အိမ်ဖြူတော်ပြန်ဝန်ကာရိုလိုင်းလီဗစ်က အီရန်ဘက်က စကားပြောချင်တယ်ဆိုတဲ့အတွက် စတိဗ် ဝစ်ကော့ဖ်နဲ့ ဂျာရက်ခရုဇ်နာတို့က မနက်ဖြန် စနေနေ့မှာ အစ္စလာမ်မာဘတ်ကို ထွက်လာဖို့ရှိတယ်လို့ ပြောသွားပါတယ်။ အီရန်က နိုင်ငံခြားရေးဝန်ကြီး အာရောက်ချီက အစ္စလာမ်မာဘတ်ကို ဒီနေ့ ရောက်ရှိလာပြီး နှစ်နိုင်ငံကိစ္စတွေနဲ့ ဒေသတွင်းတိုးတက်မှုတို့ကို ဆွေးနွေးသုံးသပ်ကြမယ်လို့ ဆိုပါတယ်။ ဒီသတင်းမှန်ရင် ဂါလီဘတ်ဖ်ကို ခေါက်ထားလိုက်တာ ဖြစ်နိုင်ခြေရှိသလို ဖြစ်နေပါတယ်။ အာရောက်ချီက ပါကစ္စတန်နဲ့ပဲ ဆွေးနွေးမှာလို့ ပြောတယ်လို့လည်း သတင်းတချို့က ဆိုပေမယ့် ဝစ်ကော့ဗ်နဲ့ ခရုဇ်နာတို့ သွားမယ်ဆိုတဲ့ရက်နဲ့ တိုက်နေပြန်ပါတယ်။
သမ္မတထရမ့်က အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ်ကာလကို ၃ပတ်တိုးမြှင့်လိုက်တယ်လို့ မနေ့က ကြေငြာသွားပါတယ်။ ဒီကြေငြာချက်က လက်ဘနွန်တောင်ပိုင်းက ဟဇ်ဘိုလာတွေနဲ့ အစ္စရေးကြား ပစ်ခတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ဖြစ်ပါတယ်။ လက်ဘနွန် တောင်ပိုင်းက အစ္စရေးမြောက်ပိုင်းနဲ့ နယ်မြေချင်း ထိစပ်နေတာပါ။ ဟဇ်ဘိုလာတွေက တင့်ကားပစ် ဒုံးနဲ့ အစ္စရေးတပ်တွေဘက်ကို ပစ်ခဲ့သလို အစ္စရေးမြောက်ဘက်ကို အပစ်ရပ်ပြီး ပထမဆုံးအကြိမ် ဒုံးနဲ့ ပစ်ခဲတာ ဖြစ်ပါတယ်။ အစ္စရေးဘက်က လက်ဘနွန်ထဲက ရော့ကက်လောင်ချာတွေနဲ့ infrastructure တွေကို ပြန်ပစ်ခတ်ခဲ့တာမှာ ဂျာနယ်လစ်ဆိုသူတဦးသေဆုံးပြီး အချို့ဒဏ်ရာရကြပါတယ်။
အီရန်အစိုးရထဲမှာလည်း အီရန်ရဲ့ ဂိုဘာချော့ဗ်လို မြင်ချင်ခဲ့ကြတဲ့ လွှတ်တော်စပီကာ ဂါလီဘတ်ဖ်က ရာထူးက ဆင်းသွားပြီလို့ ဆိုကြသလို တချို့ကလည်း IRGC က ဖယ်ရှားလိုက်တာလို့ဆိုကြပါတယ်။ တချို့သတင်းတွေမှာတော့ အမေရိကန်နဲ့ ဆွေးနွေးတဲ့အဖွဲ့ထဲက နှုတ်ထွက်တာပါလို့ ဖော်ပြကြပေမယ့် အီရန်ကတော့ ဒီသတင်းတွေက မမှန်ပါဘူး၊ ဂါလီဘတ်ဖ်က ခုထိ လွှတ်တော်စပီကာပါပဲလို့ ဆိုပါတယ်။
