သမ္မတထရမ့်က ဟော်မုဇ်ရေလက်ကြားမှာ မိုင်းချနေတဲ့ အီရန်သင်္ဘော (စပိဘုတ်)တွေကို တွေ့လျှင် တွေ့ချင်း ရှင်းပစ်ဖို့ ရေတပ်ကို အမိန့်ပေးထားပါတယ်။ စစ်ဘယ်တော့ပြီးမလဲ၊ deal ရဖို့ ဘယ်လောက် စောင့်မှာလဲ ဆိုပြီး တချိန်လုံးမေးနေတဲ့ သတင်းထောက်တွေကိုတော့ အမေရိကန်နဲ့ မဟာမိတ်တွေ၊ တကယ်တော့ တကမ္ဘာလုံးအတွက်လည်း ကောင်းမယ့် သင့်တော်တဲ့အချိန်မှာမှ deal ယူမယ်၊ ငါ့ကို လာမလောပါနဲ့၊ ငါတို့ ဗီယက်နမ်စစ်ကို ၁၈နှစ်၊ အီရတ်မှာ ၈ နှစ်၊ ကိုရီးယားမှာ ၇နှစ်၊ WWII ၅နှစ် တိုက်လာပြီးပြီလေ၊ ငါတို့တိုက်တာ အခုမှ ၂လတောင် မပြည့်သေးတာလို့ ပြောသွားပါတယ်။
ထရမ့်ဆက်ပြောသွားတဲ့ထဲမှာ အီရန်အစိုးရထဲမှာ ခွေးနဲ့ကြောင် ကိုက်ကြသလိုဖြစ်နေပြီ၊ အခြေအနေက ရှုပ်ထွေးနေတယ်၊ သူတို့ကလည်း ကမ္ဘာကြီးကို ရှုပ်ပွနေအောင် လုပ်ခဲ့တာပဲလေ၊ ငါတို့ စစ်ပြန်တွေ လူငယ် လူကြီးတွေကိုကြည့်လိုက်၊ လက်မရှိ (သို့) ခြေမရှိ (သို့) မျက်နှာက စုတ်ပြတ်နေတယ်ဆိုရင် အဲဒါသူတို့လက်ချက်ပဲ၊ ဆိုလေမာနီက roadside bomb တွေလုပ်ခဲ့တာ၊ အဲဒါကြောင့် ငါသူ့ကို ရှင်းပစ်ခဲ့တာလို့ ဆိုပါတယ်။ အရင်က ပြောတာ ၄-၆ပတ်ဆိုလို့ ထောက်ကြတော့ ၄ပတ်မှာ သူတို့ရဲ့ ရေတပ်နဲ့ လေတပ် ကုန်သလောက်ဖြစ်သွားပြီလေ၊ အဲဒီနောက်မှာ သူတို့ဘက်က ကမ်းလှမ်းလာလို့ ငါတို့ ပစ်မှတ်တွေအကုန် မပစ်ရသေးခင် ခဏနားပေးလိုက်တာလို့ ပြန်ဖြေသွားပါတယ်။
ဆက်လက်ပြီး သမ္မတထရမ့်က အခုငါတို့ထွက်လာလို့ရတယ်၊ အရင်အခြေအနေကိုပြန်ရောက်အောင် သူတို့ အနှစ် ၂၀လောက် လုပ်ရဦးမှာ။ ဒါပေမယ့် ခုထွက်လာတာက ကမ္ဘာကြီးအတွက် ရေရှည်အတွက် အကောင်းဆုံးအဖြေမဟုတ်ဘူးလို့ ဆိုပါတယ်။ သတင်းလိမ်တွေမှာ ထရမ့်အီရန်ကို နျူနဲ့ထုဖို့ ကြံစည်နေတယ်ဆိုတဲ့အကြောင်း မေးကြတော့ မဟုတ်ပါဘူး၊ နျူလက်နက်ကို ဘယ်နိုင်ငံကမှ သုံးတာကိုမှ ခွင့်မပြုသင့်ဘူးလို့ ဖြေသွားပါတယ်။
ရာထူးမှ ဖယ်ရှားလိုက်တဲ့ Navy Secretary နဲ့ ပတ်သက်ပြီး မေးမြန်းကြရာမှာတော့ Phelan က လူကောင်းပါ၊ ဒါပေမယ့် တပ်ထဲမှာက အချင်းချင်း တွဲလုပ်ကြတဲ့နေရာမှာ တယောက်နဲ့တယောက် အဆင်ပြေမှဖြစ်မယ်လေ၊ သူက တချို့နဲ့အဆင်ပြေ၊ တချို့နဲ့ အဆင်မပြေတာတွေ ရှိနေတယ်။ ရေတပ်က သင်္ဘောတွေ အများကြီးထပ်မံဝယ်ယူ အင်အားဖြည့်မယ့် ကိစ္စကို တစွန်းတစ ပြောသွားတော့ အဲဒီအပေါ် သဘောထားကွဲတာလည်း ဖြစ်နိုင်ပါတယ်။
အိမ်ဖြူတော်ပြန်/ဝန် ကာရိုလိုင်းလီဗစ်က အီရန်က အရပ်ဖက်သင်္ဘောတွေကို ပစ်ခတ်ခဲ့တာ အပစ်ရပ်ကို ချိုးဖောက်တာလားဆိုတဲ့ မေးခွန်းကို အီရန်က အမေရိကန်နဲ့ အစ္စရေးကို ပစ်တာမဟုတ်လို့ အပစ်ရပ်နဲ့ မဆိုင်ကြောင်း ဖြေရှင်းသွားပါတယ်။
အင်ဒိုပစိဖိတ်စစ်ဒေသမှာရှိတဲ့ အမေရိကန်ရေတပ်ဟာ အိန္ဒိယသမုဒ္ဒရာထဲက ဆန်ရှင်ထိထားတဲ့ ဂူယာနာအလံတင် နိုင်ငံမဲ့ရေနံတင်သင်္ဘော M/T Majestic X ကို အီရန်ကဆီတွေ မှောင်ခို တင်ဆောင်လာမှုနဲ့ တားဆီးစစ်ဆေးပြီး သိမ်းယူခဲ့ပါတယ်။ အဲဒီလို ဆန်ရှင်ဖောက်ဖျက်မှုကြောင့် သိမ်းယူခံရတဲ့ ရေယာဥ်တွေပေါ်က ဆီတွေဟာ အမေရိကန်ပိုင်ဆိုင်မှုအောက်ကို ရောက်သွားကြောင်း အမေရိကန်က ကြေငြာထားပါတယ်။
