ဒီဆောင်းပါးက Charles Krauthammer မကွယ်လွန်မီ ၃လအလို ၂၀၁၈ မတ်လတုန်းက ဝါရှင်တန်ပို့စ်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။ Charles က အလယ်အလတ်လစ်ဘရယ်တဦးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ လွတ်လပ်သော ကွန်ဆာဗေးတစ်တဦးနဲ့ နိုင်ငံရေးဂုရုတဦး ဖြစ်လာခဲ့သူပါ။ သူဟာ ၁၉၈၇တုန်းက ဝါရှင်တန်ပို့စ်မှာ ရေးခဲ့တဲ့ ကော်လံကနေ ပူလစ်ဇာဆု ရရှိခဲ့ပါတယ်။ ဆောင်းပါးရှင်ဟာ ငယ်စဥ်က ဟားဗတ်မှာ ဆေးကျောင်း ပထမနှစ် တက်နေစဥ် ရေကူးကန်ထဲ ဒိုင်ဗင်ထိုးရင်း မတော်တဆဖြစ်ခဲ့လို့ အောက်ပိုင်းသေသွားခဲ့ပါတယ်။ ဆေးရုံမှာ ၁၄လ နေခဲ့ပြီးနောက် ဆေးကျောင်းကိုပြန်လာတက်ပြီး စိတ်ကုဆရာဝန် ဖြစ်လာခဲ့ပါတယ်။ သမ္မတကာတာ အစိုးရအဖွဲ့မှာ စိတ်ကုသုတေသနအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်လာပြီး နောက်တော့ ဒုသမ္မတ ဝေါ်လ်တာမွန်ဒေးလ် ရဲ့ မိန့်ခွန်းရေးသူ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ သူက ကော်လံစားနဲ့ နိုင်ငံရေးဝေဖန်သူ အဖြစ် စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ သူနာမည်ရတာက နိုင်ငံခြားရေးပေါ်လစီနဲ့ ပတ်သက်တာတွေမှာပါ။
သူ့ရဲ့ သမ္မတထရမ့်အပေါ် အမြင်က သူများနဲ့ မတူပါဘူးလို့ စဖွင့်ထားပါတယ်။ ထရမ့်က လစ်ဘရယ် မဟုတ်သလို ကွန်ဆာဗေးတစ်လည်း မဟုတ်ပါဘူး။ သူက လက်တွေ့သမားဖြစ်တဲ့ Pragmatist ပါ။ လက်တွေ့သမားဆိုတာက ရည်ရွယ်ချက်ကိုရောက်ဖို့ပဲ အာရုံထားတဲ့အတွက် အရာရာကို တည့်တည့်၊ လက်တွေ့ကျကျ ချဥ်းကပ်ပြီး စိတ်ခံစားချက်တွေနဲ့ ရောထွေးမပစ်တတ်ပါဘူး။
သူက မကြာသေးခင်က မိတ်ဆွေတဦးအိမ်မှာ အခြားသောမိတ်ဆွေတွေစုပြီး ဟောလီးဒေးဒင်နာ စားကြပါတယ်။ အဲဒီမှာ ပြောဖြစ်ကြတဲ့ စကားတွေက ရှေးဟောင်းဖန်ခွက်လို ကြွေပန်းကန်လိုကစလို့ ဘုရား တရားအကြောင်းကနေ နိုင်ငံရေးအထိ အစုံပါပဲ။ တခါမှာတော့ တဦးက ထရမ့်ဟာ ကွန်ဆာဗေးတစ်လို့ ပြောလိုက်ပါတယ်။ အဲဒါကို သူက ထရမ့်ဟာ ကွန်ဆာဗေးတစ် မဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