အိမ်ဖြူတော် မိန့်ခွန်းရေးသူဟောင်း Marc Thiessen က ဝါရှင်တန်ပို့စ်မှာ ဆောင်းပါးတပုဒ် ရေးထားတာကို သမ္မတထရမ့်က သူ့ရဲ့ Truth Social မှာ ပို့်စ်လုပ်ပြီး အရမ်းမှန်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ မာ့ခ်က “သမ္မတထရမ့်က အပစ်ရပ် သက်တမ်း တိုးပေးထားတယ်ဆိုတာကို အီရန်ဘက်က ထရမ့်က သူတို့ထက်တောင် အမြန် deal ရချင်နေပြီ၊ ဆက်မတိုက်ချင်တော့တဲ့ သဘောပဲလို့ လွဲမှားစွာမြင်နေကြောင်း၊ တကယ်တမ်းက အီရန်က ထရမ့်ထက် deal ရဖို့ ပိုလိုအပ်နေတာဖြစ်ကြောင်း၊ အီရန်အစိုးရအဖွဲ့ထဲမှာ တချို့က deal လိုချင်၊ တချို့က မလိုချင် ဖြစ်နေရင် လွယ်ပါတယ်၊ deal မလိုချင်တဲ့အဖွဲ့ကို ရှင်းပစ်လိုက်ရုံပေါ့” လို့ ရေးထားတာပါ။
အီရန်စီးပွားရေးက အမေရိကန်တွေ ပိတ်ဆို့ထားတာကြောင့် ထိခိုက်နေတာတင် မဟုတ်ပဲ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု ၁၂%၊ စတီးလ်ထုတ်လုပ်မှု ၂၅%နဲ့ ရေနံဓါတုထုတ်ကုန် ၂၈% ကျဆင်းသွားခဲ့ပြီလို့ သိရပါတယ်။ အရင်ထဲက ဆိုးရွားနေလို့ ဆန္ဒပြမှုတွေထိ ဖြစ်ခဲ့တဲ့ စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှုက ၁၀၀% ကျော်သွားပြီဖြစ်ပြီး အလုပ်အကိုင် ၂သန်း ပျောက်ဆုံး သွားခဲ့ပါတယ်။ GDP ၁၀.၄% ကျနိုင်ခြေရှိတဲ့အတွက် နောက်ထပ်အီရန်နိုင်ငံသား ၄.၁သန်းဟာ ဆင်းရဲသူအဆင့်ကို ကျရောက်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ တဒေသလုံး တကမ္ဘာလုံးကို ပတ်မွှေနေတဲ့ ငပွကြီးအဖြစ်ကို စွန့်လွှတ်လိုက်ရင် ပြည်သူတွေ သက်သာရာ ရပါလိမ့်မယ်။
အမေရိကန်ရေတပ်က အီရန်စီးပွားရေးကို ပိတ်ဆို့ထားတာဟာ ဟော်မုဇ်နဲ့ အီရန်ဆိပ်ကမ်းတွေမှာတင် မဟုတ်တော့ပါဘူး။ နိုင်ငံတကာရေပြင်တလျောက် အကျုံးဝင်နေပါပြီ။ အခုဆိုရင် အီရန်နဲ့ ပတ်သက်နေတဲ့ ရေနံတင်သင်္ဘောတွေကို မိုင်ထောင်ချီတဲ့ သမုဒ္ဒရာတလျောက် နောက်ယောင်ခံ လိုက်နေပြီး သူတို့ကုန်ချမယ့် ဆိပ်ကမ်းကို ရောက်ခါနီးကျမှ ဖမ်းသိမ်းပစ်လိုက်တာပါ။ မကြာသေးခင်ကပဲ ၄စီး ဖမ်းမိခဲ့ပါတယ်။ တစီးဖမ်းမိတိုင်း မှောင်ခိုသမားတွေအတွက် ကုန်ကျစာရိတ် ပိုတက်သလို ဝယ်သူတွေနောက်မဝယ်ရဲအောင် အဟန်ု့အတားဖြစ်စေပါတယ်။
အီရန်ရေနံရဲ့ ၉၀-၉၅% က တရုတ်ကိုသွားတာဖြစ်တော့ လမ်းကြောင်းကိုကြည့်လိုက်ရင် ဘယ်ရေနံချက်စက်ရုံကို သွားမယ်၊ ဘယ်နားကစောင့်ဖမ်းရင် ရမလဲဆိုတာ ရေတပ်က သိပါတယ်။ အဲဒီမှောင်ခိုဈေးကွက်ကရတဲ့ တနှစ် ၄၀-၅၀ ဘီလီယံက အကြမ်းဖက်လုပ်ငန်းတွေ၊ proxy တွေ၊ ဒုံးကျည်တွေ၊ နျူအိပ်မက်တွေထဲကိုပဲ သွားပြီး သာမာန်အီရန်ပြည်သူတွေမှာတော့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ သူခိုးခေါင်းဆောင်တွေလက်အောက်မှာ ဆင်းရဲကြပ်တည်းခြင်းမျိုးစုံ ခံစားနေရတာ ဖြစ်ပါတယ်။
