မနေ့က သမ္မတထရမ့်က ချားလ်စ်ဘုရင်ကို တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ ချားလ်စ်ဘုရင်က သမ္မတထရမ့်ကို လက်ဆောင်တခု ပေးခဲ့ပါတယ်။ အဲဒီလက်ဆောင်က HMS Trump တော်ဝင်ရေငုပ်သင်္ဘောပေါ်က ကြေးခေါင်းလောင်းဖြစ်ပြီး ခေါင်းလောင်းပေါ်မှာ သင်္ဘောနာမည် Trump နဲ့ စတင်အမှုထမ်းတဲ့နှစ်ဖြစ်တဲ့ ၁၉၄၄ လို့ ရေးထွင်းထားပါတယ်။ သမ္မတထရမ့် မမွေးခင် ၂နှစ်အလိုပါ။
အဆိုပါသင်္ဘောက T Class ဖြစ်ပြီး Barrow စက်မှုဆိပ်ကမ်းမြို့က British Engineering Conglomerate ဖြစ်တဲ့ Vickers-Armstrongs က တည်ဆောက်ခဲ့တာပါ။ ၁၉၄၄ မတ်လ ၂၅ရက်နေ့မှာ ရေချခဲ့ပြီး သူ့သက်တမ်းအတော်များများကို ဩစတေးလျမှာ အခြေစိုက်တဲ့ 4th Submarine Squadron မှာ အမှုတော်ထမ်းရွက်ခဲ့တာဖြစ်ပါတယ်။ ဩစတေးလျမှာထားတဲ့ နောက်ဆုံး တော်ဝင်ရေငုပ်သင်္ဘောဖြစ်ပါတယ်။ ဩစတေးလျကနေ ယူကေကို ၁၉၆၉ဇန်နဝါရီမှာ ပြန်လည်ထွက်ခွာလာပြီး ၁၉၇၁မှာ ဖြိုဖျက်ရောင်းချခံခဲ့ရပါတယ်။
HMS Trump ဟာ အစောပိုင်းမှာ စကော့တလန်နဲ့ မြောက်ပင်လယ်ကို စောင့်ကြပ်ရပြီး ဒုကမ္ဘာစစ်မှာ အရှေ့ဖျားကို အပို့ခံရပါတယ်။ မြန်မာပြည်က ဂျပန်စစ်တပ်ကို ဟောင်ကောင်ဘက်ကို တိုက်ထုတ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး စစ်အတွင်း ရန်သူ့သင်္ဘောကို တော်ပီဒိုနဲ့ထုခဲ့တဲ့ နောက်ဆုံးတော်ဝင် ရေငုပ်သင်္ဘောလို့ မှတ်တမ်းဝင်ထားပါတယ်။ စစ်ပြီးတော့ အရှေ့ဖျားကို ၁၉၆၁မှာ တကြိမ် ထပ်သွားခဲ့ပြီး စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့ပါတယ်။
ချားလ်စ်ဘုရင်က ဒီခေါင်းလောင်းဟာ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ တူညီတဲ့ သမိုင်းကြောင်းနဲ့ တောက်ပတဲ့ အနာဂတ်ကို ကိုယ်စားပြုတဲ့ ပြယုဂ်ဖြစ်ပါတယ်။ ကျွန်တော်တို့ကို လိုအပ်လာရင် ဒီခေါင်းလောင်းသာ တီးလိုက်ပါလို့ ပြောသွားပါတယ်။ (တီးရင် တကယ်လာမှာလားလို့ မေးချင်ပါရဲ့။)
