အဓိက ၄မျိုးလုံးဖြစ်တဲ့ neodymium, praseodymium, dysprosium နဲ့ terbium တွေ ထုတ်လုပ်နေတာပါ။ အဲဒီဓါတ်သတ္တုတွေက လျှပ်စစ်ကားတို့၊ ကာကွယ်ရေးစနစ်တို့၊ အဆင့်မြင့်နည်းပညာနဲ့ ကုန်ထုတ်လုပ်မှုတို့မှာ မရှိမဖြစ် သုံးကြတာဖြစ်ပါတယ်။ ၁၅နှစ် သဘောတူညီချက်ထဲမှာ အမေရိကန်အစိုးရကျောထောက်နောက်ခံပေးထားတဲ့ ဈေးသတ်မှတ်မှုနဲ့ အမေရိကန်ရဲ့ လိုအပ်ချက်ကို ဖြည့်စည်းပေးဖို့ဖြစ်ပြီး မိုင်းတွင်းကနေ ကုန်ချောအထိ အားလုံးကို အနောက်ကမ္ဘာမှာပဲ ပြုလုပ်မှာဖြစ်ပါတယ်။ precision munition လက်နက်တွေ အများကြီး ပြန်ဖြည့်ဖို့ လိုနေတာကို ထောင့်စေ့အောင် စီမံထားနိုင်တာ အံ့မခန်းပါပဲ။

အီရန်ထဲမှာ သဘောထားတွေ ကွဲလွဲနေတာနဲ့ပတ်သက်ပြီး IRGC ထဲမှာကို အနည်းဆုံး ၂ဖွဲ့ ကွဲနေပါတယ်။ စစ်ကို ဆက်တိုက်ချင်၊​ နျူအစီအစဥ်ကို မစွန့်လွှတ်ချင်တဲ့ထဲမှာ အဓိကက IRGC ကွန်မန်ဒါချုပ် အာမက်ဗာဟီဒီနဲ့ Supreme National Security Council ရဲ့ အတွင်းရေးမှူး Mohammad Bagher Zolghadr တို့ ပါဝင်ပြီး သူတို့နဲ့ ဆန့်ကျင်ဖက်အဖွဲ့မှာ IRGC Air Force ကွန်မန်ဒါဟောင်း နဲ့ လက်ရှိလွှတ်တော်စပီကာ ဂါလီဘတ်ဖ်က အဓိကပါနေပါတယ်။ ဂါလီဘတ်ဖ်က IRGC ရဲ့ aerospace branch မှာ ခုထိ ဩဇာညောင်းနေသေးသလို ခါမေနီမိသားစုနဲ့လည်း အဆက်အသွယ် မပြတ်ရှိနေသူပါ။ သူတို့ဘယ်လိုပဲကွဲကွဲ သူတို့ရဲ့ဦးတည်ချက်က Islamic Republic အဓွန့်ရှည်ရေးပဲဖြစ်ပါတယ်။ အရင်ကလို မတူကွဲပြားတဲ့အဖွဲ့တွေကို ဆွဲစေ့ပေးနိုင်မယ့် ခါမေနီ မရှိတော့တာကြောင့် အခုလို သူတလူ ငါတမင်းဖြစ်နေကြတာပါ။

အီရန်အဆိုးရက ဇန်နဝါရီမှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အသတ်ခံခဲ့ရသူတွေရဲ့ မိသားစုတွေအပေါ် ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေပါတယ်။ သူတို့က သေပြီးသူတွေကို မြှုပ်ထားတဲ့ အုတ်ဂူတွေမှာ မိသားစုတွေက သေသူရဲ့ပုံ၊ စာ စသည်ထွင်းထုထားတာတွေကို ဖျက်ဆီးတာ၊ ရုပ်ပျက်အောင်လုပ်တာ၊ အပေါ်က အင်္ဂတေလောင်းပစ်တာ စသဖြင့် ပြုလုပ်ခဲ့ပါတယ်။ သေပြီးတာတောင် လိုက်နှောက်ယှက်ချင်ကြတဲ့ စိတ်ဓါတ်တွေက ဩချလောက်ပါတယ်။

Leave a comment