သူက ထရမ့်ဟာ ကွန်ဆာဗေးတစ်လို့ မမြင်သလို ထရမ့်ကိုယ်ထရမ့်လည်း ကွန်ဆာဗေးတစ်လို့ မြင်မှာ မဟုတ်ပါဘူး၊ သူ့အမြင်မှာ ထရမ့်က လက်တွေ့သမားပါ။ ထရမ့်က ပြဿနာတခုကို မြင်တယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းရမယ်လို့ နားလည်ထားသူပါ။ ထရမ့်ရဲ့အမြင်မှာ ပြဿနာက လစ်ဘရယ်ပြဿနာ မဟုတ်သလို ကွန်ဆာဗေးတစ်ပြဿနာလည်း မဟုတ်ပါဘူး။ ပြဿနာက ပြဿနာပါပဲ။ တကယ်တော့ ဒီလိုအရည်အသွေးကို ဝိုင်းရှုတ်ချကြမယ့်အစား လေးစားချီးမြှောက်ရမှာပါ။
ပြဿနာတခုကို လစ်ဘရယ်ရှုထောင့်ကနေ ကြည့်ရင် ပြဿနာတွေ အများကြီး ပိုဖြစ်လာမယ်၊ ဝဲလ်ဖဲတွေ ဘာရပိုင်ခွင့် ညာရပိုင်ခွင့်စတဲ့ entitlement program တွေ တိုးလာမယ်၊ victim တွေ များလာမယ်၊ အစိုးရ ယန္တရားကြီး ကြီးလာမယ်၊ နိုင်ငံရေးအရ စကားလုံးတောင် အမှားမခံတဲ့ political correctness တွေ တိုးလာမယ်၊ အလုပ်လုပ်တဲ့ လူတန်းစားအပေါ် စီးပွားရေးအရ တိုက်ခိုက်မှုတွေ အလွှာပေါင်းစုံမှာ ဖြစ်ပေါ်လာပါမယ်။
ပြဿနာတွေကို ရီပါဘလစ်ကန်ကွန်ဆာဗေးတစ်လို့ ခေါ်ကြတဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အသုံးစားရိတ်တွေ ထပ်တိုးမယ်၊ အမေရိကန်အကျိုးစီးပွားတွေ ယုတ်လျော့ပြီး ကမ္ဘာ့ရွာအရေးကို ရှေ့တန်းတင်လာမယ်၊ တကယ့်ပြဿနာတွေ ရှိနေတာကို မရှိသလို ငြင်းဆိုနေပြီး ပျော့ညံ့၊ ထိရောက်မှု မရှိတဲ့ ရေမြွေလိုခေါင်းဆောင်မှုနဲ့ ကိုယ့်အရိပ်တောင် ကိုယ်ပြန်ကြောက်နေရတဲ့ ခေါင်းဆောင်တွေ ဖြစ်လာပါမယ်။ တိုတိုပြောရရင် (ထရမ့်မတိုင်ခင်က) ရီပါဘလစ်ကန်တွေဟာ ဒီမိုကရက်တွေနဲ့ ပါတီနာမည်/ မြည်း/ဆင်ပဲကွဲပြီး ကျန်တာ ဘာမှ သိပ်မကွာတော့ပါဘူး။ (ဒါကြောင့်လည်း ဘုရှ်တို့က ထရမ့်နဲ့စာရင် ဒီမိုကရက်တွေနဲ့ ပိုလုံးတာဖြစ်ပါတယ်။)
Immigration ကိုကြည့်ရင် အဲဒါဟာ ရီပါဘလစ်ကန်ပြဿနာမဟုတ်သလို လစ်ဘရယ်ပြဿနာလည်း မဟုတ်ပါဘူး။ အဲဒီပြဿနာက အမေရိကန်ပြည်ထောင်စုတခုလုံးကို ယှက်ဖြာထိန်းကျောင်းနေတဲ့ အခြေခံအဆောက်အဦကို ခြိမ်းခြောက်နေတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျကျ ချဥ်းကပ်ဖို့ လိုပါတယ်၊ နောက်တဖွဲ့၊ တပါတီကို ချွေးသိပ်စေရုံ ကျေနပ်စေရုံနဲ့ ပြဿနာက ရှင်းသွားမှာ မဟုတ်ပါ။
