မနေ့က အီရန်က ဝါရှင်တန်ကို အဆိုပြုချက်တခု ကမ်းလှမ်းခဲ့ပါတယ်။ အရင်အတိုင်း မဲပြာပုဆိုးပါပဲ။ ဆီဈေးတွေကြီးလာပြီဖြစ်လို့ ဘလော့လုပ်ထားတာ ဖယ်ပေးပါ၊ နျူကိစ္စနောက်မှပြောကြတာပေါ့တဲ့။ ဆီဈေးတက်လို့ ကမ္ဘာ့ပြည်သူတွေကြပ်တည်းမှာပဲ ပူပန်နေသယောင်ယောင်ပါ။ ပါကစ္စတန်ကို မယုံဘူးဆိုတဲ့ အသံထွက်လာပေမယ့် တခြားရွေးစရာလည်းမရှိတော့ ပါကစ္စတန်က တဆင့်ပဲ ကမ်းလှမ်းခဲ့တာပါ။ သမ္မတထရမ့်ကတော့ နျူမပါရင် ဆက်ပိတ်ထားရုံပဲလို့ ဆိုပါတယ်။
အစ္စရေးကတော့ စိတ်မရှည်ဟန်ပါပဲ။ အစ္စရေး ချန်နယ် ၁၂က အမေရိကန်ဦးဆောင်တဲ့ အီရန်နဲ့ ဆွေးနွေးပွဲတွေ မအောင်မြင်တော့ဘူးလို့ ကြေငြာချင်နေပါပြီလို့ ဆိုပါတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် အစ္စရေးက ရေနံတင်ပို့တဲ့ အဓိကတာမီနယ်ကြီးတွေအပါအဝင် အီရန်ရဲ့ စွမ်းအင်ချက်ကောင်းနေရာ တွေကို တိုက်ခိုက်ဖို့ အမေရိကန်က ခွင့်ပြုလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီလိုအမိန့်ပေးနိုင်ဖို့က အမေရိကန်လက်ထဲမှာဆိုတော့ သမ္မတထရမ့်ရဲ့ အစီအမံကိုပဲ လိုက်နာကြရမှာပါ။
ဟော်မုဇ်ကို ဖြတ်သန်းမယ့် သင်္ဘောတွေကို အီရန်ပါလီမန်က ဒေါ်လာ/ ယွမ်တွေနဲ့ မကောက်တော့ပဲ သူတို့ရဲ့ တန်ဖိုးမရှိသလောက်ဖြစ်နေတဲ့ ရီယယ်ငွေနဲ့ ပေးချေရမယ်လို့ ဥပဒေ ထုတ်လာပြန်ပါတယ်။ သူတို့ရဲ့ ဒလဟောကျဆင်းနေတဲ့ ငွေတန်ဖိုးကို ကျားကန်ဖို့ ရီယယ်နဲ့ toll ကောက်မယ့်ပလန်ကို “Strait of Hormuz management plan” လို့ ခေါ်ပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် တရားဝင် ကုန်သွယ်မှု တွေကို အနှောက်အယှက် ဖြစ်စေသလို လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်တဲ့ တရားစွဲမှုတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ သွေးရူးသွေးတန်းအခြေအနေမှာ လုပ်မိလုပ်ရာ လုပ်နေသလိုပါ။ ဟာသတခုက toll က $100 ထက်ကျော်ရင် သူတို့ရီယယ်နဲ့ပေးဖို့ နောက်ကွန်တိန်နာသင်္ဘောတစီး လိုပါမယ်တဲ့။
ပြီးခဲ့တဲ့ ၂၄နာရီအတွင်း အမေရိကန်က တန်ချိန် ၆၅၀၀ရှိတဲ့ လက်နက်ခဲယမ်းတွေကို သင်္ဘောကြီး ၂စီး၊ ကုန်တင်လေယာဥ်တွေနဲ့ အစ္စရေးကို ပို့ပေးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးက ကြေငြာသွားပါတယ်။
အီရန်နိုင်ငံ အတွင်းပိုင်းမှာရှိတဲ့ ပဲ့ထိန်းဒုံးကျည်လောင်ချာတွေကို ဖြိုခွင်းဖို့အတွက် CENTCOM က Dark Eagle long-range hypersonic missile system ကို မှာယူထားပြီဖြစ်ပါတယ်။ အထက်က အတည်ပြုတယ်ဆိုရင် ဒီဒုံးကျည်စနစ်ကို စစ်ပွဲမှာ ပထမဆုံး အသုံးပြုတာ ဖြစ်လာမှာပါ။ အရင်က စမ်းသပ် ထုတ်လုပ်မှုမှာ နှစ်အတန်ကြာ နှောင့်နှေးမှုတွေ ရှိခဲ့ပါတယ်။ လင်းယုန်နက်ဒုံးကျည်တွေဟာ မိုင် ၁၇၂၅မိုင်ခရီးကို အသံထက် ၅ဆ အမြန်နှုန်းနဲ့ ပစ်ခတ်နိုင်တာဖြစ်တဲ့အတွက် ဒုံးကျည်လောင်ချာလို ပစ်မှတ်ကို အမြန်ထိဖို့ အလွန်အရေးကြီးတဲ့ ပစ်မှတ်တွေအတွက်ရော၊ ဟိုးမြေအောက်နက်နက်မှာ မြှုပ်ထားတဲ့ ဘန်ကာတွေကို ဖျက်ဆီးဖို့အတွက်ပါ အသင့်တော်ဆုံး ဖြစ်ပါတယ်။