အမေရိကန်က အီရန်လွှတ်တော်စပီကာ ဂါလီဘတ်ဖ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အာရောက်ချီတို့ကို သဘောထားပျော့ပြောင်းတဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ လက်တွေ့ကျသူတွေလို့ မမြင်စေလိုကြောင်း၊ သူတို့ဟာ IRGC လူသတ်ကောင်တွေလိုပဲ ဒီပုတ်ထဲက ဒီပဲတွေချည့်ဖြစ်ကြောင်း မင်းသားပါလာဗီက ဒီနေ့ ဘာလင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ Islamic Republic ဆက်လက်အုပ်ချုပ်နေသ၍ ဒေသတွင်းပဋိပက္ခတွေ တိုးလာဖို့သာရှိပြီး နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ ကမ္ဘာကိုပါ ခြိမ်းခြောက်မှုဖြစ်နေလိမ့်မယ်လို့ သတိပေးသွားပါတယ်။
အမေရိကန်တိုက်လေယာဥ်တွေကို ဝေဟင်မှာဆီဖြည့်ပေးတဲ့ လေယာဥ်ကြီးငယ် (KC-135 Stratotanker & KC-46 Pegasus) တွေဟာ အီရန်နဲ့စစ်ပွဲအတွက် ခြေကုပ်နေရာတွေဖြစ်တဲ့ တူရ်ကီနဲ့ စပိန်တို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေဆီကို အတ္တလန်တစ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး အများအပြား ပျံသန်းလာနေကြတယ်လို့ သိရပါတယ်။ သူတို့က အဝေးသို့ ပျံသန်းတိုက်ခိုက်တဲ့ တိုက်လေယာဥ် အုပ်စုတွေနဲ့ တိုက်လေယာဥ်တွေ အတွဲလိုက် အလှည့်ကျ တိုက်ခိုက်ရာမှာ မရှိမဖြစ်ဖြစ်တဲ့အတွက် အရှေ့အလယ်ပိုင်းမှာ တခုခု အကြီးအကျယ်ဖြစ်တော့မှာကို အချက်ပြနေတယ်လို့ ဆိုကြပါတယ်။
အာရပ်အဖွဲ့ချုပ်က မကြာသေးမီက အီရန်နိုင်ငံက အဖွဲ့ဝင်နိုင်ငံတွေအပေါ် တိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးရတာတွေအပေါ် လျော်ကြေးပေးဖို့နဲ့ ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းသွားလာတာကို ကန့်သတ်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ အခုလို တိုက်ခိုက် ပိတ်ဆို့ခဲ့တာတွေကြောင့် ဒေသတွင်းကုန်သွယ်မှုအပေါ် ကြီးစွာအနှောက်အယှက် ဖြစ်နေခဲ့တဲ့အတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ဇန်နဝါရီ ၃ရက်နေ့က မဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အထူးစစ်ဆင်ရေး စစ်သည်တဦးက အကြောင်းအရာတခုခုအပေါ် ခန့်မှန်းချက်ကို အလောင်းအစားလုပ်ကြတဲ့ Polymarket မှာ မဒူရို ဖယ်ရှားခံရလိမ့်မယ်ဆိုတဲ့ဘက်က ၃သောင်းကျော် လောင်းထားခဲ့တဲ့အတွက် ၄သိန်းကျော် အမြတ်အစွန်းထွက်ခဲ့ပါတယ်။ Ken Van Dyke ဆိုတဲ့ အဲဒီစစ်သည်က ဇန်နဝါရီ ၂ရက် နေ့မှာ လောင်းထားခဲ့တာပါ။ သူ့ကို တရားရေးဌာနက the Commodity Exchange Act ကို ချိုးဖောက်မှု ၃မှု၊ Wife fraud ၁မှု၊ unlawful monetary transaction ၁မှုတို့နဲ့ ဖမ်းဆီးထားပြီဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင် အနှစ် ၆၀အထိ ကျခံရမှာဖြစ်ပါတယ်။ ဒီစစ်နဲ့မဆိုင်ပေမယ့် အခုလို အရေးယူလိုက်တာက တပ်တွင်းသတင်းပေါက်ကြားမှု၊ အလွဲသုံးမှုတို့ မပြုဖို့ နမူနာဖြစ်စေပါတယ်။