အလားတူပဲ တိုင်းပြည်စီးပွားရေး ပျက်ယွင်းလာတော့မယ့် အနေအထားဟာလည်း လစ်ဘရယ် ပြဿနာ မဟုတ်သလို ကွန်ဆာဗေးတစ်ပြဿနာလည်း မဟုတ်ပါဘူး။ အမေရိကန်တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ common sense approach ကျိုးကြောင်းဆီလျော်ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ချဥ်းကပ်တာမျိုးမလုပ်ခဲ့ရင် အဲဒီပြဿနာက ဘယ်တော့မှ ပျောက်ရှင်းသွားမှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ရီပါဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေက တနည်းပဲ သိတာဖြစ်ပြီး သူတို့ရဲ့ လက်တွေ့မကျတဲ့နည်းတွေကိုပဲ နှစ်ပေါင်းကြာရှည် အသုံးပြုနေတာက ရလာဒ်တွေ မမြဲ၊ မခံတာရဲ့ အကြောင်းရင်းဖြစ်နေလို့ပါ။
ဒေါ်နယ်ထရမ့်လိုမျိုး အောင်မြင်တဲ့စီးပွားရေးသမားကသာ ဘယ်နည်းက အလုပ်ဖြစ်မယ်ဆိုတာကို သိပြီး အလုပ်ဖြစ်မယ့်နည်းကို ဘာကြောင့်မှ အလျှော့ပေးမှာ မဟုတ်ပါဘူး။
တရုတ်က ငွေတန်ဖိုးကစားပြီး ကုန်သွယ်ရေး စီးပွားရေးမှာ အသာရအောင် လုပ်နေတာဟာ ရီပါဘလစ်ကန်ပြဿနာ မဟုတ်သလို ဒီမိုကရက်ပြဿနာမဟုတ်မှန်း ထရမ့်က သေချာနားလည်သူ ဖြစ်ပါတယ်။ အဲဒီပြဿနာက ငါတို့ရဲ့ ငွေကြေးစနစ် တည်ငြိမ်မှုကို ခြိမ်းခြောက်နေတာကိုသိသလို ပြဿနာကို ဖြေရှင်းဖို့ သင့်တော်တဲ့ မျှခြေတရပ် လိုအပ်တယ်ဆိုတာလည်း သဘောပေါက်ပါတယ်။
စီးပွားရေးလောကမှာက ပင်လယ်ထဲက လှိုင်းတွေ လေတွေလိုပဲ မမျှော်လင့်ထားတဲ့ အရာတွေနဲ့ အမြဲကြုံတွေ့နေခဲ့ရတော့ ဘယ်ကွေ့ကို ဘယ်တက်နဲ့လှော်ရင် အသင့်တော်ဆုံးဖြစ်မယ်ဆိုတာကို အတွေ့အကြုံအရ ကောင်းကောင်းသိပါတယ်။ ပါတီနိုင်ငံရေးသမားတွေနဲ့ မတူတာက ဒီနည်းဟာ အလုပ်မဖြစ်ဖူးဆိုရင် ထပ်ကို မသုံးတော့တာပါပဲ။ နိုင်ငံရေးသမားတွေကတော့ အလုပ်မဖြစ်တဲ့ နည်းတွေကိုပဲ နာမည်အသစ်လေးနဲ့ ထပ်ထုတ်သုံးပြီး တချိန်ချိန်ကျရင် အလုပ်ဖြစ်ကောင်းရဲ့လို့ မျှော်လင့်နေတတ်တာမျိုးလေ။
လက်တွေ့သမား ဒေါ်နယ်ထရမ့်ကတော့ မစားရ ဝခမန်း လူတိုင်း ဆဲလ်ဖုံးပိုင်ရမယ်တို့၊ အခမဲ့ ကောလိပ် ပညာရေးတို့၊ အမြန်စားဘာဂါဆိုင်မှာ တနာရီ $15 အနိမ့်ဆုံးလုပ်ခတို့လို အဓိပ္ပါယ်မရှိတဲ့ ကတိကဝတ်တွေကို မပေးပါဘူး။