အီရန်နဲ့ စစ်စအပြီးမှာ ဘယ်သူက ပတ်ဝန်းကျင်အတွက် ပိုအန္တရာယ်ရှိတယ်ဆိုတာကို ကွဲကွဲပြားပြား မြင်လာကြပြီဖြစ်တဲ့အတွက် အဲဒီအခွင့်အရေးကို လက်လွတ်မခံပဲ အစ္စရေးက ဒေသတွင်းက မွတ်စလင်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေပါတယ်။ အစ္စရေးသမ္မတဟာဇော့ဟာ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံလုံးနဲ့ ထိစပ်နေသလို ကက်စ်ပီယန်ပင်လယ်ကနေသွားရင် အီရန်နဲ့နီးစပ်နေတဲ့ အီရန်ခါဇက်စ္စတန်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ခါဇက်စ္စတန်ဟာ တရုတ်၊ ရုရှားတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို သမ္မတထရမ့်ရဲ့ Peace Board မှာလည်း စတင်ဖွဲ့စည်းစဥ်ကပင် ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရန်ဆီက ရေနံဝယ်ယူသူတွေကို ထပ်ဆင့်ဆန်ရှင် ချထားမှာ ဖြစ်ပြီး ကမ္ဘာတလွှားက အီရန်အစိုးရ/ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမယ်လို့ ကြေငြာသွားပါတယ်။ အီရန်က ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC နိုင်ငံတွေမှာ ပိုက်ဆံထားခဲ့ပေမယ့် အဲဒီနိုင်ငံတွေက သူတို့ဆီမှာ IRGC ပိုက်ဆံမရှိပါဘူးလို့ ဖုံးကွယ်ပေးခဲ့ကြတာပါ။ GCC နိုင်ငံတွေကို အီရန်က ဗုံးကြဲပြီးတော့မှ IRGC ပိုက်ဆံရှိကြောင်း ဝန်ခံသွားကြလို့ အမေရိကန်က IRGC ရဲ့ ဘတ်ငွေတွေကို အီရန်ပြည်သူတွေအတွက် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မူလာတွေရဲ့ စုဆောင်းငွေတွေ ဇိမ်ခံအိမ်စတဲ့ ကမ္ဘာအရပ်ရပ်က ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားမှာဖြစ်တဲ့အတွက် ဒီကရှေ့ကို နိုင်ငံခြားမှာ ပိုက်ဆံသွားဝှက်ထားလို့ မရတော့ပဲ ဖြစ်နေမှာပါ။
အမေရိကန်ရဲ့ Economic Fury ကြောင့် ငွေကြေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အီရန်ဟာ မဖြစ်မနေတင်သွင်းရမှာတွေအတွက် ပေးချေဖို့ သူတို့ရဲ့ sovereign wealth reserves တွေကို ထပ်မံထုတ်ယူနေရပြီ ဖြစ်ပါဝတယ်။ Sovereign Wealth Fund ဆိုတာ ငွေပိုရှိတဲ့အချိန်မှာ တနေရာရာမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေဖြစ်ပါတယ်။ နိုင်ငံတော်တော်များများက အမေရိကန် စတော့ဈေးကွက်မှာ မြှုပ်နှံကြပြီး အီရန်ကတော့ ပြည်တွင်းမှာပဲ ရေနံ၊ ဓါတ်ငွေ့၊ စက်မှုနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။
