Operation Epic Fury (64)

အမေရိကန်ရဲ့ ပိတ်ဆို့ထားမှုကြောင့် ဗိုက်နာလာပြီဖြစ်တဲ့ အီရန်ဟာ အရင်ကအမြဲတောင်းဆိုခဲ့တဲ့ ဆွေးနွေးပွဲတွေ ပြန်မစခင် ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရမယ်ဆိုတဲ့အချက်ကို ထပ်မံရှေ့တန်းတင် မလာတော့ပါဘူး။ ဒီနေ့မှာ အီရန်ဘက်က ၁၄ချက်ပါဝင်တဲ့ အဆိုပြုလွှာကို ပါကစ္စတန်ကတဆင့် ပေးအပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဆွေးနွေးပွဲတွေ ပြန်စချင်ပေမယ့် နျူကိစ္စကို ရွှေ့ဆိုင်းထားချင်သေးသလို ဒုံးကျည်တွေကိစ္စကိုလည်း ထည့်မပြောထားဘူးလို့ WSJ က တင်ပြထားပါတယ်။ အဆိုသစ်အရနျူကိစ္စကို ဆန်ရှင်ဖယ်ပေးဖို့နဲ့ အပေးအယူလုပ် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ သူတို့အဆိုကို ဆွေးနွေးဖို့ ဝါရှင်တန်က သဘောတူတယ်ဆိုရင် လာမယ့်အပတ် အစောပိုင်းမှာ အမေရိကန်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ပါကစ္စတန်ကနေတဆင့် ပြောကြားသွားပါတယ်။

အီရန်ဘက်က အခုလိုသဘောထားပြောင်းလဲလာတာဟာ ဒီတပတ်ထဲမှာ အီရန်စစ်စခဲ့တာ ရက် ၆၀ ကျော်သွားပြီ ဖြစ်လို့ ကွန်ဂရက်စ်ကို အစီရင်ခံရာမှာ ဟက်ဆက်သ်က အီရန်နဲ့ အပစ်ရပ်ဖို့ သဘောတူညီလိုက်ကြ ကတည်းက အီရန်အပေါ် စစ်ဆင်ရေး ပြီးဆုံးသွားခဲ့ပြီလို့ ပြောခဲ့ပြီး မကြာခင်မှာဖြစ်ပါတယ်။

ဥပဒေအရ လိုအပ်တဲ့ ရက် ၆၀ ဆိုတာဟာ ဆက်တိုက်တိုက်နေမှဖြစ်ပြီး အပစ်ရပ်လိုက်ကြတယ်ဆိုရင် အဲဒီနောက်ပိုင်းအချိန်က အကျုံးမဝင်တော့ဘူးလို့ ဆီးနိတ် Armed Services Committee မှာ ပြောခဲ့တာပါ။ အပစ်ရပ်ကာလဟာ စစ်ကာလလို့ သတ်မှတ်လို့မရပဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတဲ့ ကာလလို့ သတ်မှတ်ကြောင်း လွှတ်တော်စပီကာ မိုက်ခ်ဂျွန်ဆန်ကလည်း ပြောသွားပါတယ်။

လွှတ်တော်ဒီမိုကရက်တွေက စွပ်စွဲကြတဲ့ ၂လအတွင်း ၂၅ဘီလီယံ ကုန်ကျတယ်ဆိုတာလည်း အရင် ရေးခဲ့ဖူးသလိုပါပဲ၊ မတိုက်ခဲ့ရင် ဖြစ်လာနိုင်တဲ့ အနာဂတ်ဆုံးရှုံးမှုတွေ၊ တိုက်လိုက်လို့ ရလာတဲ့ အတွေ့အကြုံတွေနဲ့ ချိန်ကြည့်ရပါမယ်။ ဒီပမာဏထက် ၁၀ဆ အဆ ၂၀လောက် ခိုးနေကြတာကို အသံမထွက်ကြတော့ သူတို့ရဲ့ ချိန်ခွင်က ဘယ်ဘက်မှာလဲလို့ မေးရမှာပါပဲ။