ထရမ့်အစိုးရက တရုတ်ရေနံချက်စက်ရုံကြီးတခုဖြစ်တဲ့ Hengli Petrochemical (Dalian) Refinery Co., Ltd. နဲ့ အီရန်ရေနံကို ပို့ဆောင်ပေးနေတဲ့ သင်္ဘောကုမ္ပဏီ ၄၀ခန့်နဲ့ ရေနံတင်သင်္ဘောတွေကို ဆန်ရှင်ချလိုက်ပါတယ်။ ဟန်လီက အီရန်ရေနံကို ဘီလီယံနဲ့ချီ ဝယ်ယူနေတာပါ။ ခုလိုလုပ်ခြင်းအားဖြင့် အီရန်လည်း ပိုက်ဆံမရနိုင်တော့သလို တရုတ်လည်း ဈေးပေါတဲ့ရေနံမရနိုင်တဲ့အတွက် ကုန်ထုတ်လုပ်မှုစရိတ်နဲ့ ပို့ကုန်ဈေးတွေ မြင့်တက်သွားမှာ ဖြစ်ပါတယ်။ တရုတ်ပစ္စည်းတွေ ကမ္ဘာဈေးကွက်မှာ ဈေးပေါပေါနဲ့ လွှမ်းမိုးနေနိုင်ဖို့အတွက် ဈေးပေါတဲ့ စွမ်းအင်က ပဓါနကျတာဖြစ်လို့ tariff ဒဏ်ခံနေရတဲ့ တရုတ်ကုန်ထုတ်လုပ်မှုအပေါ် အနာဆားပက်သလို ဖြစ်တော့မှာပါ။
ချောင်ပိတ်မိသလိုဖြစ်နေတဲ့ အီရန်က ရုရှားနဲ့ တရုတ်ကို အမေရိကန်က ဖြုံလောက်မယ်ထင်တော့ အားကိုးတကြီးနဲ့ ဖိတ်ခေါ်၊ အခွင့်အရေးတွေ ပေးပြီး သူတို့ရဲ့ အကြပ်အတည်းကို မျှယူစေချင်ပေမယ့် ရှီနဲ့ပူတင်က အာဏာနဲ့ လုပ်စားကြသူတွေထုံးစံအတိုင်း အခွင့်အရေးဆိုရင် တဆုံးနှိုက်ကြပေမယ့် အကြပ်အတည်းကြုံရင်တော့ လက်ရှောင်ကြမှာပါ။ အမေရိကန်နဲ့ အစ္စရေး အီရန်ကို စတိုက်တာ ဖေဖေါ်ဝါရီ ၂၈ဖြစ်ပြီး အဲ့ဒီလ ၁၉ရက်နေ့ကမှ ဟော်မုဇ်မှာ တရုတ်၊ ရုရှားနဲ့ အီရန်စစ်သင်္ဘောတွေ ပူးပေါင်းစစ်ရေးလေ့ကျင့်ထားသေးတာပါ။ တိုက်တော့လည်း တရုတ်နဲ့ ရုရှား အသံမထွက်ရဲတာကို ကြည့်ရင် ဘယ်သူကဖြုံနေတာလည်းဆိုတာ အီရန်သဘောပေါက်သင့်ပါပြီ။
စစ်စပြီးကတဲက နဂိုရနေကျ အင်တာနက်ရဲ့ ၂%လောက်ပဲ ရဝောာ့တဲ့ အီရန်မှာ အစိုးရတီဗီက ကောက်ယူတဲ့စစ်တမ်းအရ ၈၆% က အမေရိကန်တွေ ဖြစ်စေချင်တဲ့ ဒုံးကျည်ကန့်သတ်ချက်ကို ဆန့်ကျင်တယ်လို့ဆိုပြီး ၇၉% က ယူရေနီယံသန့်စင်တာကို ရပ်တံ့ဖို့ မလိုလားကြပါဘူး။ ၇၄% ကတော့ ဟော်မုဇ်မှာ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို သဘောမတူကြပဲ ၆၈% က အီရန်နဲ့ သူ့ proxy တွေ ပါဝင်တဲ့ အမေရိကန်နဲ့ အစ္စရေးကို