ကျွန်တော်ကတော့ အမေရိကန်ဟာ ထရမ့်တို့လို လက်တွေ့သမားတွေကို လိုအပ်ပါတယ်။ အကြောင်း ကတော့ လက်တွေ့သမားက ပြဿနာတွေ့ရင် ဖြေရှင်းရမယ့်နည်းလမ်းတွေကိုပဲ ရှာဖွေပါတယ်။ ပြဿနာတခုကို ဖြေရှင်းဖို့ နောက်ထပ် ပြဿနာတွေ အများကြီး မဖန်တီးပါဘူး။
ခင်ဗျားကတော့ ထရမ့်ကို မကြိုက်တာဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့် တချို့လူတွေ သူ့ကို မကြိုက်ဘူး ဆိုတာက
၁။ သူက အရင်လူတွေလို နောက်ကွယ်မှာ အပေးအယူတွေနဲ့ အိတ်ဖောင်းအောင်လုပ်ပြီး ရှေ့မှာ လူလိမ္မာလေးလို လေသံချိုပြနေတဲ့ ပုံစံနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ။
၂။ လူတွေက နောက်ကွယ်က အလှူရှင်တွေရဲ့ ကြိုးကိုင်မှုမှ လွတ်ကင်းသူ သမ္မတတယောက် သူ့စိတ်ထဲ ရှိတဲ့အတိုင်း လက်တန်းပြောတဲ့ပုံစံကို အသားမကျနေတာ။
၃။ သူက ဘာနိုင်ငံရေးအယူဝါဒကိုမှ တရားသေဆုတ်ကိုင်မထားတာ။
၄။ သူက သူ့စိတ်အစဥ်မှာ ပေါ်လာတဲ့အတိုင်း ပြောတယ်၊ ဒဲ့ပြောတယ်၊ နိုင်ငံရေးသမားတွေလို စကားလုံးကြီးကြီးလှလှတွေ မသုံးပဲ လူတိုင်းနားလည်တဲ့ စကားလုံးတွေနဲ့ ပြောတယ်၊ အဲဒီလို ပြောတဲ့အပေါ်မှာလည်း အားတုံ့အားနာ မဖြစ်ဘူး။ အဲဒီလို ပြောတာကိုက သူ့ကို great communicator ဖြစ်စေတာပါ၊ သူက သူလုပ်ပေးမယ်ပြောထားရင် လုပ်ပေးတယ်လေ။ (သူ့ကို မုန်းနေတဲ့သူကတော့ ဘာစကားလုံး သုံးသုံး ဘာပြောပြော မုန်းမှာပါပဲ။)
၅။ သူက အမေရိကန်ပြည်ထောင်စုကို ပြန်ပြီး ကြီးကျယ်ခမ်းနားလာအောင်လုပ်ဖို့ အာပလာကတိတွေ၊ နိုင်ငံရေးအရ အမှားမပြောမိအောင် ရှောင်နေရတာတွေနဲ့ လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သူပါ။
ဟေလာရီကလင်တန်တို့ ဘာနီဆန်းဒါးစ်တို့ပြောတဲ့ အမေရိကန်ရဲ့ ပြဿနာတွေ ဖြေရှင်းမယ်ဆိုတဲ့ အပြောတွေကို နားထောင်ရင် အရူးနှစ်ယောက် တယောက်နဲ့တယောက် ဘယ်သူပိုရူးသလဲဆိုတာ ပြိုင်နေသလိုပါပဲ။ ဂျက်ဘ်ဘုရှ်၊ ဂျွန်ကာဆစ်နဲ့ မာကိုရူဘီယိုတို့ကျတော့ ဘဏ်လုပ်ငန်းရှင်တွေ၊ ကော်ပိုရေးရှင်းကြီးတွေက သူတို့ကမ်ပိန်းတွေကို အချီကြီး လှူထားကြတာ၊ ဘုရှ်ကတော့ ငြင်းမှာပေါ့၊ ဒါပေမယ့် သန်းဆယ်ချီပြီး လှူတယ်ဆိုကတည်းက တခုခုမျှော်လင့်ထားလို့ဆိုတာ သိပ်စဥ်းစားစရာ လိုတာမှမဟုတ်တာ။