ဘိုင်ဒန်အာဖဂန်ကနေ တပ်ရုပ်တုန်းက ထားခဲ့တဲ့ တိုက်ရဟတ်ယာဥ်တွေ၊ ဟမ်းဗီး ၁၂,၀၀၀ အပါအဝင် စစ်ယာဥ် ၄သောင်းနဲ့ ၈ဘီလီယံကျော်ဖိုး တာလီဗန်နဲ့ တရုတ်အတွက် အလကားထားခဲ့တာရယ်၊ ဆူဆိုက်ဗုံးနဲ့ စစ်သည် ၁၃ဦး သေခဲ့တာတွေက ဘာရည်ရွယ်ချက်မှ မအောင်မြင်ပဲ အချည်းနှီး သေရ ဆုံးရှုံးရတာတွေပါ။ အဲဒီတုန်းက အိုခေပြီး အခုမှ မအိုခေတာက ဓမ္မဒိဌာန်နဲ့ မကြည့်ကြလို့ပါ။ နျူခြိမ်းခြောက်မှုကနေ စစ်ပွဲရည်ရွယ်ချက်က ပြောင်းမသွားတာ ဆွေးနွေးပွဲသတင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ မီဒီညာပဲကြည့်ပြီး ဇွတ်ငြင်းနေရင်တော့လည်း ကြိုက်လို့စားတယ်ပဲ မှတ်ပါမယ်။

နောက်ဆုံးဆွေးနွေးပွဲအစီအစဥ်တွေမှာ ဘေးဖယ်ထားခြင်းခံခဲ့ရတယ်လို့ဆိုကြတဲ့ အီရန်လွှတ်တော် ဥက္ကဋ္ဌ ဂါလီဘတ်ဖ်ကတော့ ဟော်မုဇ်ကို အမေရိကန်မပါပဲ စီမံနိုင်မယ့် management model သစ် တခုကို မိတ်ဆက်ပေးဖို့ တီဟီရန်မှာ အစီအစဥ်တွေရှိတယ်လို့ X မှာ ရေးသွားပါတယ်။ National Persian Gulf Day အတွက် ရေးတဲ့ထဲမှာ အီရန်နဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ အမေရိကန်ရှိနေစရာ/ စွက်ဖက်စရာ မလိုပဲ စီမံနိုင်ကြောင်း၊ ၁၆၂၂ခုနှစ်တုန်းကလည်း ဥရောပအင်အားကြီးတွေကို တိုက်ထုတ်ခဲ့တဲ့ အစဥ်အလာ ရှိခဲ့ကြောင်း ရေးသွားပါတယ်။ AI နဲ့ရှာကြည့်လိုက်တော့ ပါးရှန်းတွေဟာ ဟော်မုဇ်ကို ပေါ်တူဂီဆီက ပြန်လည်ရယူနိုင်ခဲ့တယ်ဆိုပေမယ့် အင်္ဂလိပ်သင်္ဘောတွေရဲ့ အကူအညီနဲ့ပါ။

ဗုဒ္ဓဟူးနေ့တုန်းက ဂါလီဘတ်ဖ်က ပြည်တွင်းမှာ ရေဒီယိုကနေ ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းမှာတော့ အမေရိကန်ဟာ စစ်ကို အသွင်ပြောင်းပြီး စီးပွားရေးဖိအား၊ မီဒီယာကမ်ပိန်း၊ ရေတပ်ပိတ်ဆို့မှုတို့နဲ့ ပြည်တွင်းကနေ ချိနဲ့အောင် ပြိုလဲအောင်အထိ လုပ်ဆောင်လာနေကြောင်း ပြောသွားပါတယ်။

International Affairs analyst Ali Bigdeli က ပြည်သူတွေက ကုန်ဈေးနှုန်းကြီး၊ ပစ္စည်းရှားတဲ့ အခြေအနေမှာ စိတ်ပန်း လူပန်းနဲ့ မငြိမ်မသက် ဖြစ်နေကြပြီဖြစ်ကြောင်း၊ ရေတပ်ပိတ်ဆို့တာ စစ်တိုက်တာထက် အန္တရာယ် ပိုကြီးနိုင်ကြောင်း၊ တာဝန်ရှိသူတွေက ဝါရှင်တန်နဲ့ မြန်မြန် ဆွေးနွေးသင့်ကြောင်း၊ ကိုယ့်ဖက်က သိပ်တင်းမာမနေပဲ ပြုလွယ်ပြင်လွယ်တာကို ပြသဖို့လိုကြောင်း၊ နျူကိစ္စ အချို့အပိုင်းတွေ ခေတ္တရပ်ရမယ်ဆိုတာလည်း ပါဝင်ကြောင်း၊ ကိုယ့်ဖက်က ဘာမှ လိုက်လျောမှုမရှိခဲ့လျင် ပိုခက်ခဲရှုတ်ထွေးတဲ့ လူမှုရေး နိုင်ငံရေးသက်ရောက်မှုတွေ ပြည်တွင်းမှာ ဖြစ်လာနိုင်ကြောင်း သတိပေးသွားပါတယ်။