မုန်းတီးတဲ့ The Axis of Resistance ကို မစွန့်ပယ်လိုကြဘူးလို့ ဆိုပါတယ်။ သန်းနဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေကို မမေးကြပဲ ကိုယ့်လူချင်း လက်တို့ပြီး စစ်တမ်းကောက်/ မဲထည့်ခိုင်းသလိုများ ဖြစ်နေမလားပါ။ ပြည်ပရောက် အီရန်တွေကိုတောင် သူတို့ကိုမထောက်ခံလို့ နိုင်ငံသားရုတ်သိမ်း/ ပိုင်ဆိုင်မှုတွေသိမ်းဖို့ ခြိမ်းခြောက်နေတဲ့သူတွေဆီကလာတဲ့ စစ်တမ်းဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ အမေရိကန်ရေတပ်က ဖမ်းထားတဲ့ သင်္ဘောတွေပေါ် စစ်သားတွေက ရဟတ်ယာဥ်တွေကနေ ကြိုးနဲ့ဆင်းပြီး တက်စစ်ကြတာတွေကို အားရစရာ ပြသနေတော့ အီရန်ကလည်း အားကျမခံ သူတို့ဖမ်းထားတဲ့ သင်္ဘောတွေပေါ် တက်စစ်တဲ့ ဗီဒီယို ပြန်တင်ပါတယ်။ ခက်တာက သူတို့တင်တဲ့ ဗီဒီယိုမှာ သင်္ဘောသားအဖွဲ့လည်းမရှိ၊ ရေပြင်မှာလည်း လှိုင်းမရှိတာ တွေ့ရတော့ ကမ်းမှာကပ်ထားတဲ့ သင်္ဘောတစီးစီးပေါ် ဟန်ပြတက်စစ်နေတာ ပေါ်သွားပါတယ်။ အာဏာရှင်နိုင်ငံတွေက ဝ မရှိပဲ ဝိ သိပ်လုပ်ချင်ကြတာမှာ တူနေကြပြန်ပါတယ်။
လာမယ့်ဇွန်လမှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အီရန်အဖွဲ့တက်မလားဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်က သူတို့မလာရဘူးလို့ ဘယ်နားမှာမှ ပြောမထားပါဘူး၊ ပြဿနာက အားကစားသမားတွေမဟုတ်ဘူး၊ အားကစားသမားက လာလို့ရတယ်၊ သူတို့နဲ့ လိုက်လာမယ့်လူတွေထဲမှာ IRGC နဲ့ပတ်သက်တာတွေပါလာရင် ငါတို့က ခွင့်ပြုချင်လည်း ပြုမယ်၊ မပြုတာလည်း ဖြစ်နိုင်တယ်၊ သူတို့အသင်းနဲ့အတူ အကြမ်းဖက်သမားတွေ ပါလာမှာကိုတော့ လက်မခံနိုင်ဘူး၊ သူတို့မလာရင် သူတို့နေရာကို အီတလီယူလိမ့်မယ်လို့ ပြောသွားပါတယ်။
သမ္မတထရမ့်က ဒီနှစ် ဒီဇင်ဘာမှာ မိုင်ယာမီမှာပြုလုပ်မယ့် G-20 အစည်းအဝေးကို တက်ရောက်ဖို့ ရုရှားသမ္မတ ပူတင်ကို ဖိတ်ခေါ်ထားပါတယ်။ ပူတင်တက်ရောက်ခြင်းက helpful ဖြစ်လိမ့်မယ်လို့ ထရမ့်က မှတ်ချက်ပေးထားပါတယ်။ ရုရှားက ဂျပန်မှာလုပ်တဲ့ ၂၀၁၉နောက်ပိုင်းကတည်းက G-20 ကို မတက်တော့တာပါ။ ၂၀၂၃မှာ ICC က ပူတင်ကို ဖမ်းဝရမ်းထုတ်ထားပေမယ့် အမေရိကန်က ICC အဖွဲ့ဝင် မဟုတ်တဲ့အတွက် ဒီကိစ္စအတွက် ပူတင်စိတ်ပူစရာ လိုမှာမဟုတ်ပါဘူး။