တို့တိုင်းပြည်မှာ ဒီမိုကရက်တွေ ရီပါဘလစ်ကန်တွေ အယူဝါဒတွေ တလှည့်စီ ကျင့်သုံးခဲ့ကြတာပဲလေ၊ ပြည်သူတွေ ဘာရသလဲ။ ငါတို့က အရင်ကထက် ပိုအဆင်ပြေလာသလား၊ ပိုခက်ခဲသွားသလား။ ညတွင်းချင်း ပြောင်းလဲသွားတာမျိုးလား၊ နှစ်ပါတီက တလှည့်စီ အုပ်ချုပ်ရင်း တဖြည်းဖြည်းချင်း ကျဆင်းလာတာလား။
ကျွန်တော့အနေနဲ့ကတော့ ခုအချိန် အမေရိကန်မှာ လက်တွေ့သမားတဦး လိုအပ်နေတယ်လို့ပဲ ပြောပါမယ်။ လူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာနဲ့ ထောင်လွှားမောက်မာတာနှစ်ခုကို မကွဲပဲ ရှုပ်ထွေးနေကြတယ်။ ဒါပေမယ့် ဘဝမှာ ကြီးကြီးမားမား အောင်မြင်မှုမရှိဖူးတဲ့လူတွေ၊ နိုင်ငံရေးသမားဆိုရင်လည်း ဘာပြဿနာမှ ရေရေလည်လည် မဖြေရှင်းဖူးသူတွေကတော့ အဲဒီလို ရှုပ်နေမှာပါပဲ။ ဘာလို့လဲဆိုတော့ “ပြဿနာတွေ ဖြေရှင်းဖို့လိုတယ်၊ ငါ့ကိုရွေးပါ၊ ငါဖြေရှင်းပေးမယ်” အဲဒီလိုမဲတွေတောင်းပြီး နောက်တော့ ဖြေရှင်းသွားတာလည်း မဟုတ်ပါဘူး။ (အိမ်ယာမဲ့ ပြဿနာလိုပေါ့၊ ဘတ်ဂျက်တောင်းကောင်း၊ ခိုးကောင်း ဆိုတော့ ပြဿနာက မွေးထားသလိုဖြစ်ပြီး ပိုကြီးလာတာပါပဲ။) ဖြေရှင်းဖို့ ကြိုးစားတော့မှ မဖြေရှင်းတတ်တာပေါ်ပြီး အရှက်ကွဲတာနဲ့ စာရင်လည်း လုပ်ချင်ယောင်ဆောင်လိုက်တာက တော်သေးတယ်လေ။
ထရမ့်က နိုင်ငံရေးလောကကို ဝင်လာပြီး သမ္မတဝင်ပြိုင်တယ်ဆိုတာ သူ့လုပ်ငန်းတွေကို ဒုက္ခပေးခံရဖို့ အများကြီးအန္တရာယ်ရှိပါတယ်။ (ခံလည်းခံခဲ့ရတာပါပဲ။ သူ့ဇာတိ သူသိပ်ချစ်တဲ့ နယူးယောက်က သူ့အိမ်မှာတောင် မနေနိုင်အောင်၊ စီးပွားမရှာနိုင်အောင် အလုပ်ခံခဲ့ရတာပါ။) သူက ဒီအလုပ်ကို မလိုအပ်ပါဘူး၊ (ဒီလောက် အတိုက်အခိုက်ခံရတဲ့အလုပ်ကို) လိုလည်း မလိုချင်ပါဘူး။ ဒါပေမယ့် သူဟာ တိုင်းပြည်ကို သိပ်ချစ်သူဖြစ်တော့ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်တွေကို အောင်မြင်စေချင်ပါတယ်။ အဲဒါကြောင့်ပါ။
အမေရိကန်ပြည်ထောင်စုကို ဘုရားသခင် ကောင်းချီးပေးပါစေ။
- Dr. Charles