အစိုးရထောက်ခံသူတွေကြားမှာတော့ အပစ်ရပ်ကာလဟာ သူတို့အတွက် အောင်ပွဲလို ယူဆနေကြပေမယ့် စီးပွားရေးအခြေအနေတွေ ဆိုးလာတဲ့အခါ သူတို့တွေရဲ့ သစ္စာခံမှုက ဘယ်လောက်ထိ တောင့်ခံထားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။ အစ္စလာမ္မစ်အစိုးရကို အမာခံထောက်ခံတာ မဟုတ်သူတွေကတော့ အခုလို စီးပွားရေးအခြေအနေမှာ အတိုက်အခံဘက်ကို ရောက်ရှိသွားနိုင်ပါတယ်။ အမာလိုင်းသမားတဦးဖြစ်တဲ့ Ali Gholhaki က စီးပွားရေးစစ်ဆင်မှုဟာ စစ်ပွဲရဲ့ ခွဲမရနိုင်တဲ့ အစိတ်အပိုင်းတခုပဲဖြစ်လို့ လူထုကို မဆုံးရှုံးခင် ပလန်အသစ် လာမှရမယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က ရေဆိုးမြောင်းထဲက ကြွက်တွေဟာ အပြင်လောကမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို သိနိုင်ဖို့ ခက်ပါတယ်၊ အမှောင်ထဲမှာနေနေတော့ လက်တွေ့မှာ

၁။ အမေရိကန်က ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားတာ

၂။ သူတို့မှာ အမေရိကန်ဒေါ်လာလို ငွေမာ ရှားပါးနေတာ

၃။ အစားအစာနဲ့ ဓါတ်ဆီတောင် ရာရှင်နဲ့ ပေးနေရတာ

၄။ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက မင်းတို့ဘက်မှာ မရပ်တာ

၅။ စစ်မစခင်ကလို ဟော်မုဇ်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တာမျိုး မဖြစ်နေသေးသ၍ အမေရိကန်ပိတ်ဆို့မှုက ဆက်ရှိနေမှာ စတာတွေကို သိနိုင်စွမ်း ရှိမနေသလိုပါပဲ လို့ ပြောသွားပါတယ်။

အီရန်ပြည်သူတွေဟာ Islamic Republic လို ခြစား လူလိမ်အစိုးရ အလွန်မှာ ခေတ်သစ်ကို ရဖို့ ထိုက်တန်တယ်လို့ ပြောသွားပါတယ်။ အမေရိကန်ရဲ့ economic fury / max pressure campaign အောက်မှာ အီရန်ရဲ့ ငွေတန်ဖိုးလည်း သုညသာသာပဲရှိပြီး တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေနံထုတ်လုပ်ရေး လုပ်ငန်းတွေကလည်း ပိတ်သိမ်းရတော့မလို ဖြစ်နေပါပြီ။ ပြည်သူတွေက ဒီထက်အများကြီးပိုပြီးကောင်းတာနဲ့ ထိုက်တန်ပါတယ်လို့လည်း စကော့ဘက်ဆန့်က ဆိုပါတယ်။

ပြည်ပရောက် အီရန်တွေနဲ့ အီရန်ဒဏ်ခံနေရတဲ့ နိုင်ငံတွေကလည်း IRGC ကို မရှင်းပဲ ပွဲပြီးသွားရင် အနှေးနဲ့အမြန် ဒုံရင်းပြန်ဖြစ်မှာကို စိတ်ပူနေကြပါတယ်။

Leave a comment