အီရန်အစိုးရရဲ့ Task Force for Food Security and Livelihood Improvement က အခြေခံစားကုန် တွေဖြစ်တဲ့ သကြား၊ ဆန်၊ အမဲ/ဆိတ်/သိုးသားနဲ့ တိရိစ္ဆာန်အစာတွေကို တင်သွင်းဖို့အတွက် the National Development Fund ကနေ ၁ဘီလီယံကို ထုတ်ယူသုံးစွဲမယ်လို့ ကြေငြာသွားပါတယ်။ သွင်းရမယ့်ထဲမှာ ဂျုံနဲ့ ကလေးနို့မှုန့်တွေကို ဦးစားပေးထားပါတယ်၊ ဘာလို့လဲ ဆိုတော့ ပစ္စည်းပြတ်/ ဈေးတက်ဆိုရင် လူထုအုံကြွမှာ စိုးလို့ပါ။ အခုတောင် အာဏာသိမ်းတယ်၊ လူတွေ ဆန္ဒပြကုန်ပြီဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ပလူပျံနေပါတယ်။
အစိုးရတီဗီကတော့ တိုင်းပြည်က စစ်ဖြစ်နေတဲ့အတွက် အခြေခံကုန်ဈေးနှုန်းတွေ ကြီးမယ်၊ ပြည်သူက ကျင့်သားရအောင်နေလို့ ပြောသွားပါတယ်။ အားရစရာပါပဲ။ သွင်းတာက သင်္ဘောနဲ့ သွင်းလို့မရတော့ ကုန်းလမ်း၊ လေလမ်းပဲ ရှိတာမှာ ဘက်ဆန့်က အီရန်ကိုသွားတဲ့လေယာဥ်တွေ ဆန်ရှင်လုပ်ခံရနိုင်တယ် လို့ ဆိုထားပါတယ်။
အင်တာနက်မရှိတာကလည်း လူတွေရဲ့ အလုပ်အကိုင်ကို ထိခိုက်စေသလို ဖျော်ဖြေရေးတို့ ခရီးသွားတို့ စတဲ့ လုပ်ငန်းတွေက ဇန်နဝါရီထဲက အ နေခဲ့တာပါ။ ဇန်နဝါရီတုန်းက စီးပွားရေးနားမလည်တဲ့ အစိုးရက ငွေစက္ကူတွေ နင်းကန်ရိုက်တော့ ငွေဖောင်းပွမှုက မြင့်လွန်းတဲ့အပြင် သားငါး၊ စားဆီ စတဲ့ အစိုးရအထောက်အပံ့ တွေကို ဖြတ်တောက်လျော့ချလိုက်တော့ ဈေးတွေက ထပ်တက်ပြန်ပါတယ်။ အဲဒါကို ကုစားဖို့ ကူပွန်စနစ်ပြန်ကျင့်သုံးနေရတာပါ။ ပြည်သူ ၈၇သန်းခန့်ဟာ လစဥ်ဗောက်ချာတွေနဲ့ နေနေရတာဖြစ်ပါတယ်။ အဲဒီတန်ဖိုးက အရင်က ရီယယ် ၁၀သန်းတန်ပေမယ့် ငွေတန်ဖိုးက တရှိန်ထိုးကျနေတော့ $7.60 ပဲ တန်တော့တာပါ။ ငွေရဲ့ တကယ့်တန်ဖိုးက တန်ဖိုးမဲ့ သုညလောက် ဖြစ်နေပေမယ့် အစိုးရနှုန်းက 1USD = 42,000 rial ပါ။ ပြင်ပပေါက်ဈေးအရဆို 1USD = 1,800,000 rial ဖြစ်နေပါပြီ။ ဆင်သေကို ခွေးသရေနဲ့ဖုံးဖို့ အာဏာရှင်လက်စွဲစာအုပ်ထဲမှာ ပြောထားသလိုလိုပါပဲ။
ဆီနိတ်တာ ဂျွန်ကနေဒီက အီရန်အပေါ် ဘာကြောင့်စစ်ဆင်နွှဲရတယ်ဆိုတဲ့ အကြောင်းကို အခုလို ရှင်းပြထားပါတယ်။ သူပြောတဲ့အကြောင်းက အရင်က ဖော်ပြခဲ့ဖူးတဲ့ ဘေလ်အိုရိုင်းလီပြောသွားတဲ့ အကြောင်းရင်းနဲ့ နဲနဲကွဲပေမယ့် လုံလောက်တဲ့အကြောင်း။ မနှစ်ဇွန်လတုန်းက အမေရိကန်ဟာ အီရန်ရဲ့ နျူအစီအစဥ်အများစုကို ဖျက်ဆီး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း သိလာရတာက အီရန်က ပလန်ပြောင်းလိုက်ပြီး ပလန်အသစ်က ပဲ့ထိန်း၊ ခရုဇ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေ များနိုင်သလောက် များများထုတ်ပြီး စုဆောင်း သိုလှောင်ထားဖို့ ဖြစ်ပါတယ်။ အဲဒါတွေ လက်ထဲကိုင်ထားနိုင်ပြီဆိုတော့မှ အမေရိကန်ကို ငါတို့နျူအစီအစဥ်ပြန်စတော့မှာလို့ စိန်ခေါ်မှာ ဖြစ်ပါတယ်။ မင်းတို့ငါ့ကို ဗုံးကြဲမလား၊ ကြဲလေ၊ ငါတို့က အရှေ့အလယ်ပိုင်းတခွင် ပြာကျသွားအောင် များပြားလှတဲ့ ဒုံး/ဒရုန်းတွေနဲ့ ဖျက်ဆီးပစ်မယ်၊ ဒါနဲ့ ငါတို့ဒုံးတွေက ဘာလင်၊ လန်ဒန်၊ ပဲရစ်အထိပါ ရောက်နိုင်တယ်နော် လို့ ပြောနေသလိုပါပဲ။ ငါတို့က အဲဒီလိုအဖြစ်မခံနိုင်တာကြောင့် လက်ဦးအောင် တိုက်လိုက်ရတာပါလို့ ပြောသွားပါတယ်။